The Zoland Post – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈

အီရန်မြို့တော် တီဟီရန်ရှိ အီရန်အထွက်အထိပ် ခေါင်းဆောင်ရုံးခန်းနဲ့ သမ္မတရုံး အပါအဝင် နိုင်ငံအနှံ့က စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို အစ္စရေးက ဒီကနေ့မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် သမ္မတဟောင်း အမာဒီနီဂျက်ရဲ့ နေအိမ်လည်း ထိမှန်ခဲ့ပြီး အီရန်တစ်ဝန်းမှာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ အမြင့်ဆုံးရောက်နေချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး အစ္စရေးဘက်ကတော့ အီရန်ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းတွေနဲ့ နီးကပ်တဲ့နေရာတွေမှာ မနေကြဖို့ ကြိုတင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုတွေဟာ မြို့တော်တီဟီရန်တင်မကဘဲ အစ်ဖာဟန်၊ ကွမ်၊ ကာရာနဲ့ ကာမန်ရှားမြို့တွေမှာရှိတဲ့ စစ်တပ်စခန်းတွေကိုပါ ပစ်မှတ်ထားခဲ့တာပါ။
ဒါ့အပြင် နိုင်ငံတောင်ပိုင်း ကီနာရတ်မှာရှိတဲ့ အီရန်ရေတပ် အဆောက်အအုံတွေနဲ့ ကာဒစ်ရှ်ဒေသ ကာမြရန်မြို့က အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) စခန်းတစ်ခုလည်း ဗုံးကြဲခံခဲ့ရတာကို ဗီဒီယိုမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
တီဟီရန်မြို့၊ နာမတ်ခ်ရပ်ကွက်က ထွက်ပေါ်လာတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သမ္မတဟောင်း အမာဒီနီဂျက် နေထိုင်တဲ့ အိမ်တစ်လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ပေမဲ့ သူကိုယ်တိုင် ထိခိုက်ဒဏ်ရာရသွားလား ဆိုတာကိုတော့ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာတော့ အီရန်ပြည်ထဲရေးဝန်ကြီးဌာနက အခြေအနေတွေကို ထိန်းသိမ်းဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို အသင့်ပြင်ခိုင်းထားသလို တစ်နိုင်ငံလုံးက ဆေးရုံတွေကိုလည်း အရေးပေါ် အသင့်အနေအထား ပြင်ဆင်ထားဖို့ ညွှန်ကြားထားပါတယ်။
အစ္စရေးရဲ့ ဒီစစ်ဆင်ရေးဟာ အီရန်ရဲ့ အချက်အခြာကျတဲ့ အဆောက်အအုံတွေကို ဘယ်လောက်ထိ ထိခိုက်စေမလဲဆိုတာ စိုးရိမ်မှုတွေ ရှိနေသလို၊ အီရန်ဘက်က ဘယ်လိုလက်တုံ့ပြန်မလဲဆိုတာကလည်း ဒေသတွင်းစစ်မီး ပိုမိုပြန့်နှံ့သွားဖို့ ရှိမရှိ အဆုံးအဖြတ်ပေးမယ့် အနေအထားမှာ ရှိနေပါတယ်။
#TheZolandPost #Iran #Israel #Tehran #MiddleEastConflict #BreakingNews #Ahmadinejad
Source: Intelligence Reports via Tehran Field Correspondents
