၂၀၂၆၊ ဖေဖော်ဝါရီလ ၁၆ ရက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုများ ဖွင့်လှစ်ထားသော စစ်ဆေးရေးဂိတ်များနှင့် လုံခြုံရေးဂိတ်များ အားလုံးကို မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ရက်မှစ၍ ပိတ်သိမ်းကြရန် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ အမိန့်ထုတ်ပြန်လိုက်ပါသည်။
အဆိုပါ ညွှန်ကြားချက်တွင် ဂိတ်များအားလုံးကို ဆက်လက်ဖွင့်လှစ်ခြင်း မပြုကြရန် တားမြစ်ထားပြီး အကယ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိဘဲ ဆက်လက်ဖွင့်လှစ်ပါက ဖြစ်လာမည့် နောက်ဆက်တွဲ တာဝန်များကို ကာယကံရှင်များကသာ ယူရမည်ဟု မြို့နယ် ပကဖက သတိပေးထားပါသည်။
ယခုကဲ့သို့ ဂိတ်များ ပိတ်သိမ်းရန် ညွှန်ကြားရခြင်း၏ နောက်ကွယ်တွင် ဒေသတွင်း ငွေကြေးကောက်ခံမှုများနှင့် ပတ်သက်သော ပြဿနာများ ရှိနေကြောင်း ဒေသခံများထံမှ သိရပါသည်။

တော်လှန်ရေးအဖွဲ့အချို့၏ ဂိတ်များတွင် အခွန်ငွေကောက်ခံမှုများ ရှိနေသော်လည်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု အားနည်းခြင်း၊ လူထုအသွားအလာ ခက်ခဲခြင်းနှင့် ငွေကြေးကိစ္စရပ်များကြောင့် တော်လှန်ရေးအဖွဲ့အချင်းချင်း သော်လည်းကောင်း၊ ပြည်သူလူထုနှင့် သော်လည်းကောင်း မကြာခဏ ပဋိပက္ခဖြစ်ပွားလေ့ရှိကြောင်း ဝေဖန်မှုများ မြင့်တက်နေပါသည်။
ဒေသခံတစ်ဦးက ပြောကြားရာတွင် ပိုက်ဆံကောက်ခံသည့် ဂိတ်များကြောင့် ဖြစ်ပွားရသော ပြဿနာသည် ၈၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ယင်းဂိတ်များကို ပိတ်သိမ်းခြင်းသည် ကောင်းမွန်သော်လည်း လုံခြုံရေးအရ အမှန်တကယ် လိုအပ်သော ဂိတ်များကိုမူ ချန်လှပ်ထားသင့်ကြောင်း သုံးသပ်ပြောဆိုပါသည်။
တစ်ဖက်တွင်လည်း ဒီပဲယင်းမြို့နယ်သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကို အကြီးအကျယ် ရင်ဆိုင်နေရသော ဒေသတစ်ခု ဖြစ်ပါသည်။ ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်း၌ပင် မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု (၅) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဘုတ္တန်းကျေးရွာ တိုက်ခိုက်ခံရမှုတွင် ပြည်သူတစ်ဦး သေဆုံးကာ နေအိမ် ၃၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရှိရပါသည်။
Source Links:ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒီပဲယင်းမြို့နယ်
