The Zoland Post | မတ် ၈၊ ၂၀၂၆
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နယ်မြေဖြတ်ကျော် စက်သုံးဆီ သယ်ယူမှုကို ကန့်သတ်လိုက်တဲ့အပေါ် ချင်းပြည်နယ်အခြေစိုက် တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ပြည်သူတွေအကြား ၎င်း ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းထန်နေပါတယ်။

တော်လှန်ရေးအစိုးရဟု ခံယူထားသည့် အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံတော်အဆင့် ထိန်းညှိဖို့ ကြိုးစားတာမှန်ပေမဲ့၊ အခုလို ပြည်နယ်တွေရဲ့ လိုအပ်ချက်ကို ကြိုတင်ညှိနှိုင်းမှုမရှိဘဲ ကန့်သတ်လိုက်တာဟာ ဖက်ဒရယ်နိုင်ငံသစ် တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အပြန်အလှန်ယုံကြည်မှုကို ထိခိုက်စေတယ်လို့ ဒေသခံခေါင်းဆောင်တွေက ရှုမြင်နေကြပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ဖို့ ကြိုးပမ်းနေချိန်မှာ အစိုးရရဲ့ အခုလို ဗဟိုချုပ်ကိုင်မှုဆန်တဲ့ ထုတ်ပြန်ချက်ဟာ ဒေသန္တရအုပ်ချုပ်ရေး အခွင့်အာဏာနဲ့ ဖက်ဒရယ်အခြေခံမူတွေအပေါ် သွေဖည်နေတယ်လို့ ပြည်နယ်အခြေစိုက် စစ်ရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်မေးခွန်းထုတ်နေကြတာလည်း ဖြစ်ပါတယ်။

NUG ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်တဲ့ ညွှန်ကြားချက်အရ ထိန်းချုပ်နယ်မြေအတွင်း စက်သုံးဆီ အဝင်ကိုသာ ခွင့်ပြုပြီး တိုင်းနဲ့ ဖက်ဒရယ်ယူနစ် ဖြတ်ကျော် သယ်ယူမှုတွေကို နောက်ထပ် ညွှန်ကြားချက် မထွက်မချင်း လုံးဝ ခွင့်မပြုဖို့ ညွှန်ကြားထားတာပါ။ အထူးသဖြင့် ကချင်၊ ချင်းနဲ့ ရခိုင်ပြည်နယ်တွေကို ပို့မယ့် စက်သုံးဆီတွေကို NUG ရဲ့ ဖြတ်သန်းခွင့်ပါမှသာ ခွင့်ပြုဖို့ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်အပေါ် ချင်းတောင်ပိုင်း မြို့နယ် ၄ ခု ကိုယ်စားပြုအဖွဲ့ (CPU) ရဲ့ စစ်ဦးစီးချုပ် Ng’bu M’nai က “အခက်အခဲ ရင်ဆိုင်နေရတာချင်း အတူတူကို နိုင်ငံတော်အဆင့် မူဝါဒဆိုပြီး ပြည်နယ်တွေကို တားဆီးတာဟာ ဘာသဘောလဲ” လို့ ပြင်းထန်စွာ မေးခွန်းထုတ်ထားပါတယ်။
ထိုပြင် ရှေ့တန်းစစ်မြေပြင်အထိ ဒဏ်ရာရရဲဘော်တွေကို ကုသပေးနေတဲ့ ဒေါက်တာအေးငြိမ်းသူကလည်း “စကားလုံးတစ်လုံး၊ ထုတ်ပြန်စာတစ်စောင်နဲ့ ဖက်ဒရယ်တည်ဆောက်ရေး အိပ်မက်ဟာ ပျက်စီးသွားနိုင်တယ်” လို့ သတိပေးလိုက်ပြီး ထုတ်ပြန်ချက်မထုတ်ခင် ပြည်နယ်တွေကို အရင် ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ NUG ရဲ့ ဒီညွှန်ကြားချက်ဟာ မြေပြင်မှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကြား နားလည်မှုလွဲမှားတာနဲ့ ယုံကြည်မှု လျော့နည်းစေမယ့် အခြေအနေတွေကို ဖန်တီးနေသလို ဖြစ်နေတာကြောင့် NUG အနေနဲ့ မြေပြင်အဖွဲ့အစည်းတွေနဲ့ ဘယ်လို ပြန်လည် ညှိနှိုင်းမလဲဆိုတာက စောင့်ကြည့်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
