The Zoland Post – ၂၀၂၆၊ ဖေဖော်ဝါရီလ ၂၇ ရက်

ပါကစ္စတန်နိုင်ငံက အာဖဂန်နစ္စတန်နိုင်ငံအတွင်းရှိ တာလီဘန်အစိုးရရဲ့ ပစ်မှတ်တွေကို မြို့ကြီးအတော်များများမှာ တစ်ညလုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြားမှာ ထိပ်တိုက်ရင်ဆိုင် စစ်ပွဲ (Open War)” စတင်နေပြီလို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ပါကစ္စတန်တပ်ဖွဲ့တွေဟာ နယ်စပ်တစ်လျှောက်က တာလီဘန်တပ်စခန်းတွေ၊ ဌာနချုပ်တွေနဲ့ ခဲယမ်းတိုက်တွေကို လေကြောင်းနဲ့ မြေပြင်ကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“ကျနော်တို့ရဲ့ သည်းခံနိုင်စွမ်း ကုန်သွားပါပြီ။ အခုတော့ ကျနော်တို့နဲ့ ခင်ဗျားတို့ (အာဖဂန်) ကြားမှာ ပွင့်လင်းစစ်ပွဲ ဖြစ်နေပြီ” လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မူဟာမက် အာဆစ်ဖ်က ဆိုပါတယ်။
ပါကစ္စတန်ဘက်က သူတို့နိုင်ငံအတွင်း တိုက်ခိုက်မှုတွေလုပ်နေတဲ့ လက်နက်ကိုင်တွေကို အာဖဂန်က ခိုလှုံခွင့်ပေးထားတယ်လို့ စွပ်စွဲထားပေမယ့် တာလီဘန်အစိုးရကတော့ ဒါကို ငြင်းဆိုထားပါတယ်။
အခုတိုက်ခိုက်မှုတွေဟာ မြို့တော်ကဘူးလ် အပါအဝင် ကန်ဒါဟာနဲ့ ပက်တီယာမြို့တွေမှာ ဖြစ်ပွားခဲ့တာပါ။ ကဘူးလ်မြို့ထဲမှာတော့ ပေါက်ကွဲသံတွေအပြီး လူနာတင်ကား အချက်ပေးသံတွေ ဆက်တိုက်ထွက်ပေါ်နေသလို၊ မြို့ပေါ်မှာလည်း မီးခိုးအမည်းရောင်တွေ အလိပ်လိုက် တက်နေတာကို တွေ့ရပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးက ကိန်းဂဏန်းတွေ ထုတ်ပြန်ထားပေမယ့် ဒါကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပါကစ္စတန်ဘက်က တာလီဘန်တပ်ဖွဲ့ဝင် ၁၃၃ ဦး သေဆုံးပြီး တပ်စခန်း ၂၇ ခုကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပေမယ့် တာလီဘန်ဘက်ကတော့ ပါကစ္စတန်စစ်သား ၅၅ ဦး သေဆုံးခဲ့တယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
လက်ရှိမှာတော့ နှစ်နိုင်ငံကြား ကီလိုမီတာ ၂,၆၀၀ ရှည်လျားတဲ့ နယ်စပ်တစ်လျှောက်မှာ စစ်ရေးအခြေအနေဟာ အလွန်တင်းမာနေပါတယ်။ အာဖဂန်ဘက်ကလည်း ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့အတွက် အသေခံဗုံးခွဲသမားတွေနဲ့ ကားဗုံးတွေကို အသင့်ပြင်ထားပြီလို့ သတိပေးထားတာကြောင့် ဒေသတွင်းမှာ စစ်မီးပိုမိုတောက်လောင်လာမယ့်အရေးကို စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
Source : Reuters
