The Zoland Post | မေ ၇၊ ၂၀၂၆

ကလေးမြို့ကနေ ဖလမ်းဘက်ကို Non-CDM ဝန်ထမ်းတွေ ပို့ပေးဖို့ တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်မှုမှာ ဗိုလ်ကြီး ဇင်မျိုးမြတ် အပါအဝင် ၅ ဦး သေဆုံးသွားတယ်လို့ CDF-CDM Siyin တပ်ဖွဲ့ဆီက မီဒီယာတွေကို ဖြေကြားထားပါတယ်။
မနေ့က မေလ၆ရက်နေ့မှာ ကလေးမြို့နဲ့ သိုင်းငင်းရွာကြားက ဟိန်းဇင်ရွာနဲ့ ထေးဇန်ရွာကြားမှာရှိတဲ့ ကော်ဖီခြံအကွေ့အရောက်မှာ CDF-CDM Siyin က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး အတွင်းသတင်းပေး (ဖရဲသီး) ဆီကနေ အတိအကျ သတင်းရထားတာမို့လို့ အချိန်ကိုက် တိုက်ခိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
Non-CDM ဝန်ထမ်းတွေ ဖလမ်းမြို့ကို ပို့ဆောင်ဖို့ လုံခြုံရေးယူပြီး တက်လာတဲ့ ရှေ့ဆုံးကားတွေနဲ့ အလယ်က ဝန်ထမ်းကားတွေကို ကျော်လွှတ်လိုက်ပြီး နောက်ဆုံးက လိုက်လာတဲ့ကားကို အချိန်ကိုက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုမှာ ဗိုလ်ကြီးတစ်ဦး၊ ဗိုလ်တစ်ဦးနဲ့ ရဲဘော်နှစ်ဦးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပြီး ကျန်တဲ့ ရဲဘော်တစ်ဦးကလည်း ဒဏ်ရာတော်တော်ပြင်းတာမို့ အသက်ရှင်ဖို့ မဖြစ်နိုင်သလို စစ်ကောင်စီတပ်သားတွေဆီကနေ ပစ္စတိုတစ်လက် အပါအဝင် သေနတ် ၄ လက်နဲ့ တခြားဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ CDF-CDM Siyin တပ်ဖွဲ့ စစ်ဦးစီးချုပ်က ဆိုပါတယ်။
စစ်ကောင်စီဘက်က ဖလမ်းမြို့မှာ အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်နိုင်ဖို့ ဝန်ထမ်း ၁၀၀ ကျော်ကို ကလေးမြို့ကနေ ပို့ဆောင်ပြီး မနေ့က ဖလမ်းမြို့ရှိ မြို့တော်ခန်းမမှာ Non CDM ဝန်ထမ်းများကြိုဆိုပွဲပြုလုပ်ခဲ့တယ်ကြောင်း စစ်တပ်လော်ဘီချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
