The Zoland Post | မေ ၇၊ ၂၀၂၆

ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့ ချင်းပြည်နယ် ဖလမ်းမြို့ကို အကြမ်းဖက် စစ်ကောင်စီက ပြန်လည်သိမ်းပိုက်ပြီးနောက် မနေ့က မေလ ၆ ရက်နေ့ ညနေပိုင်းမှာ အုပ်ချုပ်ရေးအဖွဲ့တွေ ရောက်ရှိလာကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာက ဖော်ပြထားပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်အဖွဲ့က ၂၀၂၅ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီက ၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ဖလမ်းမြို့ကို စစ်ကောင်စီက ထိန်းချုပ်ပြီးနောက် ၁၀ ရက်အကြာ မနေ့က ကလေးမြို့မှာ ယာယီအခြေစိုက်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ Non CDM ဝန်ထမ်းတွေကို စေလွှတ်ပို့ဆောင်ခဲ့ပြီး ဝန်ထမ်းအင်အား ၁၀၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဌာနဆိုင်ရာတွေနဲ့ ဝန်ထမ်းအများစုမှာ ကလေးမြို့သို့ သွားရောက် စစ်ရှောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ အဲဒီဝန်ထမ်းတွေကို ပြန်လည်ခေါ်သွင်းလာတာဖြစ်ပါတယ်။
“ဝန်ထမ်းတွေ ပြန်လာတယ်ဆိုတာက သူတို့ဆန္ဒထက် အထက်က အတင်းခိုင်းလို့ ပြန်လာကြတာပါ။ အမိန့်ဆိုတော့လည်း နားထောင်ကြရတာပေါ့။ ဒါပေမဲ့ မြို့ခံတွေကတော့ သူတို့လို မဟုတ်ဘူးဗျ။ စစ်တပ်ရှိနေသရွေ့ ဘယ်သူမှ မလုံခြုံဘူးလို့ ခံစားနေရတော့ ဒီနေ့အထိ မြို့ထဲပြန်ဖို့ ခြေဦးတောင် မလှည့်ရဲကြသေးဘူး။” လို့ ဖလမ်းဒေသခံတစ်ဦးက ပြောပါတယ်။
အစိုးရအုပ်ချုပ်မှုယန္တရားပြန်လည် လည်ပတ်နိုင်ဖို့ ပထမသုတ်ဝန်ထမ်းအင်အား ၁၀၀ကျော်နဲ့ သင်းအုပ်ဆရာတော်အချို့တို့ဟာ ဖလမ်းမြို့သို့ ယမန်နေ့ ညနေပိုင်းမှာ အဆင်ပြေပြေရောက်ရှိခဲ့ကြောင်း စစ်ကောင်စီရဲ့ MRTV မှ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒေသခံ ငြိမ်ချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးကော်မတီကလည်း ပြန်လည်ဝင်ရောက်လာတဲ့ ဝန်ထမ်းတွေကို နှောင့်ယှက်ဟန့်တာတာမျိုးမပြုလုပ်ရန်၊ Non-cdm နဲ့ CDM ကြား ပဋိပက္ခမဖြစ်ပဲနေထိုင်ကြရန်နဲ့ အချင်းချင်း အပြစ်မတင်ပဲ နေထိုင်ကြဖို့ကို မေ ၄ရက်က တိုက်တွန်းနှိုးဆော်ထားပါတယ်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း “ကျောင်းဖွင့်ရာသီ ရောက်တော့မှာမို့ ကလေးတွေရဲ့ ကျောင်းကိစ္စကြောင့် နေရပ်ပြန်ဖို့ ဝန်လေးနေကြတာလည်း ပါပါတယ်။ ဒါ့အပြင် တခြားမြို့တွေမှာ စီးပွားရေး အခြေတကျ ဖြစ်နေပြီဖြစ်တဲ့အတွက် ဖလမ်းမြို့ထဲကို အခုချက်ချင်း အလောတကြီး ပြန်လာမယ့်သူကတော့ တော်ရုံရှိမှာ မဟုတ်ပါဘူး” လို့ ဆိုပါတယ်။
လက်ရှိမှာ ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း-ဟားခါးလမ်းပိုင်းက Țaal ကျေးရွာအတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၁၅၀ ခန့်ဟာ Laikua ဘက်သို့ ဆက်လက်ဦးတည်သွားနေပြီး Laikua မှတဆင့် Lairal ၊ Tio နှင့် Rihkhawdar ဘက်ကို ဆက်လက်လှုပ်ရှားနိုင်တဲ့အပြင် ဖလမ်းမှ Tibual နှင့် Rihkhawdar ဘက်သို့ စစ်ကြောင်းဝင်လာနိုင်တယ်လို့ သတင်းများလည်း ထွက်ပေါ်လျက်ရှိနေပါတယ်။
ချင်းပူးပေါင်းတော်လှန်ရေးရေးတပ်ဖွဲ့တွေဟာ ကလေး-သိုင်းငင်းလမ်း၊ သိုင်းငင်း-တီးတိန်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲတွေ ရှိနေပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ယာဉ်တမ်းကို လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ရာမှာ ဗိုလ်ကြီး ဇင်မျိုးမြတ် အပါအဝင် ၅ ဦး သေဆုံးသွားတယ်လို့ CDF-CDM Siyin တပ်ဖွဲ့ဆီက သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖလမ်းမြို့နယ်နဲ့ တီးတိန်မြို့နယ် တစ်ဝိုက်က ကျေးရွာတွေကို ဒရုန်းတွေ၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရပါတယ်။
