The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၄ ရက်

ကွယ်လွန်သွားပြီဖြစ်တဲ့ အီရန်အဓိပတိဟောင်း အယာတိုလာ အလီ ခါမေနီရဲ့ နေရာကို ဆက်ခံပြီး နိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်သစ် ဖြစ်လာဖို့အတွက် သူ့ရဲ့သားဖြစ်သူ မော့ဂျ်တာဘာ ခါမေနီဟာ အလားအလာအကောင်းဆုံး ပုဂ္ဂိုလ်အဖြစ် ထွက်ပေါ်လာနေ ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှု အတွင်း အဓိပတိ အလီ ခါမေနီရဲ့ အိမ်တော် ဗုံးကြဲခံရပြီး သူဟာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အီရန်အနေနဲ့ ပြည်ပကျူးကျော်စစ်ကို အာရုံစိုက်ရင်ဆိုင်နေရသလို တစ်ဖက်မှာလည်း နိုင်ငံရဲ့ အာဏာအရှိဆုံး အဓိပတိနေရာ အပြောင်းအလဲအတွက် အပူတပြင်း ညှိနှိုင်းဆောင်ရွက်နေရတာပါ။
မတ်လ ၃ ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့တဲ့ ဘာသာရေးခေါင်းဆောင်များ အစုအဖွဲ့ရဲ့ အစည်းအဝေးမှာတော့ ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ဖို့အတွက် အသက် ၅၆ နှစ်အရွယ် မော့ဂျ်တာဘာ ခါမေနီဟာ အပိုင်နိုင်ဆုံး အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။
ဒီအခြေအနေကို လုပ်ထုံးလုပ်နည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက နယူးယောက်တိုင်းမ် (New York Times) သတင်းဌာနကို အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) ကလည်း မော့ဂျ်တာဘာကို ထောက်ခံဖို့ ရွေးချယ်ရေး အဖွဲ့ဝင်တွေအပေါ် ဖိအားပေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
မော့ဂျ်တာဘာဟာ အစောပိုင်းတုန်းက အစ္စရေးရဲ့ ဗုံးကြဲမှုအတွင်း သေဆုံးသွားတဲ့ ထိပ်ပိုင်းခေါင်းဆောင် ၄၀ ထဲမှာ ပါဝင်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် အခုအခါမှာတော့ သူဟာ အဓိပတိသစ် လျာထားခံရသူတွေထဲမှာ ထိပ်ဆုံးက ပြန်လည်ပါဝင်လာတာပါ။ သူဟာ ဖခင်ဖြစ်သူလိုပဲ သဘောထား တင်းမာတဲ့ ကွန်ဆာဗေးတစ် တစ်ဦးအဖြစ် လူသိများပြီး IRGC တပ်ဖွဲ့နဲ့လည်း အလွန်နီးကပ်တဲ့ ဆက်ဆံရေး ရှိသူဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ အစိုးရအဖွဲ့ထဲမှာ တရားဝင် ရာထူးရယူထားတာမျိုး မရှိပေမယ့် ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ခံထားရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ အီရန်နိုင်ငံကို ခါမေနီရဲ့ လူယုံတော် ၃ ဦးပါဝင်တဲ့ ယာယီကောင်စီက ဦးဆောင်အုပ်ချုပ်နေပါတယ်။ ခါမေနီ သေဆုံးသွားခြင်းဟာ အီရန်မှာ ကြီးမားတဲ့ အာဏာလေဟာနယ်တစ်ခု ဖြစ်ပေါ်စေခဲ့တာကြောင့် အခုလို စစ်ပွဲကာလအတွင်းမှာ ခေါင်းဆောင်သစ်တစ်ဦးကို အမြန်ဆုံး အတည်ပြုနိုင်ဖို့က အီရန်အတွက် အရေးကြီးဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။
အီရန်အစိုးရဘက်ကတော့ မော့ဂျ်တာဘာကို အဓိပတိသစ်အဖြစ် ရွေးချယ်လိုက်ပြီဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ကိုးကား – New York Times
ဓာတ်ပုံ – AP
