၂၀၂၆၊ ဖေဖော်ဝါရီလ ၁၆ ရက်

အိန္ဒိယအစိုးရသည် နိုင်ငံအတွင်း နေထိုင်သူများ၏ ဒေတာခိုးယူခံရမှုနှင့် ကိုယ်ရေးအချက်အလက် အလွဲသုံးစားလုပ်ခံရမှုများကို တားဆီးရန်အတွက် အာဒါကတ် (Aadhaar) ဟုခေါ်သော ဇီဝအချက်အလက်အခြေပြု သက်သေခံကတ်ပြားကို ပုံစံသစ်ဖြင့် ပြောင်းလဲရန် စီစဉ်နေကြောင်း သိရပါတယ်။
အဆိုပါ ပြင်ဆင်မှုအရ အသစ်ထုတ်ဝေမည့် ကတ်ပြားများ၏ မျက်နှာစာတွင် ကတ်ပိုင်ရှင်၏ အမည်၊ လိပ်စာ၊ မွေးသက္ကရာဇ်နှင့် ၁၂ လုံးပါ အာဒါနံပါတ် စသည့် အရေးကြီး အချက်အလက်များကို ရိုက်နှိပ်ဖော်ပြတော့မည် မဟုတ်ဘဲ ကတ်ပိုင်ရှင်၏ ဓာတ်ပုံနှင့် လုံခြုံစိတ်ချရသည့် QR Code တစ်ခုသာ ပါဝင်တော့မည် ဖြစ်ပါတယ်။
အာဒါကတ်သည် အိန္ဒိယနိုင်ငံသားဖြစ်မှုကို အတည်ပြုပေးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မဟုတ်ဘဲ နိုင်ငံအတွင်း နေထိုင်သူဖြစ်ကြောင်း သက်သေခံသည့် အထူးကတ်ပြားသာ ဖြစ်ပါတယ်။ ယခုကဲ့သို့ အကြီးစား ပြောင်းလဲမှု ပြုလုပ်ရခြင်းမှာ ကတ်ပြားပေါ်ရှိ အချက်အလက်များကို အသုံးပြုပြီး SIM Card အလွဲသုံးစားလုပ်ခြင်း၊ ခွင့်ပြုချက်မဲ့ ချေးငွေရယူခြင်းနှင့် ဘဏ်အကောင့်များမှ ငွေကြေးခိုးယူခြင်း စသည့် ရာဇဝတ်မှုများကို ဟန့်တားနိုင်ရန် ရည်ရွယ်ခြင်း ဖြစ်တယ်လို့ NDTV အပါအဝင် ဒေသတွင်း သတင်းဌာနများက ဖော်ပြပါတယ်။
အထူးသဖြင့် ဟိုတယ်များ၊ ရုံးဌာနများနှင့် ပွဲလမ်းသဘင်များတွင် ကတ်ပြားအား မိတ္တူကူးခြင်း သို့မဟုတ် ပြသခြင်းများ ပြုလုပ်ရာ၌ ကိုယ်ရေးကိုယ်တာ အချက်အလက်များ ပေါက်ကြားမှုကို ယခုစနစ်သစ်က ထိရောက်စွာ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ၏ ထူးခြားသက်သေခံ အာဏာပိုင်အဖွဲ့ (UIDAI) အနေဖြင့် ယခုပုံစံသစ်နှင့် ပတ်သက်၍ တရားဝင် အတည်ပြုချက် မထုတ်ပြန်သေးသော်လည်း QR အခြေပြု စစ်ဆေးသည့်စနစ်သို့ ကူးပြောင်းရန် ကြိုးပမ်းနေမှုမှာ ကာလအတန်ကြာခဲ့ပြီ ဖြစ်ပါတယ်။
ယခုအခါ QR Code ကို စကန်ဖတ်ရုံဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ကတ်ပိုင်ရှင်၏ ခွင့်ပြုချက်ဖြင့်သာ လိုအပ်သည့် အချက်အလက်များကို ကြည့်ရှုနိုင်မည့် “ရွေးချယ်ခွင့်ပြုစနစ်” (Selective Credential Sharing) ကို အကောင်အထည်ဖော်လာခြင်း ဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပင် အိန္ဒိယအစိုးရသည် အာဒါကတ်အတွက် မိုဘိုင်းလ်အက်ပလီကေးရှင်း အသစ်တစ်ခုကိုလည်း မိတ်ဆက်ခဲ့ပြီး ယင်းတွင် မျက်နှာပြင်စစ်ဆေးခြင်း (Face Authentication) နှင့် ဇီဝဗေဒဆိုင်ရာ အချက်အလက်များကို တစ်ချက်နှိပ်ရုံဖြင့် ပိတ်သိမ်းနိုင်သည့်စနစ်များ ပါဝင်လာပါတယ်။
လက်ရှိ အာဒါကတ် အသုံးပြုသူများသည် ၎င်းတို့၏ ကတ်ဟောင်းများကို ဆက်လက် အသုံးပြုနိုင်ဖွယ်ရှိသော်လည်း နောက်ပိုင်းတွင် စနစ်သစ်သို့ တဖြည်းဖြည်းချင်း ကူးပြောင်းပေးသွားဖွယ် ရှိနေပါတယ်။ သို့သော်လည်း နည်းပညာ ကျွမ်းကျင်သူအချို့ကမူ QR Code ဖတ်စက်များ နေရာအနှံ့အပြားတွင် လိုအပ်လာမည်ဖြစ်ရာ ဒစ်ဂျစ်တယ် လက်လှမ်းမီမှု အားနည်းသည့် ဒေသများအတွက် စိန်ခေါ်မှုများ ရှိလာနိုင်ကြောင်း ထောက်ပြထားကြပါတယ်။
Source : firstpost , UIDAI Privacy Changes
