The Zoland Post -၂၀၂၆ခုနှစ်၊ မတ်လ ၄ရက်

ဩစတြေးလျနိုင်ငံ အထက်လွှတ်တော် (ဆီနိတ်)ရဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီထံ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရေးအပါအဝင် အချက် ၅ ချက်ကို ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) က တောင်းဆိုလိုက်ပါတယ်။
မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ ဩစတြေးလျနိုင်င်ငံ၊ Canberra မြို့မှာ အထက်လွှတ်တော်ဆီနိတ်ရဲ့ နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ကော်မတီထံ မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး CHRO က တင်ပြတောင်းဆိုခဲ့တာပါ။
“ဩစတြေးလျရဲ့ အထက်လွှတ်တော် (ဆီနိတ်)က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ တင်ပြပေးဖို့ CHROကို ဖိတ်ကြားခဲ့ပါတယ်။ အထောက်အထားတွေကို တင်ပြတဲ့အခါမှ မြန်မာတနိုင်ငံလုံးသာမက ချင်းပြည်နယ်မှာ အခုနေ့စဥ်လေကြောင်းတိုက်ခိုက်မှုနဲ့ မီးရှို့မှုတွေကြုံနေတယ် လူ့အခွင့်အရေးချိုးဖောက်မှုတွေအမြဲတမ်းဆောင်ရွက်တယ်ပေါ့နော်။ ဒီလိုဖြစ်တဲ့အခါမှာ ဒီအချက်ငါးချက်ကိုတောင်းဆိုခဲ့တာဖြစ်ပါတယ်။” လို့ ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်က The Zoland Post ကို ပြောပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)ရဲ့ တောင်းဆိုချက်ထဲမှာ ဩစတြေးလျနိုင်ငံအနေနဲ့ စစ်ကော်မရှင်ရဲ့ တရားမဝင်ရွေးကောက်ပွဲနဲ့ လုပ်ငန်းစဉ်တွေကို အသိအမှတ်မပြုဘဲ ငြင်းပယ်ရေး၊ အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနေတဲ့ လေယာဉ်ဆီတွေကို ကန့်သတ် တားမြစ်နိုင်ရေး၊ ပေါင်းစပ်ညှိနှိုင်းပြီး အစီအမံများ လုပ်ဆောင်ရေးနဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ တိုးမြှင့်ပေးရေးတို့ ပါဝင်ပါတယ်။
အဆိုပါတောင်းဆိုချက်တွေကို ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၊ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက သြစတေးလျအထက်လွတ်တော်မှာ ကိုယ်တိုင်သွားရောက် တင်ပြ တောင်းဆိုခဲ့တာလို့ သိရပါတယ်။
“တုံ့ပြန်မှုကတော့ ချက်ချင်းတော့မရှိသေးဘူး။ သဘောကတော့ သူတို့လွတ်တော်မှာတောင်းဆိုပြီးတော့ အဲ့ကနေမှ တောင်းဆိုမှုတွေကို သူ့တို့(သြစတေးလျ)အစိုးရကို တိုက်တွန်းမယ်ပေါ့လေ။ သူတို့ကလည်း ကျနော်တို့ရဲ့တောင်းဆိုမှုကို အတတ်နိုင်ဆုံးဆောင်ရွက်ပေးဖို့ ကျနော်တို့ကို ဖိတ်ကြားထားတာပါ။ ဒါကြောင့်မို့ လွတ်တော်မှာတောင်းဆိုမှုကို လွတ်တော်ကနေ အစိုးရကိုတက်ပြီးတော့ ဩစတြေးလျအစိုးရကဆောင်ရွက်ပေးမယ်လို့ ယုံကြည်ပါတယ်။” လို့ ချင်းလူအခွင့်အရေးအဖွဲ့ (CHRO) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းမာန်က ဆက်ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကော်မရှင်က ကျူးလွန်ထားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) သို့ လွှဲပြောင်းပေးနိုင်ရေး တိုက်တွန်းအားပေးဖို့နဲ့ စစ်အုပ်စုကို ဥပဒေကြောင်းအရ တာဝန်ခံမှု ရှိစေမယ့် ကြိုးပမ်းမှုတွေကို ကူညီထောက်ပံ့ပေးဖို့တို့ကိုလည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။
လက်ရှိ ချင်းပြည်သူ လူဦးရေရဲ့ ထက်ဝက်နီးပါးဟာ စစ်ဘေးရှောင်နေရပြီး စစ်ကော်မရှင်တပ်က ချင်းလူမှုအသိုင်းအဝိုင်းကို အစုလိုက်အပြုံလိုက် အပြစ်ပေးခြင်းကိုလည်း လုပ်ဆောင်နေတယ်လို့လည်း ဆလိုင်းဇအုပ်လိန်းက တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ယုံကြည်စိတ်ချရမှု မရှိသလို ချင်းပြည်နယ်မှာလည်း မြို့နယ်နှစ်ခုမှာသာ ကျင်းပနိုင်ခဲ့ကြောင်း၊ ဗုံးဒဏ်ကနေ ပုန်းရှောင်နေရတဲ့ ချင်းပြည်သူတွေက လွတ်လပ်စွာ မဲမပေးနိုင်ခဲ့ဘူးလို့ ဆလိုင်းဇအုပ်လိန်းက တင်ပြခဲ့ပါတယ်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ မြန်မာစစ်တပ်ထိပ်တန်း စစ်ခေါင်းဆောင် ၁၄ ဦးကို အာဆီယံအဖွဲ့ဝင် တီမော်လက်စ်နိုင်ငံမှာ တရားလိုလုပ်က တရားစွဲဆိုခဲ့ပါတယ်
ဓာတ်ပုံ- CHRO
