ချင်းပြည်နယ် မရာဒေသထဲမှာ အခုဆိုရင် အားလုံးနီးပါးက Starlink အင်တာနက်ကို အသုံးပြုနေကြပါပြီ။ အင်တာနက်ရလာတာနဲ့အမျှ ပြည်သူတွေအတွက် သတင်းအချက်အလက်တွေ ပိုမြန်လာသလို၊ မီဒီယာတွေအပေါ် မှီခိုယုံကြည်မှုကလည်း အရင်ကထက် ပိုများလာပါတယ်။
ဒါပေမဲ့ မီဒီယာတွေ များပြားလာတဲ့အချိန်မှာ သက်သေအထောက်အထားမဲ့ တစ်ဆင့်စကားတွေ ဖော်ပြတာနဲ့ လုံခြုံရေးထိခိုက်စေမယ့် သတင်းပေါက်ကြားမှုတွေကြောင့် မြေပြင်မှာ ဌာနချုပ်နဲ့ သင်တန်းကွင်းပါ ပြောင်းရွှေ့ခဲ့ရတဲ့အထိ အန္တရာယ်ကြီးမားတဲ့ အခြေအနေတွေ ရှိနေပါတယ်။
ဒီရုပ်သံမှာတော့ မရာဒေသရဲ့ လုံခြုံရေး၊ သတင်းမှားနဲ့ မီဒီယာပေါင်းကူး အခန်းကဏ္ဍကို မြေပြင်က တာဝန်ရှိသူတွေနဲ့ ဒေသခံတွေရဲ့ အသံတွေနဲ့အတူ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
မရာနယ်ထဲမှာ မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်း ပြုလုပ်နေချိန် လေကြောင်းဗုံးကြဲခံရတဲ့ ဖြစ်စဉ်တစ်ခု ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ သင်တန်းပြုလုပ်ရာ နေရာ၊ ပူးပေါင်းအဖွဲ့အစည်းနဲ့ ထိခိုက်ကျဆုံးသူ စာရင်းအတိအကျကို သက်ဆိုင်ရာအဖွဲ့ရဲ့ ခွင့်ပြုချက်မပါဘဲ မီဒီယာတချို့က သတင်းမှာဖော်ပြခဲ့ပါတယ်။
ဒါဟာ လုံခြုံရေးအန္တရာယ်ကို အလွန်ကြီးမားစေခဲ့တယ်လို့ MTC ကျန်းမာရေးနှင့် ပညာရေး အမှုဆောင်အတွင်းရေးမှူးက အခုလို ပြောပါတယ်။
“အရင်တစ်ခေါက်က ဟို လေယာဉ် လာကြဲသွားတယ် ကျွန်တော်တို့ မရာနယ်မှာပေါ့၊ ဆိုတော့ CBU/CPA နဲ့ ပေါင်းပြီးတော့မှ ဒီ မရာနယ်မှာ လုပ်နေပါတယ် ဆိုတဲ့ အတိုင်းအတာထိကို တချို့ မီဒီယာတွေ ဖော်ပြတာ ရှိတယ်။
ဆိုတော့ အဲ့ဒါက ဟို တအားကြီးကို ဘယ်လို ပြောမလဲ over လို့ ပြောမလား၊ ကြော်ငြာသွားသလို ဖြစ်သွားတယ်ဗျာ။ ဆိုတော့ နောက်ဆုံး ကျွန်တော်တို့မှာ ဘာ အခက်အခဲ ဖြစ်သွားသလဲ ဆိုတော့ အဲ့လို ဖြစ်ခြင်းအားဖြင့် ဌာနချုပ်ကိုပါ ရွှေ့လိုက်ရတယ်။လက်ရှိ လုပ်နေတဲ့ သင်တန်းကွင်းကိုပါ ကျွန်တော်တို့က ပြောင်းပြီးတော့မှ တခြား နေရာကို ပြန်ပြီးတော့မှ အသစ် အနေနဲ့ ပြန်လည် တည်… ဆိုတော့ ပြန်ပြီးတော့ ပြန်လည် တည်ဆောက်တဲ့ အတိုင်းအတာမျိုးမှာ တော်တော်တော့ risk က ကြီးတာပေါ့နော်။ ဆိုတော့ အဲ့လိုမျိုး အတိုင်းအတာ ထိတော့ မဖော်ပြသင့်ဘဲနဲ့ ဥပမာ မရာနယ်အတွင်းမှာ ဒါ သင်တန်းကွင်းကို ဗုံးလာကြဲသွားပါတယ်၊ လူ ဘယ်နှစ်ယောက် ကျတယ် ဆိုတာလောက် ဆိုရင်တော့ ဒါ တော်ပြီပေါ့။”
ဌာနချုပ်တင်မကဘဲ သင်တန်းကွင်းကိုပါ အရေးပေါ် ပြောင်းရွှေ့ပြီး နေရာသစ်မှာ ပြန်တည်ဆောက်ရတဲ့အတွက် လုံခြုံရေးအန္တရာယ် အလွန်ကြီးမားခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ထိခိုက်ကျဆုံးမှုတွေ ရှိတဲ့အခါ သက်ဆိုင်ရာ မိသားစုနဲ့ ကျေးရွာတာဝန်ရှိသူတွေဆီ အဖွဲ့အစည်းက အသိပေးပြီးသား ဖြစ်တဲ့အတွက် မီဒီယာတွေအနေနဲ့ နေရာ၊ ရွာနဲ့ လူအမည် အတိအကျတွေကို မဖော်ပြဘဲ ခြုံငုံသတင်းအတိုင်းအတာလောက်သာ ဖော်ပြသင့်တယ်လို့ သူက အကြံပြုပါတယ်။
လိုင်လင်းပီမြို့က ဒေသခံအမျိုးသားတစ်ဦးကလည်း မြေပြင်မှာ တာဝန်ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ တာဝန်ရှိသူတွေကို တိုက်ရိုက်မမေးမြန်းဘဲ အွန်လိုင်းပေါ်က ဆွေမျိုး၊ သူငယ်ချင်းနဲ့ လူငယ်တွေ ပြောသမျှကိုသာ ယူသုံးနေတဲ့အတွက် မြေပြင်မှာ ပြဿနာတွေ အများကြီး တက်ရတယ်လို့ အခုလို ထောက်ပြပါတယ်။
“တကယ်လို့ ရပ်ရေးရွာရေး မြေပြင် အခြေအနေကို သိချင်ရင်တော့ အဲ့ဒီ အုပ်ချုပ်ရေးမှူးတွေ မေးပေါ့။ အဲ့လို မဟုတ်ဘဲနဲ့ သူတို့က သူ့ဆွေမျိုးတွေ၊ သူ့သူငယ်ချင်းတွေကိုပဲ၊ သူ့ကလေးတွေ လိုင်းထိုင်တဲ့ လူတွေကို လျှောက်မေးလိုက်တော့ သူတို့ကလည်း ဘာမှ အဲ့ဒီ အုပ်ချုပ်ရေးရဲ့ လုပ်ငန်း ယန္တရားတွေကို နားမလည်တဲ့ လူတွေလည်း ရှိတော့ သူတို့က ထင်ရာကိုပဲ လျှောက်ပြောလိုက်တော့ အဲ့ဒါ အတည်ပြုပြီးသတင်းမီဒီယာ ကနေ အဲ့လို သတင်းတွေ ထုတ်ပြန်တော့ အမှားတွေ များပါတယ် ဆိုတာ ကျွန်တော့်အနေနဲ့တော့ မြင်တယ်။
” ဒါပေမဲ့ မြေပြင်က ပြည်သူတွေအတွက် နိုင်ငံရေးနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ကိစ္စရပ်တွေမှာတော့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဒေသခံပြည်သူကတော့ ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ မီဒီယာက ကြားခံပေါင်းကူးပေးတာကို ကြိုဆိုပေမဲ့ နိုင်ငံရေးနဲ့ လက်နက်ကိုင်ကိစ္စတွေမှာတော့ ကြောက်ရွံ့မှုကြောင့် အမှန်တိုင်း ပြောရဲကြမှာ မဟုတ်ဘူးလို့ သူကပြောပါတယ်။
အခြားတစ်ဖက်မှာလည်း မရာဒေသရဲ့ ဆေးဝါးပြတ်လပ်မှုနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေလို မြေပြင်က လူမှုအခက်အခဲတွေကို မီဒီယာတွေက လာရောက်မေးမြန်းတာဟာ အခုမှ ပထမဆုံး ကြုံဖူးတာဖြစ်တယ်လို့ မရာဒေသ CDM ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။
“အခု အချိန်ထိတော့ ကျွန်မကတော့ မမြင်သေးဘူးပေါ့နော်၊ အဲ့လိုမျိုးတစ်ယောက်ယောက် လာမေးမြန်းတာမျိုးတော့ ကျွန်မတို့ မကြုံဖူးသေးဘူး၊ ကျွန်မတို့က အခု ပထမဆုံးပေါ့နော်၊ ဆရာတို့ မေးတာ ပထမဆုံးပါပဲ၊ ဟုတ်။”
တစ်ဆင့်စကားတွေနဲ့ လုံခြုံရေးထိခိုက်စေမယ့် သတင်းပေါက်ကြားမှုတွေကို ရှောင်ရှားပြီး၊ မြေပြင်က တာဝန်ရှိသူတွေနဲ့ ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုအခက်အခဲတွေကို မှန်မှန်ကန်ကန် ချိတ်ဆက်ဖော်ပြပေးနိုင်မယ်ဆိုရင် မီဒီယာဟာ မရာဒေသအတွက် အားကိုးရတဲ့ ပေါင်းကူးတံတားတစ်ခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် မီဒီယာတွေရော ဆိုရှယ်မီဒီယာ အသုံးပြုသူတွေပါ ကိုယ့်ဒေသက သတင်းအချက်အလက်တွေကို တာဝန်ရှိသူတွေရဲ့ ပြောကြားချက်ကို နားထောင်ပြီးမှ အချက်အလက် မှန်မှန်ကန်ကန် သိရှိထားဖို့ လိုပါတယ်။
အဲဒီလို မှန်မှန်ကန်ကန် သိရှိပြီးမှ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းရေးသား မျှဝေကြမယ်ဆိုရင် အချင်းအချင်းကြား အငြင်းပွားဖွယ်ရာ ကိစ္စရပ်တွေလည်း နည်းပါးလာမှာ ဖြစ်ပါတယ်။
