The Zoland Post – ၂၀၂၆ခုနှစ်၊ မတ်လ ၄ရက်
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ တရက်တာအတွင်း စက်သုံးဆီဈေးနှုန်း တဂါလံမှာ ၁၀,၀၀၀ကျပ်ဝန်းကျင်အထိ ဈေးမြင့်တက်နေပြီး အလုအယက်ဝယ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ မတ်လ ၄ရက်နေ့ ကလေးမြို့ စက်သုံးဆီဆိုင်တွေမှာ လောင်စာဆီ ဓာတ်ဆီရရှိဖို့ လူအများအပြားတန်းစီကာ အလုယက်ဝယ်ယူနေကြပြီး ဓာတ်ဆီ တဂါလံကို ၃၀,၀၀၀ အထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။
“မနက်က ဝယ်တာမှာ ဓာတ်ဆီတဂါလံကို ၂၂၀၀၀ကျပ် ပေးရတာကို ညနေလောက်ကျ တဂါလံမှာ ၃၀,၀၀၀ ပေးဝယ်နေရပါတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းက တဂါလံမှာ ၁၀,၀၀၀ကျပ်ဝန်းကျင်အထိ ဈေးတက်နေတာလို့ဆိုရမှာပဲ။ ဓာတ်ဆီဆိုင်တွေမှာလည်း တဆိုင်နဲ့တဆိုင်ဈေးနှုန်းမတူဘူး။ တချို့ဓာတ်ဆီဆိုင်တွေကို ဈေးတက်ချင်လို့ ဓာတ်ဆီလှောင်ထားပြီး ပြတ်ဟန်ဆောင်နေကြတာ။” လို့ ကလေးဒေသခံတစ်ဦးက The Zoland Post ကို ပြောပါတယ်။
မတ်လ ၃ရက်နေ့ညပိုင်းမှာ စစ်ကော်မရှင်တပ်က စက်သုံးဆီချွေတာရေး ပုဂ္ဂလိကပိုင်မော်တော်ယာဥ်တွေကို ကားနံပါတ်ပြားအလိုက် “စုံ” ရက်နှင့် “မ”ရက်ခွဲကာ မောင်းနှင်ရမယ်လို့ ထုတ်ပြန်ပြီးနောက် အခုလို စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာဖြစ်ပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသက စစ်ရေး ပဋိပက္ခတွေကြောင့် လောင်စာဆီတင်သွင်းတဲ့သင်္ဘောတွေနဲ့ သယ်ယူပို့ဆောင်ရာ ရေလမ်းကြောင်းမှာ ပိတ်ဆို့မှု ဖြစ်ပေါ်တာကြောင့် မတ်လ ၇ ရက်မှစတင်ပြီး ပုဂ္ဂလိကယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များနှင့် သယ်ယူ ပို့ဆောင်ရေးယာဉ်တွေဟာ စည်းကမ်းသတ်မှတ်ချက်တွေနဲ့ အညီ မောင်းနှင်အသုံးပြုရမှာ ဖြစ်ကြောင်းထုတ်ပြန်ထားတာပါ။
လက်ရှိမြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စက်သုံးဆီပြန်လတ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ရန်ကုန်မြို့အပါအဝင်မြို့ကြီးအများစုမှာ စက်သုံးဆီအလုအယက် ဝယ်နေကြသလို စက်သုံးဆီဈေးနှုန်းလည်း မြင့်တက်လျက်ရှိကြောင်း သိရပါတယ်။
