The Zoland Post – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ခေါင်းဆောင်တွေဟာ ဖေဖော်ဝါရီ ၂၇ ရက်က အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ NUGနဲ့ SRA တို့က ထုတ်ပြန်ပါတယ်။
ဒီတွေ့ဆုံမှုဟာ တော်လှန်ရေးအင်အားစုအချင်းချင်းကြား အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ ခိုင်မာတဲ့ညီညွတ်ရေးကို တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပြီး၊ အထူးသဖြင့် မဟာမိတ်တပ်ဖွဲ့တွေအကြား ဖြစ်ပွားတတ်တဲ့ ပဋိပက္ခတွေကို ညှိနှိုင်းဆွေးနွေးတဲ့နည်းနဲ့သာ ဖြေရှင်းသွားဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်၊ မွန်းလွဲပိုင်းမှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို NUG ဘက်က ဝန်ကြီးချုပ်ရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် ထိပ်တန်းဝန်ကြီးတွေ တက်ရောက်ခဲ့ကြပြီး SRA ဘက်ကတော့ ဦးဆောင်ကော်မတီဝင် ဆလိုင်းဝီလျံချင်းနဲ့ ခေါင်းဆောင်တွေ စုံလင်စွာ တက်ရောက်ခဲ့ကြတာပါ။
ဆွေးနွေးပွဲမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ရှင်းလင်းပြောကြားခဲ့သလို၊ နှစ်ဖက်ကြားမှာ မူဝါဒဆိုင်ရာ ကိစ္စရပ်တွေကိုပါ အပြန်အလှန် ညှိနှိုင်းခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
SRA အဖွဲ့ဝင် BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခကလည်း “NUG လက်အောက်ခံမဟုတ်တဲ့ တပ်တွေအပေါ် NUG ရဲ့ သဘောထားကို မေးမြန်းအတည်ပြုနိုင်ခဲ့သလို၊ အပြန်အလှန်အသိအမှတ်ပြုမှုနဲ့ ခိုင်မာတဲ့ ညီညွတ်ရေးကို အတူတည်ဆောက်ဖို့ သဘောတူခဲ့ကြတယ်” လို့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အခုတွေ့ဆုံမှုကနေတစ်ဆင့် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ SRA အကြား ဆက်လက်တွေ့ဆုံဆွေးနွေးသွားမယ့် ရှေ့လုပ်ငန်းစဉ်တွေကိုပါ ချမှတ်နိုင်ခဲ့ကြပြီး ဒါဟာ ရှေ့တန်းစစ်မျက်နှာပြင်က တပ်ဖွဲ့တွေနဲ့ နိုင်ငံရေးဦးဆောင်မှုပေးနေတဲ့ အစိုးရအကြား ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာဖို့ ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။
