The Zoland Post | နိုဝင်ဘာလ ၂၆
ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝနဲ့ ထန်တလန် မြို့နယ်သုံးခုအတွင်းက မရာဒေသမှာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ (မရာချာတာ)၊ အခွန်ဥပဒေနဲ့ စစ်မှုထမ်းဥပဒေတွေကို ပြဋ္ဌာန်းပြီး ကိုယ်စားလှယ် အဆင့်ဆင့်နဲ့ အုပ်ချုပ်ရေးဖော်ဆောင်နေပေမဲ့၊ လုံခြုံရေးအန္တရာယ်နဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုတွေကြောင့် မူဝါဒတွေဟာ မြေပြင်ပြည်သူတွေဆီ အပြည့်အဝ ရောက်ရှိနိုင်ဖို့ အခက်အခဲ ရှိနေဆဲဖြစ်ပါတယ်။
အထက်က မဲခွဲဆုံးဖြတ်လိုက်တဲ့ ကိစ္စတွေအပေါ် ပြည်သူတွေရဲ့ မေးခွန်းထုတ်နိုင်မှု အားနည်းနေချိန်မှာ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုနဲ့ လူထုပါဝင်ခွင့် ပိုမိုအားကောင်းလာဖို့ ဘာတွေ လိုအပ်နေသလဲ။
မရာဒေသ၊ ချင်းပြည်နယ် —
“နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ မီဒီယာကို ကျွန်တော်တို့ မသုံးတော့ဘူး။ လွယ်လွယ်လေး ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက် အန္တရာယ်ရှိတဲ့ ဟာတွေလည်း ရှိတာပေါ့နော်။ ပြီးတော့ ကျွန်တော်တို့မှာ တိုက်ခံအဖွဲ့လည်း နှစ်ဖွဲ့ရှိတယ်ဆိုတော့ အဲဒီလိုမျိုးတွေကျတော့ မသုံးတော့ဘူး၊ ရပ်ရေးရွာရေးမှာ သန့်ရှင်းရေးကိစ္စတွေကျတော့ စပီကာ(အသံချဲ့စက်) အသုံးပြုလို့ရပါတယ်။ ဒါပေမဲ့ နိုင်ငံရေးအကြောင်းနဲ့ ပတ်သက်ပြီးတော့ စပီကာ(အသံချဲ့စက်) သုံးလို့မရတော့ဘူးလေ”
ဒါကတော့ ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝနဲ့ ထန်တလန် မြို့နယ်သုံးခုအတွင်းက မရာဒေသမှာ နေထိုင်တဲ့ ဒေသခံ အမျိုးသားပြည်သူတစ်ဦး ပြောပြတဲ့ မြေပြင်က သတင်းအချက်အလက် ဖြန့်ဝေမှု အခြေအနေ ဖြစ်ပါတယ်။
ဒေသတစ်ခုမှာ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေ၊ ဥပဒေတွေနဲ့ ပြည်သူ့ဝန်ဆောင်မှု အစီအစဉ်တွေ ချမှတ်ထားရုံနဲ့ ဒီမိုကရေစီနဲ့ တာဝန်ခံမှု ရှိပြီလို့ မဆိုနိုင်ပါဘူး။
အဲဒီ အချက်အလက်တွေကို သာမန်ပြည်သူတွေ အလွယ်တကူ သိရှိနားလည်နိုင်သလား၊ သဘောမတူရင် လုံခြုံလွတ်လပ်စွာ သဘောထားကွဲလွဲခွင့် ရှိသလား၊ မကျေနပ်ချက်တွေကို တရားဝင် တိုင်ကြားဖြေရှင်းနိုင်မယ့် လမ်းကြောင်း ရှိသလား ဆိုတာက ပိုပြီး အရေးကြီးပါတယ်။
မရာဒေသမှာတော့ ဖုန်းနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေမှု၊ အင်တာနက်သုံးစွဲခ အဆမတန် ကြီးမြင့်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခကြားက လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူလူထုကြား သတင်းအချက်အလက် စီးဆင်းမှုဟာ မျက်နှာချင်းဆိုင် အစည်းအဝေးတွေနဲ့ လူကြုံစာပါးတဲ့ စနစ်အပေါ်မှာသာ မှီခိုနေရဆဲ ဖြစ်ပါတယ်။

ကိုယ်စားလှယ်များထံသာ ရောက်သေးသည့် ဥပဒေစာအုပ်များနှင့် မြေပြင်ရောက်နိုင်မှု အားနည်းချက်
မရာဒေသရဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ Maraland Territorial Council (MTC) ဟာ ကျေးရွာအဆင့်ကနေ ဗဟိုကောင်စီအဆင့်အထိ ကိုယ်စားလှယ် ရွေးချယ်တဲ့စနစ်နဲ့ အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။
MTC ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဌာန ပူးတွဲတာဝန်ခံ အမှုဆောင်အတွင်းရေးမှူး (Executive Secretary) ရဲ့ ပြောပြချက်အရ ကျေးရွာအုပ်ချုပ်ရေးမှူး (VAC) တွေကို ရွာသူရွာသားတွေက တိုက်ရိုက်မဲပေး ရွေးကောက်တင်မြှောက်ကြပါတယ်။ အဲဒီ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် တိုက်နယ်ကိုယ်စားလှယ်တွေကို ပြန်လည်ရွေးချယ်ကာ ဗဟိုကောင်စီနဲ့ မရာပြည်သူ့ညီလာခံ (Mara People’s Congress) တွေမှာ ပါဝင်ဆုံးဖြတ်ကြပါတယ်။
ပညာရေးကဏ္ဍမှာလည်း နှစ်စပိုင်း ပညာရေး အလုပ်ရုံဆွေးနွေးပွဲတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ကျောင်းတာဝန်ခံတွေ ကိုယ်တိုင် ပါဝင်ဆွေးနွေးပြီး တစ်နှစ်တာ စည်းမျဉ်းတွေကို ချမှတ်ကြတယ်လို့ ဆိုပါတယ်။
အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေနဲ့ စာရွက်စာတမ်း ပွင့်လင်းမြင်သာမှု အပိုင်းမှာတော့ MTC က ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (မရာချာတာ – Mara Charter) နဲ့ အခွန်အက်ဥပဒေ စာအုပ်တွေကို ပြည်သူတစ်ဦးချင်းစီအထိ မပေးနိုင်သေးပေမဲ့ ကောင်စီကိုယ်စားလှယ်တွေ၊ တိုက်နယ်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ အားလုံးဆီ ပေးအပ်ထားပြီးဖြစ်လို့ ပြည်သူတွေအနေနဲ့ သူတို့ဆီကနေ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်တယ်လို့ အမှုဆောင်အတွင်းရေးမှူးက ပြောပါတယ်။
စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ကိုလည်း အွန်လိုင်းပေါ်မှာ ထုတ်ပြန်ထားသလို နည်းဥပဒေ အသေးစိတ်ကို တိုက်နယ်ကိုယ်စားလှယ်တွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေထံ ချပြထားပြီး ဖြစ်တယ်လို့ သူက ဆိုပါတယ်။
ကျေးရွာတွေမှာ အခွန်ကိစ္စတစ်ခုတည်း ခေါင်းစဉ်တပ်ပြီး အစည်းအဝေးခေါ်ရင် အဆင်မပြေတတ်တဲ့အတွက် ပညာရေးဌာန၊ ဘဏ္ဍာရေးဌာနနဲ့ အုပ်ချုပ်ရေးဌာန သုံးခု ပူးပေါင်းပြီး ကျေးရွာတွေဆီ အသိပညာပေး (Awareness) နဲ့ လူထုဆွေးနွေးပွဲ သွားတဲ့အခါမှ တစ်ပါတည်း ပေါင်းစပ်ရှင်းပြလေ့ ရှိပါတယ်။
ဒါပေမဲ့ အထက်မှာ ချမှတ်ထားတဲ့ မူဝါဒနဲ့ ဥပဒေတွေကို မြေပြင်က ပြည်သူလူထု နားလည်သဘောပေါက်အောင် ချပြနိုင်မှု အားနည်းနေသေးတယ်လို့ MTC အမှုဆောင်အတွင်းရေးမှူးက အခုလို ပွင့်ပွင့်လင်းလင်း ဝန်ခံပါတယ်။
“ဒီ လူထုဆွေးနွေးပွဲ (Community dialogue) တွေက တော်တော်လေးကို ကျွန်တော်တို့အနေနဲ့ လုပ်ပေးဖို့ လိုမယ်။ ဥပမာ မူဝါဒတစ်ခုခုကို ကျွန်တော်တို့ ချမှတ်လိုက်တယ်၊ ဥပဒေတစ်ခုကို ပြဋ္ဌာန်းလိုက်တယ်။ ဒါပေမဲ့ လူထုက ဒါက ဘာအကြောင်းကြောင့် လုပ်သလဲ၊ ဘာကြောင့် ဖြစ်သင့်သလဲ ဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့က မချပြနိုင်တဲ့ အခါမှာ တော်တော်လေး လိုအပ်ချက်ဖြစ်တယ်လို့ ပြောလို့ရတာပေါ့နော်။ ကျွန်တော်တို့ ဒီအပေါ်က သွားနေတဲ့ မူဝါဒတွေ တကယ်ကောင်းတယ်၊ မြေပြင်မှာကျတော့ ထိရောက်မှုက အားနည်းတယ်။”
ဒေသတွင်း NGO ဆေးခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေးဆရာမတစ်ဦးကလည်း အုပ်ချုပ်ရေးအဖွဲ့ဘက်က ကျန်းမာရေးနဲ့ အခွန်အခဆိုင်ရာ မူဝါဒတွေကို ပြည်သူတွေဆီ စာရွက်စာတမ်းနဲ့ တရားဝင် ရှင်းပြချမှတ်ထားတာမျိုး မတွေ့ရသေးဘဲ၊ လူထုတွေ့ဆုံပွဲနဲ့ အုပ်ချုပ်ရေး တွေ့ဆုံပွဲတွေမှာသာ ဆေးခန်းဝန်ဆောင်မှုတွေအကြောင်း နှုတ်နဲ့ ရှင်းပြပေးလေ့ရှိတယ်လို့ အတည်ပြုပါတယ်။
တစ်အိမ်တစ်ယောက် အစည်းအဝေးများ၊ မေးခွန်းမထုတ်ရဲသည့် စိုးရိမ်စိတ်နှင့် အမျိုးသမီးများ၏ ကန့်ကွက်သံ
လုံခြုံရေးအန္တရာယ်နဲ့ မရာနယ်ထဲမှာ ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့ ရှိနေတဲ့ အခြေအနေတွေကြောင့် ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ နိုင်ငံရေးကိစ္စတွေကို သတင်းမီဒီယာတွေပေါ် တင်တာ၊ ကြော်ငြာဆိုင်းဘုတ် ကပ်တာနဲ့ အသံချဲ့စက်သုံးပြီး ကြေညာတာမျိုး လုံးဝ မလုပ်ရဲကြဘူးလို့ ဒေသခံ အမျိုးသားပြည်သူတစ်ဦးက ပြောပါတယ်။
အဲဒီအစား မရာတစ်နယ်လုံးဆိုင်ရာ MTC ကောင်စီအစည်းအဝေးမှာ ဆုံးဖြတ်လိုက်တဲ့ အချက်တွေကို စာတမ်းပုံစံနဲ့ ကိုယ်စားလှယ်တွေကို တစ်အုပ်စီ ပေးလိုက်ပြီး၊ လိုင်လင်းပီမြို့က ကောင်စီဝင် ကိုယ်စားလှယ် နှစ်ဦး ပြန်ရောက်လာတဲ့အခါ တစ်အိမ်ကို တစ်ယောက် တက်ရောက်ရတဲ့ အထွေထွေကော်မတီ အစည်းအဝေး ခေါ်ယူကာ လူ ၂၀၀၊ ၃၀၀ လောက်ရှေ့မှာ နံပါတ်စဉ်အလိုက် ပြန်လည်ဖတ်ကြား ချပြပေးတယ်လို့ သူက ရှင်းပြပါတယ်။
ပြည်ပရောက် မရာဒေသခံတွေကတော့ မြေပြင်က ပြည်သူတွေဆီကတစ်ဆင့် အဲဒီဆုံးဖြတ်ချက်တွေကို ပြန်သိရပြီး လူမှုကွန်ရက် မီဒီယာတွေပေါ်ကနေ ဝေဖန်သုံးသပ်ကြတာ ရှိတယ်လို့ ဆိုပါတယ်။
MTC/MDF ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ခရီးသွားလာမှုနဲ့ အလုပ်ကိစ္စတွေကြောင့် တစ်နှစ်မှာ တစ်ကြိမ်လောက်ပဲ ပြည်သူကို ချပြနိုင်တတ်ပေမဲ့၊ မဟာမိတ်အဖွဲ့က ဆရာတွေနဲ့ ပူးပေါင်းပြီး နှစ်ရက်တာ နိုင်ငံရေးနဲ့ အနာဂတ်အမြင် ဆွေးနွေးပွဲသင်တန်းတွေကိုတော့ တောင်ကြောတွေနဲ့ မြို့ဒေသတွေမှာ ထပ်မံပြုလုပ်ဖို့ ရှိတယ်လို့ ဒေသခံအမျိုးသားက ပြောပါတယ်။
ဒါပေမဲ့ အဲဒီလို အစည်းအဝေးတွေကတစ်ဆင့် ဆုံးဖြတ်ချက်တွေကို ချပြရာမှာ သာမန်ပြည်သူတွေအနေနဲ့ မူဝါဒ မချမှတ်မီ ဆွေးနွေးတဲ့အဆင့်ကို မသိရှိကြရသလို၊ ကောင်စီမှာ အများစုမဲ (Voting) နဲ့ အတည်ပြုပြီးသား ကိစ္စတွေကို ရွာပြန်ရောက်လို့ ချပြတဲ့အခါမှာလည်း မကြိုက်ပေမဲ့ စောဒကမတက်ရဲကြဘူးလို့ သူက အခုလို ပြောပါတယ်။
“သူတို့ ဆုံးဖြတ်ချက်ချထားတဲ့ဟာကို၊ ဆုံးဖြတ်ပြီးသားကို ကျွန်တော်တို့ ပြည်သူတွေကလည်း မကြိုက်ရင်လည်း စောဒကတက်လို့လည်း မရတော့ဘူးလေ။ တကယ်လို့ တစ်ယောက်တစ်ယောက်က နည်းနည်းသတ္တိရှိလို့ မကြိုက်ဘူးဘာညာ စောဒကတွေ တက်မယ်ဆိုရင်လည်း အခုက တော်လှန်ရေးကာလဆိုတော့ အဲဒါမျိုးတွေ ကျွန်တော်တို့က သတိထားပြီးတော့လေ သိပ်မပြောရဲ၊ မလုပ်ရဲတဲ့ဟာတွေလည်း ရှိတာပေါ့နော်။”
အဲဒီလို စောဒကမတက်ရဲကြတဲ့ အခြေအနေမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပွင့်ပွင့်လင်းလင်း ကန့်ကွက်နေကြတာကတော့ စစ်မှုထမ်းဥပဒေအပေါ် ဒေသခံ အမျိုးသမီးတွေရဲ့ ကန့်ကွက်သံပဲ ဖြစ်ပါတယ်။
MTC အမှုဆောင်အတွင်းရေးမှူးကတော့ ဗဟိုကောင်စီမှာ ပြည်သူ့ကိုယ်စားလှယ်တွေ အပြန်အလှန် ငြင်းခုံခွင့် ရှိတဲ့အတွက် စစ်မှုထမ်းဥပဒေကြမ်းဟာ ကောင်စီမှာ သုံး၊ လေးကြိမ် ပယ်ချခံခဲ့ရပြီးမှ မြေပြင်မှာ တစ်ရွာဝင် တစ်ရွာထွက် စည်းရုံးရှင်းပြပြီး အတည်ပြုနိုင်ခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့ မြေပြင်က ရပ်ရွာအစည်းအဝေးတွေမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား စစ်မှုထမ်းရမယ့် သတ်မှတ်ချက်ကို အမျိုးသမီးတွေနဲ့ အမျိုးသမီးအဖွဲ့က အခုချိန်ထိ လက်မခံကြဘဲ အစည်းအဝေးရှိတိုင်း ကန့်ကွက်နေကြတယ်လို့ ဒေသခံ အမျိုးသားက ပြောပြပါတယ်။
“သူတို့ အမျိုးသမီးတွေကတော့ လုံးဝ မကြိုက်ဘူးပေါ့နော်။ သူတို့ ကလေးတွေကို အဲဒီလို စစ်မှုထမ်းရမယ် ဆိုတာကတော့ အဲဒီ အမျိုးသမီးအဖွဲ့အနေနဲ့တော့ လုံးဝ ကန့်ကွက်တာပေါ့။ ဒါပေမဲ့ အဲဒီ ကန့်ကွက်တဲ့အရာကို ကျွန်တော်တို့က ဒီပြည်သူအနေနဲ့ ကန့်ကွက်ရအောင် ဆိုပြီးတော့ ဆန္ဒလည်း ပြလို့မရတော့ဘူးလေ။ အစည်းအဝေးရှိတဲ့ အချိန်ကျတော့ အမျိုးသမီးတွေကပဲ စပြီးတော့ ပြောတာတွေတော့ များပါတယ်” လို့ သူက ပြောပါတယ်။
ရပ်ရွာအစည်းအဝေးတွေမှာ အမျိုးသမီးတွေရဲ့ ပြောဆိုချက်ကို ပစ်ပယ်ထားတာမျိုး မရှိပေမဲ့ တစ်ခါတလေ အမျိုးသမီးတချို့က မြေပြင်မှာ လက်တွေ့ဖြစ်နိုင်၊ မဖြစ်နိုင် မစဉ်းစားဘဲ တင်ပြတာမျိုး ရှိတတ်လို့ အမျိုးသားတွေဘက်က လိုက်မလုပ်ပေးနိုင်တာမျိုးလည်း ရှိတယ်လို့ သူက ဆိုပါတယ်။
တစ်နာရီ တစ်သောင်းတန် အင်တာနက်၊ လူကြုံစာပို့စနစ်နှင့် တရားဝင် တိုင်ကြားရေးရုံး ကင်းမဲ့မှု
မရာဒေသမှာ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူ့အသံ ထုတ်ဖော်နိုင်မှုကို ကန့်သတ်ထားတဲ့ နောက်ထပ် အဓိက ပြဿနာနှစ်ခုကတော့ ဆက်သွယ်ရေး ပြတ်တောက်နေမှုနဲ့ တရားဝင် တိုင်ကြားရေး ယန္တရား မရှိသေးတာပဲ ဖြစ်ပါတယ်။
CDM ကျန်းမာရေးဆရာမရဲ့ ပြောပြချက်အရ ဝေးလံခေါင်ဖျားတဲ့ မရာကျေးရွာတချို့မှာ ဖုန်းလိုင်းရော အင်တာနက်လိုင်းပါ လုံးဝ မရှိတဲ့အတွက် ဖေ့ဘုတ်ဆိုရှယ်မီဒီယာ နဲ့ အင်တာနက်လိုင်းဆိုတာ ဘာမှန်းတောင် မသိတဲ့ ရွာသားတွေ ရှိနေပါတယ်။
အင်တာနက်လိုင်း ရှိတဲ့ နေရာတချို့မှာလည်း ပြင်ပဆိုင်တွေက တစ်နာရီကို ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ အထိ ကောက်ခံပြီး၊ တစ်နေ့စာ ၅,၀၀၀ ကျပ်နဲ့ ဝယ်သုံးရင်လည်း ပေးတဲ့ ဒေတာပမာဏ နည်းလွန်းလို့ နှစ်ချက်၊ သုံးချက် သုံးရုံနဲ့ ခဏလေးအတွင်း ကုန်သွားတာကြောင့် လူအနည်းကျဉ်းသာ သုံးနိုင်ကြပါတယ်။
“ဝေးလံခေါင်ဖျားတဲ့ ဒေသမှာ တချို့ရွာတွေမှာ ဖုန်းလိုင်းလည်း မရှိဘူး၊ အင်တာနက်လိုင်းလည်း မရှိဘူး။ အဲဒီလို ဒေသမျိုးမှာဆိုရင် ကျွန်မတို့ စာပို့တာတို့၊ လူကြုံနဲ့ ပါးတာတို့ ဒီလိုမျိုးနဲ့ပဲ အချင်းချင်း သိကြရတာပေါ့။ ဆိုင်က အင်တာနက်ဖိုးက တအားဈေးကြီးတယ်၊ တစ်နာရီသုံးရင် ငါးထောင်၊ တစ်သောင်း အဲဒီလိုမျိုး သုံးရတာ။ တစ်ရက် ငါးထောင်က တစ်ရက်တောင် မသုံးရဘူး” လို့ ဆရာမက ရှင်းပြပါတယ်။
အလားတူပဲ ပြည်သူ့ဝန်ဆောင်မှုနဲ့ အုပ်ချုပ်ရေးဆိုင်ရာ မကျေနပ်ချက်တွေကို တိုင်ကြားရာမှာလည်း NGO ဆေးခန်းမှာတော့ လူနာတွေ စိတ်ကြိုက်ရေးသား အကြံပြုတိုင်ကြားနိုင်တဲ့ ပြည်သူ့သဘောထား တုံ့ပြန်ချက် (Community feedback) စနစ်ကို ပုံမှန်ထားရှိပေးထားပေမဲ့ အုပ်ချုပ်ရေးပိုင်းမှာတော့ တရားဝင် ရုံးသွားတိုင်ရမယ်ဆိုတဲ့ စနစ်တကျ တိုင်ကြားရေးလမ်းကြောင်း မရှိသေးပါဘူး။
“ရွာမှာ တာဝန်ကျတဲ့ ဆရာမတွေက မတရားဆက်ဆံတာမျိုးတို့၊ ဆေးကုသခ တောင်းတာမျိုးတို့ဆိုရင် ရွာမှာ အုပ်ချုပ်ရေးမှူးကို သွားတိုင်ကြတာ ရှိတာပေါ့။ အဲဒီကနေ အဆင့်ဆင့်ပေါ့၊ အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် ‘ဒီဆရာမကတော့ ရွာမလာပါဘူး’ အဲဒီလိုမျိုးတွေတော့ ရှိတာပေါ့။ ဒီလိုမျိုး ရုံးသွားတိုင်ရမယ်ဆိုတဲ့ စနစ်တော့ မရှိဘူး၊ သူတို့က ကြုံရင်ကြုံသလိုပေါ့” လို့ CDM ကျန်းမာရေးဆရာမက ပြောပါတယ်။
သတင်းအချက်အလက်မှသည် တာဝန်ခံမှုဆီသို့ — လက်တွေ့ကျသော ရှေ့ဆက်လမ်းများ
မရာဒေသရဲ့ မြေပြင်အတွေ့အကြုံတွေကို ကြည့်ရင် အုပ်ချုပ်ရေးအဖွဲ့ဘက်က ဥပဒေနဲ့ မူဝါဒတွေ ရေးဆွဲပြဋ္ဌာန်းထားပြီး ကိုယ်စားလှယ် အဆင့်ဆင့်နဲ့ အသိပေးနေတယ်လို့ ဆိုပေမဲ့ လက်တွေ့မှာတော့ “မူဝါဒ ရှိနေခြင်း” နဲ့ “ပြည်သူလူထုက သိရှိနားလည်ပြီး လွတ်လပ်စွာ မေးခွန်းထုတ် တိုင်ကြားနိုင်ခြင်း” ကြားမှာ ကွာဟချက်ကြီးမားနေဆဲ ဖြစ်ပါတယ်။
ဒီကွာဟချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် အင်တာဗျူး ဖြေဆိုသူတွေရဲ့ အကြံပြုချက်တွေနဲ့ မြေပြင်အခြေအနေအပေါ် အခြေခံပြီး စဉ်းစားဆောင်ရွက်နိုင်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းလေးခု ရှိနေပါတယ်။
ပထမနည်းလမ်းမှာ မူဝါဒမချမှတ်မီနှင့် ချမှတ်ပြီးနောက် မြေပြင် လူထုဆွေးနွေးပွဲများ (Community Dialogues) တိုးချဲ့ပြုလုပ်ရေး ဖြစ်ပါတယ်။
MTC အမှုဆောင်အတွင်းရေးမှူး ကိုယ်တိုင် ဝန်ခံထားသလို အပေါ်က ချမှတ်လိုက်တဲ့ ဥပဒေနဲ့ မူဝါဒတွေ ဘာကြောင့် ပြဋ္ဌာန်းရသလဲ ဆိုတာကို ပြည်သူတွေ နားလည်သဘောပေါက်စေဖို့နဲ့၊ အထူးသဖြင့် အမျိုးသမီးတွေ ကန့်ကွက်နေကြတဲ့ စစ်မှုထမ်းဥပဒေလို အရေးကြီးကိစ္စရပ်တွေမှာ ပြည်သူတွေ စိုးရိမ်ကြောက်ရွံ့မှု မရှိဘဲ လွတ်လပ်စွာ အကြံပြု ဝေဖန်ထောက်ပြနိုင်မယ့် လူထုဆွေးနွေးပွဲတွေကို ပညာရေး၊ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး ဌာနပေါင်းစုံ ပူးပေါင်းပြီး ပိုမိုပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။
ဒုတိယနည်းလမ်းမှာ အင်တာနက်မရတဲ့ ကျေးရွာတွေအတွက် အွန်လိုင်းပြင်ပ သတင်းအချက်အလက် ဖြန့်ဝေမှု တည်ဆောက်ရေး ဖြစ်ပါတယ်။
ဖုန်းနဲ့ အင်တာနက် မရှိတဲ့ ရွာတွေနဲ့ တစ်နာရီ ကျပ် ၅,၀၀၀ ကနေ ၁၀,၀၀၀ ပေးနေရတဲ့ အင်တာနက်စရိတ်ကြောင့် ဖေ့ဘုတ်ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ပြန်ချက် တင်လိုက်ရုံနဲ့ ပြည်သူတွေ သိရှိပြီလို့ ယူဆလို့ မရပါဘူး။
ဒါကြောင့် မရာချာတာ၊ အခွန်ဥပဒေနဲ့ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ အခွင့်အရေးတွေကို ကိုယ်စားလှယ်တွေဆီမှာပဲ ထားရှိတာမျိုး မဟုတ်ဘဲ လုံခြုံရေး မထိခိုက်စေမယ့် အခြေခံ အချက်အလက် အကျဉ်းချုပ် စာရွက်စာတမ်းတွေကို ကျေးရွာတိုင်းက ပြည်သူတွေ ဖတ်ရှုနိုင်အောင် လူကြုံစာပို့စနစ်နဲ့ ရပ်ရွာအစည်းအဝေးတွေကတစ်ဆင့် ဖြန့်ဝေပေးသင့်ပါတယ်။
တတိယနည်းလမ်းမှာ အုပ်ချုပ်ရေးပိုင်းတွင် စနစ်ကျပြီး လုံခြုံတဲ့ ပြည်သူ့တိုင်ကြားရေး ယန္တရား ထူထောင်ရေး ဖြစ်ပါတယ်။
NGO ဆေးခန်းတွေမှာ ပြည်သူ့သဘောထား တုံ့ပြန်ချက် (Community feedback) စနစ် ထားရှိသလိုမျိုး၊ ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍအသီးသီးမှာလည်း ဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေရဲ့ လုပ်ဆောင်ချက်အပေါ် ပြည်သူတွေက ကြုံရင်ကြုံသလို တိုင်ကြားရတဲ့ ပုံစံအစား အရေးယူဖြေရှင်းပေးနိုင်မယ့် တရားဝင် တိုင်ကြားရေးလမ်းကြောင်းတစ်ခု သတ်မှတ်ပေးထားသင့်ပါတယ်။
စတုတ္ထနည်းလမ်းမှာ သတင်းမီဒီယာတွေက လုံခြုံတဲ့ သတင်းရယူမှုနဲ့ နောက်ဆက်တွဲ မေးမြန်းမှု (Follow-up Reporting) တည်ဆောက်ရေး ဖြစ်ပါတယ်။
နိုင်ငံရေးနဲ့ လုံခြုံရေး တင်းမာနေတဲ့ မရာဒေသမှာ ဒေသခံတွေက မီဒီယာကို တိုက်ရိုက်အသုံးပြုဖို့ အန္တရာယ်ရှိနေတဲ့အတွက် သတင်းဌာနတွေအနေနဲ့ သတင်းရင်းမြစ် လုံခြုံရေးကို အပြည့်အဝ ကာကွယ်ပေးတဲ့ မြေပြင်သတင်းကွန်ရက် တည်ဆောက်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် အုပ်ချုပ်ရေးဘက်က ထုတ်ပြန်ထားတဲ့ မူဝါဒနဲ့ မြေပြင်က ပြည်သူ့အတွေ့အကြုံကြားက ကွာဟချက်တွေကို စစ်ဆေးဖော်ထုတ်ပြီး တာဝန်ရှိသူတွေဆီက အဖြေရရှိတဲ့အထိ ဆက်တိုက် လိုက်လံမေးမြန်းပေးဖို့ လိုအပ်ပါတယ်။
အွန်လိုင်းပေါ်တွင်သာမက မြေပြင်အထိ ရောက်ရှိရမည့် တာဝန်ခံမှု လမ်းကြောင်း
ကောင်စီက မဲခွဲဆုံးဖြတ်ပြီးသား မူဝါဒတွေကို ရပ်ရွာလူထုက သဘောမတူတဲ့အခါ စိုးရိမ်ကြောက်ရွံ့မှု မရှိဘဲ ပြန်လည်ပြင်ဆင် တင်ပြနိုင်မယ့် လမ်းကြောင်း ရှိ၊ မရှိ ဆိုတာနဲ့၊ အမျိုးသမီးအဖွဲ့နဲ့ မိခင်တွေက အစည်းအဝေးတိုင်းမှာ ကန့်ကွက်နေကြတဲ့ အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား စစ်မှုထမ်းသတ်မှတ်ချက်အပေါ် MTC ဗဟိုကောင်စီဘက်က ဘယ်လို ပြန်လည်ဖြေလျှော့ စဉ်းစားပေးထားသလဲ ဆိုတဲ့ မေးခွန်းတွေကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သတင်းအချက်အလက် မရောက်တဲ့နေရာမှာ ပြည်သူတွေရဲ့ မေးခွန်းတွေလည်း မသိနိုင်ပါဘူး။ မေးခွန်းမရောက်ရင် တာဝန်ခံမှုကို တောင်းဆိုဖို့လည်း ခက်ခဲပါလိမ့်မယ်။ ဒါကြောင့် ချင်းပြည်နယ်လို ဆက်သွယ်ရေးနဲ့ လုံခြုံရေး အကန့်အသတ် ကြီးမားတဲ့ ဒေသမှာ ဒေသန္တရအုပ်ချုပ်ရေးနဲ့ သတင်းမီဒီယာတွေရဲ့ အရေးကြီးဆုံး တာဝန်ဟာ မူဝါဒနဲ့ သတင်းတွေကို အွန်လိုင်းပေါ် တင်ထားရုံမဟုတ်ဘဲ၊ ဖုန်းလိုင်းမရှိတဲ့ ကျေးရွာတွေက ပြည်သူတွေရဲ့ အသံနဲ့ မေးခွန်းတွေကိုပါ ဆုံးဖြတ်ချက်ချမှတ်သူတွေဆီ လုံခြုံစိတ်ချစွာ အရောက်ပို့ဆောင်ပေးနိုင်မယ့် မြေပြင်လမ်းကြောင်းတစ်ခု တည်ဆောက်ပေးဖို့ လိုအပ်နေပါတယ်။
ဇိုဖောင် (Edited by Editorial Team)
