The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၉ ရက်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က ကမ်းဖြူရွာမှာ အကြမ်းဖက်စစ်တပ်က ပြေးလွှားနိုင်စွမ်း မရှိတဲ့ အဘွားအို ၃ ဦးကို ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားတဲ့အပြင် နေအိမ် ရာနဲ့ချီကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒါ့အပြင် ဒေသခံပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့တုန်းက စစ်တပ်က ကမ်းဖြူရွာကို ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပြီး မတ်လ ၈ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ ရွာခံတွေက ရွာထဲကို ပြန်ဝင်ပြီး ရှင်းလင်းရေးတွေ လုပ်ကြပါတယ်။ အဲဒီလို ရှင်းလင်းရေးလုပ်နေတုန်းမှာပဲ စစ်တပ်က မီးရှို့သွားတဲ့ အထဲမှာ အသက်ကြီးပိုင်း အမျိုးသမီး ၃ ဦးရဲ့ ရုပ်အလောင်းတွေကို အရှင်လတ်လတ် မီးရှို့ခံထားရတဲ့ အနေအထားနဲ့ စိတ်မကောင်းဖွယ် တွေ့ရှိခဲ့ရတာပါ။
“အဲဒီ အမျိုးသမီး ၃ ဦးက အသက်အရမ်းကြီးနေပြီဆိုတော့ စစ်ခွေးတွေ ရွာထဲဝင်လာတဲ့အချိန်မှာ မပြေးနိုင်ဘဲ ရွာထဲမှာကျန်ခဲ့တာပါ။ သူတို့ကို စစ်ခွေးတွေက ရက်ရက်စက်စက် မီးရှို့သတ်သွားတာ။ သေဆုံးသူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ဖို့ ပြည်သူတွေက လုပ်ဆောင်နေတုန်းမှာတင် စစ်ခွေးတွေက အနီးနားက ကြီးကန်ရွာထဲကနေပြီး လက်နက်ကြီး ၅ လုံးနဲ့ လက်နက်ငယ် အချက်ပေါင်းများစွာ ပစ်ခတ်လို့ ပြည်သူတွေ အကုန်လုံး အသက်လုပြီး ပြန်ထွက်ပြေးခဲ့ရတယ်” လို့ ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ကျောက်ပန်းတောင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ကတည်းက စတင်ပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဆက်တိုက် မီးရှို့ဖျက်ဆီးနေတာ ဖြစ်ပါတယ်။
မတ်လ ၃ ရက်နေ့က စိတ္တိန်းတောင်ရွာက နေအိမ် (၂၀)၊ စိတ္တိန်းမြောက်ရွာက နေအိမ် (၄၀) နဲ့ ကူတောရွာက နေအိမ် (၂၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နောက်တစ်နေ့ မတ်လ ၄ ရက်နေ့မှာလည်း ဆိုင်ဂေါင်ရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး နေအိမ် (၅) လုံးကို မီးရှို့ခဲ့ပါသေးတယ်။
အဆိုးဆုံးကတော့ ဒီစစ်ကြောင်းဟာ စိတ္တိန်းမြောက်ရွာနဲ့ စိတ္တိန်းတောင်ရွာက ပြည်သူတွေ အပါအဝင် အနီးအနားကျေးရွာတွေက အပြစ်မဲ့ပြည်သူ (၃၀) ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါ့အပြင် မတ်လ ၇ ရက်နေ့မှာလည်း ထောက်ရှာရွာကို ထပ်မံဝင်ရောက်စီးနင်းပြီး နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိအချိန်အထိလည်း အဲဒီစစ်ကြောင်းဟာ ကျောက်ပန်းတောင်းမြို့နယ်ထဲက ကျေးရွာတွေကို ဆက်လက် စစ်ကြောင်းထိုး လှုပ်ရှားနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။
