The Zoland Post | နိုဝင်ဘာလ ၂၅
ချင်းပြည်နယ်အလယ်ပိုင်း၊ မတူပီမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေနဲ့ ချိတ်ဆက်ပြီး ဒေသန္တရအုပ်ချုပ်ရေးကို လည်ပတ်နေပေမဲ့ ပြည်သူ့ဝန်ဆောင်မှု အများစုကိုတော့ ဒေသခံတွေကပဲ ကိုယ်ထူကိုယ်ထ ရုန်းကန်နေရပြီး တရားစီရင်ရေးကဏ္ဍနဲ့ တာဝန်ခံမှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားတွေ၊ ရေ၊ မီး စတဲ့ ကဏ္ဍတွေမှာ ဘယ်အဖွဲ့အစည်းကမှ အဓိက တာဝန်ယူဆောင်ရွက်တယ်ဆိုတာ မရှိပါဘူး။ မီးလည်း မရဘူး။ ကျွန်မတို့ရဲ့ ဖယောင်းတိုင်၊ ဒါပြီး ဆိုလာမီးပေါ့၊ ဒါတွေပဲ”
ဒါကတော့ ချင်းပြည်နယ်အလယ်ပိုင်း၊ မတူပီမြို့နယ်မှာ နေထိုင်တဲ့ ဒေသခံ အမျိုးသမီးတစ်ဦး ပြောပြတဲ့ မြေပြင်အတွေ့အကြုံ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတူပီမြို့နယ်မှာ အရင်က ရရှိခဲ့တဲ့ အစိုးရဝန်ဆောင်မှုတွေ ရပ်တန့်သွားခဲ့ပြီး ကြားကာလ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပေမဲ့၊ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ တိကျခိုင်မာတဲ့ အစိုးရယန္တရားပုံစံ မရှိသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဌာနဆိုင်ရာ ချိတ်ဆက်မှုနှင့် ကိုယ်ထူကိုယ်ထ ရုန်းကန်နေရသည့် ပြည်သူ့ဝန်ဆောင်မှု
မတူပီမြို့နယ်အတွင်း လက်ရှိ အုပ်ချုပ်ရေးနဲ့ ဝန်ဆောင်မှု ကိစ္စရပ်တွေမှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်မိရပ်ဖတွေက အဓိက ဦးဆောင်ဆုံးဖြတ်နေကြတာ ဖြစ်ပါတယ်။
မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးရဲ့ ပြောပြချက်အရ မြို့နယ်ပညာရေးဘုတ်အနေနဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အဓိက အခြေခံချိတ်ဆက် ဆောင်ရွက်နေသလို၊ စာသင်ကျောင်းတွေအနီး တပ်မစွဲထားရေးလို လုံခြုံရေးနဲ့ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ လိုအပ်သလို ပူးပေါင်းဆောင်ရွက်တယ်လို့ သိရပါတယ်။
မူဝါဒပိုင်းဆိုင်ရာ သဘောထားကွဲလွဲမှုတွေ ကြုံလာရင်လည်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့တည်းက ဆုံးဖြတ်တာ မဟုတ်ဘဲ စုပေါင်းဆုံးဖြတ်တဲ့ စနစ်နဲ့ သွားတယ်လို့ သူက ဆိုပါတယ်။
“ကျွန်တော်တို့ မြို့နယ်ပညာရေးဘုတ်အနေနဲ့ အဓိက ဒီ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးကို ချိတ်ဆက်ဆောင်ရွက်တာတွေ ရှိပါတယ်။ ပြီးမှ ဒေသကာကွယ်ရေးအဖွဲ့တွေကတော့ လိုအပ်ရင်လိုအပ်သလို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိတယ်။ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ အစည်းအဝေးများကို ခေါ်ယူပြီး ဌာနဆိုင်ရာရဲ့ ဆုံးဖြတ်ချက်ကိုပဲ အတည်ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့က မြင်ပါတယ်” လို့ အဆိုပါ ပညာရေးဘုတ်အဖွဲ့နဲ့ နီးစပ်သူက ရှင်းပြပါတယ်။
မြေပြင်က ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝမှာတော့ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝန်ဆောင်မှုတွေဟာ အကန့်အသတ်နဲ့သာ ရှိနေပါတယ်။ မတူပီဒေသခံ အမျိုးသမီးတစ်ဦးက လမ်းတံတားနဲ့ ရေ၊ မီး ကိစ္စတွေကို အုပ်ချုပ်ရေးအဖွဲ့ဘက်က နည်းနည်းပါးပါး ပြင်ဆင်ပေးတာ ရှိပေမဲ့၊ ပညာရေးနဲ့ ကျန်းမာရေး အပါအဝင် ကဏ္ဍအများစုမှာတော့ အခြားချင်းပြည်နယ်မြို့နယ်တွေလိုပဲ ရပ်ရွာပြည်သူတွေကပဲ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေရတာ များတယ်လို့ ပြောပါတယ်။
အခြား မတူပီဒေသခံ ပြည်သူတစ်ဦးကတော့ လမ်းတံတား၊ ရေ၊ မီးနဲ့ ကျန်းမာရေးလို အရေးကြီးကိစ္စတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်မိရပ်ဖတွေက ဆုံးဖြတ်တာဝန်ယူနေကြပြီး သူတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ ပြည်သူလူထုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
“အဓိက မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ ဒီ ရပ်မိရပ်ဖတွေပေါ့နော်၊ သူတို့ရဲ့ ဆုံးဖြတ်ချက် အားလုံးကတော့ ပြည်သူတွေအတွက်တော့ အရမ်း ထိရောက်မှု၊ အကျိုးသက်ရောက်မှု ရှိတယ်ပေါ့နော်။ ဆိုးသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေပေါ့လေ” လို့ သူက ပြောပါတယ်။
အသက် ၁၆ နှစ်မှ ၃၅ နှစ်ကြား တပ်သားစုဆောင်းမှုနှင့် ကျောင်းသားငယ်များ ပြန်လွှတ်ပေးရမှု
ဒေသန္တရအုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးကဏ္ဍမှာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ နောက်ထပ် အရေးကြီးကိစ္စတစ်ခုကတော့ တပ်သားသစ် စုဆောင်းရေးပဲ ဖြစ်ပါတယ်။
မတူပီဒေသခံ အမျိုးသမီးရဲ့ ပြောပြချက်အရ ဒေသတွင်းမှာ တစ်အိမ်ကို တစ်ယောက် မဖြစ်မနေ လိုက်ပါရမယ်ဆိုပြီး အတင်းအကျပ် ဖိအားပေး စုဆောင်းတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ တော်လှန်ရေး လိုအပ်ချက်အရ အသက် ၁၆ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို တပ်သားအဖြစ် စုဆောင်းနေပြီး၊ တစ်ခါတလေမှာ အသက် ၁၅ နှစ်အောက် ကျောင်းသားငယ်တချို့ ပါသွားတာမျိုး ရှိတယ်လို့ သူက ဆိုပါတယ်။
“၁၆ နှစ်နဲ့ ၃၅ နှစ်ကြားကျတော့ စုဆောင်းပါတယ်။ ၁၅ နှစ်အောက်တွေ ကျောင်းသားလေးတွေ တချို့တလေတော့ ပါပါတယ်။ ဒါတွေကို အုပ်ထိန်းသူနဲ့ ကျောင်းတာဝန်ရှိသူတွေက ပြန်လည်လွှတ်ပေးဖို့ ပြောတဲ့အခါ သူတို့ဘက်ကလည်း ဖြေလျှော့ပေးတာတွေ၊ လိုက်လျောပြီးတော့ ပြန်ပေးတာတွေ ရှိပါတယ်” လို့ အဆိုပါ ဒေသခံအမျိုးသမီးက ပြောပြပါတယ်။
တရားရေးယန္တရား ကင်းမဲ့မှုနှင့် အုပ်ချုပ်ရေးပိုင်း၏ တာဝန်ခံမှု အားနည်းချက်
မတူပီမြို့နယ်ရဲ့ လက်ရှိ အုပ်ချုပ်ရေးဖွဲ့စည်းပုံမှာ အရေးကြီးတဲ့ ကွက်လပ်တစ်ခုကတော့ တရားစီရင်ရေးကဏ္ဍ မရှိသေးတာပဲ ဖြစ်ပါတယ်။
ဒေသခံ အမျိုးသမီးကတော့ သူတို့ဒေသမှာ မြေယာအမှုအခင်းနဲ့ အငြင်းပွားမှု သိပ်မရှိတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့က အမှုအခင်းတွေကို မျှမျှတတ ဆုံးဖြတ်ပေးနိုင်ခြင်း ရှိ၊ မရှိ သူ့အနေနဲ့ မသိရဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ အခြား မတူပီဒေသခံ ပြည်သူတစ်ဦးကတော့ လက်ရှိ မတူပီမြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့သာ ရှိပြီး တရားရေးယန္တရား မရှိသေးဘူးလို့ ထောက်ပြပါတယ်။
ဒါ့အပြင် လက်ရှိ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတာ မဟုတ်ဘဲ ကာလလိုအပ်ချက်အရ ဖွဲ့စည်းထားကြတာ ဖြစ်တဲ့အတွက် ပြည်သူအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေတယ်လို့ အဆိုပါ ဒေသခံက ဆိုပါတယ်။
အုပ်ချုပ်ရေးပိုင်းက မှားယွင်းမှုတစ်ခုခု ဖြစ်ပေါ်ခဲ့ရင် တာဝန်ယူ တောင်းပန်တာနဲ့ ပြန်လည်ဖြေရှင်းပေးတာမျိုး သိပ်မကြားရဘူးလို့ သူက အခုလို ပြောပါတယ်။
“လောလောဆယ် ဒီကြားကာလမှာ ပြည်သူကနေ ရွေးချယ်ထားတဲ့ အုပ်ချုပ်ရေးဆိုတာ မရှိဘူး။ ပြည်သူကို တာဝန်ခံပြီးတော့ ဖွဲ့စည်းတဲ့ အုပ်ချုပ်ရေးဆိုတာလည်း မရှိပါဘူးပေါ့နော်။ အကုန်လုံးက ဒီလိုအပ်ချက်အရသာ ဖွဲ့စည်းကြတဲ့ အုပ်ချုပ်ရေးတွေ ဖြစ်တယ်။ သူတို့ လုပ်လိုက်တဲ့ အမှားအယွင်း တစ်ခုခု၊ ပြဿနာဘာညာ ဖြစ်လာပြီဆိုရင်လည်း သူတို့က ကောင်းကောင်း တာဝန်မခံချင်ဘူးပေါ့လေ။”
အဲဒီလို အမှားအယွင်း ထောက်ပြမှုတွေအပေါ် ကောင်းမွန်စွာ လက်မခံဘဲ ဒေါသထွက်တုံ့ပြန်တတ်ကြတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ သတင်းမီဒီယာတွေကြားမှာ တိကျတဲ့ မူဝါဒ (Policy) တွေ ရှိဖို့ လိုအပ်နေတယ်လို့လည်း သူက အကြံပြုထားပါတယ်။
အတည်ပြုနိုင်သည့် အချက်များနှင့် တာဝန်ရှိရုံး၏ ငြင်းဆိုမှု
မေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ မတူပီမြို့နယ်မှာ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရှိနေပြီး ဌာနဆိုင်ရာတွေ၊ ရပ်မိရပ်ဖတွေနဲ့ ချိတ်ဆက်လည်ပတ်နေပေမဲ့ ပညာရေး အပါအဝင် အခြေခံ ပြည်သူ့ဝန်ဆောင်မှု အများစုကိုတော့ ပြည်သူတွေ ကိုယ်ထူကိုယ်ထ ရုန်းကန်နေရတယ်ဆိုတာကို အတည်ပြုနိုင်ပါတယ်။
ဒေသခံတွေ ထောက်ပြထားတဲ့ အခြေခံ ပြည်သူ့ဝန်ဆောင်မှု လိုအပ်ချက်တွေ၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေ၊ ရှေ့လုပ်ငန်းစဉ်တွေနဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခြေအနေတွေ မေးမြန်းဆွေးနွေးဖို့အတွက် သက်ဆိုင်ရာ မတူပီမြို့နယ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ထံ The Zoland Post က ဆက်သွယ်ခဲ့ပေမဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဘက်က ဦးဆောင်အဖွဲ့ဖြစ်တဲ့ CPU/CPA ရဲ့ ခွင့်ပြုချက် မရှိဘဲ အင်တာဗျူး ဖြေကြားခွင့် မရှိကြောင်း အကြောင်းပြန်ပြီး ဖြေကြားဖို့ ငြင်းဆိုထားပါတယ်။
တာဝန်ရှိသူဘက်က ဖြေကြားမှု မရှိသေးတဲ့အတွက် မတူပီမြို့နယ်အတွင်း လမ်းတံတား၊ ရေ၊ မီးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေအတွက် ဘတ်ဂျက်နဲ့ စီမံချက် ဘယ်လိုထားရှိသလဲ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ တပ်သားစုဆောင်းမှုထဲ မပါဝင်စေဖို့ ဘယ်လို စိစစ်ကြပ်မတ်နေသလဲ ဆိုတာနဲ့ မြို့နယ်အတွင်း တရားစီရင်ရေး ယန္တရားနဲ့ ပြည်သူ့တိုင်ကြားမှု ဖြေရှင်းရေးစနစ် တည်ဆောက်ဖို့ ဘယ်လို စီစဉ်ထားသလဲဆိုတဲ့ အချက်တွေကိုတော့ သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
အယ်ဒီတာအဖွဲ့၏ ဆောင်ရွက်ချက်နှင့် စာဖတ်သူများ ပါဝင်နိုင်မှု
The Zoland Post သတင်းဌာန အနေနဲ့ မတူပီမြို့နယ် ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့အား မေးမြန်းခွင့် ရရှိရေးအတွက် သက်ဆိုင်ရာ CPU/CPA ဗဟိုဦးဆောင်အဖွဲ့ထံ တရားဝင် ခွင့်ပြုချက်တောင်းခံစာ ပေးပို့သွားမှာ ဖြစ်သလို၊ အုပ်ချုပ်ရေးတာဝန်ရှိသူတွေဘက်က ပြန်လည်ဖြေကြားခွင့် (Right of Reply) အတွက်လည်း ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
ဒီဆောင်းပါးမှာ ဖော်ပြထားတဲ့ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့ မိမိတို့ရဲ့ အတွေ့အကြုံတွေ၊ မေးခွန်းတွေနဲ့ ပြန်လည်ရှင်းလင်းချက်တွေကို The Zoland Post ရဲ့ လူမှုကွန်ရက် စာမျက်နှာ Messenger နဲ့ တရားဝင် အီးမေးလ် လိပ်စာတွေကတစ်ဆင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
