The Zoland Post | အထူးဆောင်းပါး
နိုဝင်ဘာလ ၂၂၊ ၂၀၂၆
ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝနဲ့ ထန်တလန် မြို့နယ်သုံးခုအတွင်းက မရာဒေသမှာ ပြည်တွင်းစစ်ရေး ပဋိပက္ခတွေကြောင့် မူလကတည်းက ဆေးကုသမှုနဲ့ စားဝတ်နေရေး ခက်ခဲနေချိန်မှာ အဓိက ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ရေဇွာ-လိုင်လင်းပီ ကားလမ်းမကြီးပါ အခုချိန်ထိ ပြန်မပွင့်သေးတဲ့အတွက် ဒေသခံပြည်သူတွေဟာ အဘက်ဘက်က ပိုမိုခက်ခဲကျပ်တည်းလာနေပါတယ်။
ပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အဲဒီလမ်းမကြီးကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ တောင်းဆိုနေကြပေမဲ့ ဒေသတွင်း လက်နက်ကိုင်နဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေကြားမှာတော့ စစ်ရေးသံသယ၊ နယ်မြေပွတ်တိုက်မှုနဲ့ ဂိတ်ကြေးပြဿနာတွေကြောင့် အခုချိန်ထိ ပြန်မဖွင့်နိုင်သေးပါဘူး။
“လမ်းဖွင့်မှပဲ ပြည်မဘက်က ဆေးတွေလည်း လာနိုင်မယ်၊ စားဝတ်နေရေးလည်း အဆင်ပြေမှာ။ လမ်းပန်းဆက်သွယ်ရေးကြောင့် စားဝတ်နေရေးလည်း တော်တော်ခက်ခဲဖြစ်တယ်၊ ဆေးဝါး မလုံလောက်မှုကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးလည်း သွားချင်သလောက် မသွားနိုင်တော့ဘူး။ ဒီနှစ်ခုကတော့ အမြန်ဆုံး အဆင်ပြေရင် ပိုကောင်းတာပေါ့”
ဒါကတော့ ချင်းပြည်နယ်၊ မတူပီ၊ ပလက်ဝနဲ့ ထန်တလန် မြို့နယ်သုံးခု ဆက်စပ်နေတဲ့ မရာဒေသ၊ လိုင်လင်းပီမြို့ဘက်က ဆေးခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ကျန်းမာရေးဆရာမတစ်ဦး ပြောပြတဲ့ စကား ဖြစ်ပါတယ်။
ငါးနှစ်ကျော်ကြာမြင့်လာတဲ့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခကြောင့် မရာဒေသဟာ မတူပီ၊ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေဘက်က ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားခဲ့ပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ မူလကတည်းက အခက်အခဲ ကြုံတွေ့နေရတာပါ။
အဲဒီလို ခက်ခဲနေချိန်မှာ မကွေးတိုင်း၊ ဂန့်ဂေါဘက်ကနေ ရေဇွာမြို့ကို ဖြတ်ပြီး မရာဒေသနဲ့ ပြည်မကို အဓိက ချိတ်ဆက်ပေးထားတဲ့ ရေဇွာ-လိုင်လင်းပီ ကားလမ်းမကြီးပါ ဒေသတွင်း လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြား ပွတ်တိုက်မှုတွေကြောင့် ၂၀၂၃ ခုနှစ်ကုန်နဲ့ ၂၀၂၄ ခုနှစ်လောက်ကတည်းက ထပ်မံပိတ်ဆို့သွားခဲ့တဲ့အတွက် ဒေသခံတွေရဲ့ နေ့စဉ်ဘဝဟာ ပိုမိုကျပ်တည်းတဲ့ အခြေအနေကို ရောက်ရှိလာနေပါတယ်။

ပဋိပက္ခဒဏ်ပေါ် ထပ်ဆင့်ပိကျလာသည့် လမ်းပိတ်ဆို့မှုနှင့် ဆေးကုသမှု၊ စားဝတ်နေရေး အကျပ်အတည်း
ပြည်တွင်းစစ်ပွဲတွေကြောင့် မတူပီ၊ မင်းတပ်နဲ့ဘက်က လမ်းတွေ လုံးဝ အသုံးပြုလို့ မရတော့ချိန်မှာ ဂန့်ဂေါဘက်က လာတဲ့လမ်းဟာလည်း ရေဇွာမြို့အထိသာ ကားရောက်ပြီး ရေဇွာ-လိုင်လင်းပီ လမ်းပိုင်း ပိတ်ဆို့နေတဲ့အတွက် မရာဒေသတစ်ခုလုံးဟာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက်က လမ်းတစ်လမ်းတည်းကိုပဲ ခက်ခက်ခဲခဲ အားထားနေကြရပါတယ်။
ဒါပေမဲ့ အဲဒီ အိန္ဒိယနယ်စပ်လမ်းဟာလည်း မိုးရာသီမှာ လမ်းပျက်ပြီး ကားသွားလို့ မရသလို ကုန်တင်ကားတွေအတွက် ဂိတ်တံခါး အခက်အခဲတွေ ရှိနေပါတယ်။ အိန္ဒိယနယ်စပ်ကနေ လိုင်လင်းပီမြို့အထိ ပစ်ကပ် (Pickup) ကားသေးတစ်စီး ငှားရမ်းခဟာ မြန်မာငွေ ကျပ် ၁၀ သိန်းအထိ ပေါက်ဈေးရှိနေတယ်လို့ မရာဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရေဇွာ-လိုင်လင်းပီ လမ်းမကြီး ပိတ်ထားတဲ့အတွက် ရေဇွာဘက် သွားချင်ရင်လည်း တောလမ်းကနေ ပတ်သွားနေရပြီး သယ်ယူပို့ဆောင်စရိတ် (Carry ခ) တွေ အဆမတန် မြင့်တက်သွားပါတယ်။ စစ်ဘေးကြောင့် ဝင်ငွေရှာဖွေရ ခက်ခဲနေချိန်မှာ လမ်းပိတ်ဆို့မှုကြောင့် ဆန်တစ်အိတ်ကို ကျပ် တစ်သိန်းကျော်အထိ ထပ်မံဈေးတက်လာတဲ့အခါ သာမန်မိသားစုတွေဟာ ထမင်းနပ်မှန်အောင် စားဖို့တောင် အနိုင်နိုင် ဖြစ်လာကြပါတယ်။
“ဆန်က အမျိုးအစားအလိုက်ကွာတယ် အကောင်းစားဆိုရင် ၁၅၀၀၀၀ကနေ ၂၀၀၀၀၀ဝန်းကျင် ရှိတယ်။ အလတ် ကတော့ ၁၃၀၀၀၀-၁၅၀၀၀၀အထိ ရှိတယ်။ ပုံမှန်ဝင်ငွေ သိပ်မကောင်းတဲ့ လူတွေအတွက်ဆိုရင်တော့ ဆန်ပဲစားပြီးတော့ ဟင်းထည့်စားလို့ မရတော့မယ့် အခြေအနေ ဖြစ်နေတာပေါ့နော်” လို့ CDM ကျန်းမာရေးဆရာမက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ပဋိပက္ခကြောင့် ဆေးဝါးနဲ့ ကျန်းမာရေးဝန်ထမ်း ရှားပါးနေတဲ့ မရာဒေသမှာ ရေဇွာ-လိုင်လင်းပီလမ်း ပိတ်ဆို့နေမှုက လူနာတွေရဲ့ အသက်ရှင်သန်ခွင့်ကိုပါ ပိုမိုခြိမ်းခြောက်လာနေပါတယ်။ ပြည်မဘက်က လမ်းပိတ်နေလို့ မြန်မာဆေးဝါးတွေ မဝင်ရောက်နိုင်တော့တဲ့အခါ အိန္ဒိယဘက်က ဆေးဝါးတွေကို အစားထိုး သယ်ယူသုံးစွဲနေရပါတယ်။
ဒါပေမဲ့ အိန္ဒိယဆေးတွေဟာ မြန်မာဆေးတွေနဲ့ ဆေးပမာဏ (Dose) မတူညီတာ၊ တစ်ခါမှ မသိဖူးတဲ့ ဆေးအမည်တွေ ဖြစ်နေတာကြောင့် ကုသရာမှာ အခက်အခဲရှိသလို လမ်းကြမ်းတမ်းမှုကြောင့် ဆေးတွေ အချိန်မီ မရောက်ဘဲ လမ်းမှာ ဆေးလုံးကြေမွပျက်စီးတာတွေလည်း ကြုံနေရပါတယ်။
ကျန်းမာရေးဝန်ထမ်းတွေ ကျေးလက်ဒေသတွေဆီ ကွင်းဆင်းတဲ့အခါမှာလည်း အရပ်ဘက်အဖွဲ့အစည်း (NGO) က သယ်ယူစရိတ်ကို ၁၀ မိုင်အတွက် ကျပ် တစ်သိန်းနှုန်းပဲ တွက်ပေးပေမဲ့၊ မြေပြင်မှာ အမှန်တကယ် သွားလာစရိတ်က ၁၀ မိုင်ကို ကျပ် သုံးသိန်းလောက် ကုန်ကျနေတာကြောင့် လိုအပ်တဲ့ ကျပ် နှစ်သိန်းကို ဝန်ထမ်းတွေက ဟိုလှည့်ဒီလှည့်နဲ့ ဖြေရှင်းနေကြရတယ်လို့ ဆိုပါတယ်။
အရေးပေါ် လူနာတွေကို ဆေးရုံပို့ဆောင်ရာမှာလည်း ဆောင်းရာသီနဲ့ နွေရာသီမှာ လိုင်လင်းပီဘက်ကို ပို့ဆောင်လေ့ရှိပေမဲ့ မိုးရာသီမှာတော့ လမ်းပျက်ပြီး ရေကြီးလို့ သွားလို့မရပါဘူး။
နှဟရိန်နဲ့ ရေဇွာဘက်ကို သွားမယ်ဆိုရင်လည်း ကြားမှာ ဘွေနူးချောင်း (Boinu River) ကို ကူးရပြီး ရေကြီးချိန်မှာ ချောင်းကူးဖို့ နှစ်ရက်၊ သုံးရက်လောက် စောင့်ဆိုင်းရနိုင်တဲ့အတွက် လူနာအသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ချောင်းကူးစရာ မလိုတဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က ဆိုင်းဟာ (Saiha) မြို့ကိုပဲ အဓိက ပို့ဆောင်နေရပါတယ်။
မိုးရာသီမှာ လမ်းပြို၊ လမ်းပျက်ပြီး ကားနဲ့ ဆိုင်ကယ် သွားမရတဲ့ ဝေးလံခေါင်ဖျား ရွာတွေမှာတော့ ရွာသားတွေ စုပေါင်းပြီး လူနာကို ထမ်းစင်နဲ့ ထမ်းသယ်ကြရသလို၊ တခြားရွာနဲ့ မြို့ကို ဆေးသွားယူရတဲ့အခါ အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးကော်မတီ ပူးပေါင်းပြီး သယ်ယူစရိတ်အစား ဓာတ်ဆီဖိုးလေးပဲ စိုက်ထုတ်ကာ သယ်ယူပေးကြတာမျိုး ရှိပါတယ်။
ဝမ်းပျက်ဝမ်းလျှောကြောင့် အစုလိုက်အပြုံလိုက် သေဆုံးတာမျိုး မကြုံဖူးပေမဲ့၊ မီးဖွားရခက်ခဲတဲ့ မိခင်တချို့ဟာ ဆရာဝန်ရှိတဲ့ အဝေးဆေးရုံကို သွားဖို့ ငွေကြေးမတတ်နိုင်လို့ အသက်ဆုံးရှုံးခဲ့ရသလို ရွာတချို့မှာလည်း ငှက်ဖျားဆေးနဲ့ ကျွမ်းကျင်သူ မရှိလို့ နောက်ဆုံးအချိန်မှ ငှက်ဖျားမှန်း သိရပြီး အသက်ဆုံးရှုံးခဲ့ရတာတွေ ကြုံခဲ့ရတယ်လို့ CDM ဆရာမက ပြောပြပါတယ်။
လမ်းဖွင့်ပေးရန် တောင်းဆိုမှုများနှင့် လမ်းမပွင့်သေးသည့် အကြောင်းရင်းအပေါ် ရှုထောင့်လေးခု
စစ်ဘေးဒဏ်ကြားမှာ ရေဇွာ-လိုင်လင်းပီ လမ်းပိတ်ဆို့မှုကပါ ပြည်သူတွေကို အဘက်ဘက်က ပိုမိုကျပ်တည်းစေတာကြောင့် အဲဒီလမ်းမကြီးကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့ ဒေသခံပြည်သူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေက တောင်းဆိုနေကြပါတယ်။ ဒါပေမဲ့ အဲဒီလမ်း ဘာကြောင့် အခုချိန်ထိ မပွင့်သေးတာလဲ ဆိုတဲ့အပေါ်မှာတော့ သက်ဆိုင်ရာ ဒေသခံတွေနဲ့ အုပ်ချုပ်ရေး အသိုင်းအဝိုင်းကြားမှာ မတူညီတဲ့ ရှုထောင့် လေးခု ရှိနေပါတယ်။
CDM ကျန်းမာရေးဆရာမကတော့ မရာနယ်နိမိတ်အထိ Maraland Territorial Council / Maraland Defense Force (MTC/MDF) က တာဝန်ယူပြီး အဲဒီဟိုဘက်မှာ လောက်တူနဲ့ CDF-ဇိုတုန်း နယ်မြေတွေ ရှိပေမဲ့ ဘယ်အဖွဲ့က ဘာကြောင့် အခုချိန်ထိ ပိတ်ထားသလဲဆိုတာ သူ့အနေနဲ့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။
မရာဒေသခံ အမျိုးသားတစ်ဦးကတော့ ဂန့်ဂေါဘက်က လာတဲ့လမ်းဟာ ရေဇွာမြို့အထိပဲ ကားရောက်ပြီး၊ ချင်းလဲန်းကောင်စီ (CC) လက်အောက်ခံ လောက်တူ (Lautu) အဖွဲ့နဲ့ ချင်းညီနောင် (CB) အဖွဲ့ဝင် မရာ (MTC/MDF) တို့ကြားက စစ်ရေးသံသယနဲ့ ပဋိပက္ခကြောင့် ရေဇွာ-လိုင်လင်းပီ လမ်းပိုင်း ပိတ်ဆို့နေရတာလို့ အခုလို ပြောပြပါတယ်။
“ရေဇွာထိပဲ ကားရောက်တယ်ဆိုတော့ အဲဒီကြားမှာ ကျွန်တော်တို့ မရာနဲ့ လောက်တူက ပြဿနာဖြစ်နေတော့ အဲဒီလမ်းကိစ္စ ဘယ်လိုဆောင်ရွက်ရမလဲ။ ဥပမာအားဖြင့် ကျွန်တော်တို့ မရာအနေနဲ့ ဆောင်ရွက်မယ်ဆိုရင်လည်း လောက်တူဘက်က စစ်ကြောင်းတွေ၊ ဟိုဘက် CC တို့ဘာတို့ ရန်သူတွေ လာဖို့ လမ်းဖွင့်သလိုမျိုး ဖြစ်တော့မယ်။ ဒီနှစ်ဖွဲ့က အဆင်ပြေမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေသတွင်း ပြည်သူလူထုတွေအတွက် စားဝတ်နေရေးအတွက်လည်း လမ်းပန်းဆက်သွယ်ရေးလည်း အခုလောလောဆယ်တော့ အဆင်ပြေမယ်လို့ ကျွန်တော် ထင်တယ်။”
ပြည်သူတွေရဲ့ လမ်းဖွင့်ပေးရေး တောင်းဆိုချက်နဲ့ ပတ်သက်ပြီး MTC ရဲ့ ကျန်းမာရေးနဲ့ ပညာရေးဌာန ပူးတွဲတာဝန်ခံ အမှုဆောင်အတွင်းရေးမှူး (Executive Secretary) ကို မေးမြန်းရာမှာတော့ စားနပ်ရိက္ခာ ဖူလုံရေးအတွက် လမ်းပန်းဆက်သွယ်ရေးက နံပါတ်တစ် အရေးကြီးဆုံး ဖြစ်နေတာကြောင့် အဲဒီလမ်းပြန်ဖွင့်နိုင်ရေးအတွက် MTC နဲ့ ညီနောင်မဟာမိတ် (CB/CBU) ဘက်က အလွတ်သဘောရော တရားဝင် မြေပြင် (On-ground) အနေနဲ့ပါ တွေ့ဆုံဆွေးနွေးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ တိကျတဲ့ ဥပဒေနဲ့ မူဘောင်မရှိဘဲ ချက်ချင်းဖွင့်လိုက်ရင် နောက်ဆက်တွဲ ပဋိပက္ခတွေ ပေါ်ပေါက်လာမှာ စိုးရိမ်ရတယ်လို့ သူက အခုလို ရှင်းပြပါတယ်။
“ဒီလမ်းဖွင့်နိုင်ရေးကို လုံးဝ မဖွင့်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုလက်ရှိ ချက်ချင်းကြီး သွားလုပ်မယ့် ဟာမျိုးလည်း မဟုတ်ပြန်ဘူးပေါ့နော်။ ဟိုဘက်က ညီနောင်တွေဖြစ်တဲ့ လောက်တူလည်း ရှိတယ်၊ ကြားထဲမှာ ဇိုတုန်တွေလည်း ရှိနေတဲ့ အခါကျတော့ သေချာတဲ့ ဥပဒေတွေ၊ မူဘောင်လေးတွေကို ထားရှိပြီးတော့မှပဲ လုပ်ရင်တော့ ကြားထဲမှာ နောက်ဆက်တွဲ ပဋိပက္ခတွေက ပိုနည်းသွားမှာပေါ့နော်။ ဒီဟာလေးတွေ မရှိဘဲနဲ့ ပြည်သူလူထုကပဲ လိုချင်တယ်ဆိုပြီး ဒီလမ်းကြောင်းကို ဖွင့်လိုက်မယ်ဆိုရင် မလိုလားအပ်တဲ့ ပဋိပက္ခတွေက မရာလူထုအတွက်ရော ချင်းတစ်ပြည်နယ်လုံးအတွက်ပါ ဖြစ်လာနိုင်မယ်ဆိုတဲ့ အတွေးတွေကြောင့် ယာယီဆွေးနွေးနေဆဲ ကာလ ဖြစ်ပါတယ်။”
လမ်းဖွင့်လှစ်ရေးမှာ ဘယ်လို စစ်ရေးပြဿနာ အသေးစိတ်တွေ ရှိနေသလဲဆိုတဲ့ မေးခွန်းအပေါ်မှာတော့ အဆိုပါ အမှုဆောင်အတွင်းရေးမှူးက မှန်းဆချက်သာ ဖြစ်တဲ့အတွက် သူ့အထက်က အထွေထွေအတွင်းရေးမှူးအဖွဲ့၊ ဥက္ကဋ္ဌအဖွဲ့နဲ့ တရားဝင် ပြောရေးဆိုခွင့်ရှိသူတွေက ဖြေကြားတာ ပိုမိုသင့်တော်မယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
တစ်ဖက်က လောက်တူဒေသ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူ ဒေသခံတစ်ဦးကတော့ ရေဇွာ-လိုင်လင်းပီ လမ်းပိုင်းကို အဲဒီဒေသမှာ အခြေချတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ တရားဝင် ပိတ်ထားတာ မရှိဘူးလို့ ပြောပါတယ်။
တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား ပွတ်တိုက်မှုတွေ ရှိနေတဲ့အတွက် ကုန်ကားတွေ မသွားရဲတာသာ ဖြစ်ပြီး၊ ဝဉ ဝယ်တဲ့အခါ ကားတွေဝင်နိုင်ကြတယ်လို့ ဆိုပါတယ်။ လမ်းကြောင်းပေါ်မှာ စစ်ဆေးရေးဂိတ် သုံး၊ လေးခုလောက် ရှိနေကာ ဂိတ်ဖြတ်သန်းခ များလွန်းလို့ ကုန်ကျစရိတ် မကိုက်တဲ့အတွက် ကုန်ကားတွေ မသွားချင်ကြတာ ဖြစ်ပြီး ကုန်ပစ္စည်းတွေ ပြည်မဘက်ကနေ သယ်ရင် ဈေးများလွန်းတာကြောင့် အိန္ဒိယဘက်က ပိုဈေးချိုလို့ အိန္ဒိယလမ်းကိုပဲ သုံးကြတယ်လို့ ဆိုပါတယ်။
ဂိတ်ကြေးကောက်ခံမှု များပြားနေတဲ့ ပြဿနာကို အဖွဲ့အစည်းတွေ တွေ့ဆုံညှိနှိုင်းရင်တောင် ပြေလည်နိုင်ဖို့ ခက်ခဲမယ်လို့ လောက်တူအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက သုံးသပ်ပါတယ်။
လက်ရှိ ဒေသခံ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ရပ်တည်ရေးအတွက် ဂိတ်ကြေးကိုသာ အဓိက အားထားနေရတာကြောင့် ချင်းလဲန်းကောင်စီ (Chinland Council) က ဥပဒေနဲ့ သတ်မှတ်ဖို့ သဘောတူညီရင်တောင် တစ်ပြည်နယ်လုံး တစ်ခုတည်းသော ဘတ်ဂျက် (One Budget) စနစ်နဲ့ မသွားနိုင်သရွေ့ လက်တွေ့အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ သူ့အမြင်ကို ပြောပြပါတယ်။

လမ်းမကြီး မပွင့်သေးချိန် ကိုယ်ထူကိုယ်ထ နယ်စပ်လမ်း ဖောက်နေရသည့် ပြည်သူတို့၏ ရုန်းကန်မှု
ရေဇွာ-လိုင်လင်းပီ လမ်းမကြီး ပြန်ပွင့်ဖို့ မသေချာသေးတဲ့ အခြေအနေမှာ မရာဒေသခံ ပြည်သူတွေနဲ့ MTC အုပ်ချုပ်ရေးအဖွဲ့တို့ဟာ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးအတွက် သူ့နည်းသူ့ဟန်နဲ့ ကြိုးပမ်းနေကြပေမဲ့ ရန်ပုံငွေ အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။
မရာဒေသဟာ မြို့နယ်သုံးခုစလုံးရဲ့ အစွန်အဖျားမှာ ရှိနေလို့ ခေတ်အဆက်ဆက် အစိုးရလက်ထက်ကတည်းက လမ်းမပေါက်တဲ့ ရွာတွေ အများကြီး ရှိခဲ့တဲ့အတွက် အခုကြားကာလမှာ MTC က လမ်းဖောက်တာနဲ့ တံတားထိုးတာကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ MTC အမှုဆောင်အတွင်းရေးမှူးက ပြောပါတယ်။
ငွေကြေး ၁၀၀ ရာခိုင်နှုန်း မထောက်ပံ့နိုင်ပေမဲ့ MTC မှာရှိတဲ့ JCB မြေထိုးစက်ကြီးကို စိုက်ထုတ်ပေးပြီး ကျေးရွာလူထုက လုပ်အားနဲ့ ဒီဇယ်ဆီဖိုး စိုက်ထုတ်တဲ့ တစ်ဝက်စီ (Half-half) စနစ်နဲ့ ဆောင်ရွက်ပေးသလို အများသုံး လမ်းမကြီးတွေမှာ ဘာသာရေးအဖွဲ့ချုပ် ဌာနချုပ်ကလည်း ပါဝင်ကူညီတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နှစ်စဉ် မိုးရာသီကုန်လို့ ဆောင်းရာသီ ဝင်တော့မယ့် အချိန်တိုင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေက တိုက်နယ်အလိုက် အစည်းအဝေးခေါ်ပြီး ရွာချင်းဆက်လမ်းတွေကို ဘယ်နေရာအထိ ဘယ်ရွာက တာဝန်ယူ ရှင်းလင်းမလဲဆိုတာ ခွဲဝေဆောင်ရွက်ကြပါတယ်။
ဒါပေမဲ့ မြေပြင်က ဒေသခံ အမျိုးသားတစ်ဦးကတော့ သူတို့ဒေသမှာ လမ်းပန်းဆက်သွယ်ရေးအတွက် NGO နဲ့ ဒေသန္တရအုပ်ချုပ်ရေးဘက်က ငွေကြေးကူညီနိုင်တာ မရှိတဲ့အတွက် လိုင်လင်းပီကနေ မာလာ၊ ပါရာ ရွာတွေဘက်ကတစ်ဆင့် အိန္ဒိယနယ်စပ်ကို ပေါက်မယ့်လမ်းကို ရပ်ရွာပြည်သူတွေချည်း ကိုယ်ထူကိုယ်ထ ငွေကောက်ခံပြီး ဖောက်လုပ်နေရတယ်လို့ ပြောပါတယ်။
အဲဒီ အိန္ဒိယနယ်စပ်လမ်း ဖောက်လုပ်ဖို့အတွက် သာမန်အိမ်ထောင်စု တစ်စုကို ကျပ် ၅၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိနဲ့ ဝင်ငွေကောင်းတဲ့ ကုန်သည်၊ စီးပွားရေးသမားတွေကိုတော့ တစ်ဦး ကျပ် ငါးသိန်းနှုန်း ကောက်ခံပြီး မနှစ်က စတင်ဖောက်လုပ်ခဲ့ပေမဲ့ ငွေမလောက်တော့လို့ လမ်းတစ်ပိုင်းတစ်စနဲ့ ရပ်နားခဲ့ရပါတယ်။
“မနှစ်ကတော့ အဲဒီ အိန္ဒိယလမ်းကို ဖောက်လုပ်ပါတယ်။ ဒါပေမဲ့ ပိုက်ဆံက မလောက်တော့ဘူး။ ငွေကြေးက တအားခက်ခဲတယ်ဆိုတော့လေ နှစ်မိုင်၊ သုံးမိုင်လောက်ပဲ ဖောက်တယ်။ အခုက အိန္ဒိယရောက်မယ့်ဟာကို လက်ကျန်က ကိုးမိုင်လောက် ကျန်သေးတယ်” လို့ အဆိုပါ ဒေသခံအမျိုးသားက ပြောပြပါတယ်။
အဲဒီ လက်ကျန် ကိုးမိုင်ကို ဆက်လက်ဖောက်လုပ်နိုင်ဖို့အတွက် အခု ဆောင်းတွင်းကာလမှာ ရပ်ရွာပြည်သူတွေဆီကနေ ငွေကြေးထပ်မံကောက်ခံပြီး နိုင်ငံခြားရောက် ဆွေမျိုးသားချင်းတွေရဲ့ အကူအညီနဲ့ ဆက်ဖောက်ဖို့ စီစဉ်နေကြရပါတယ်။
အယ်ဒီတာအဖွဲ့၏ ဆောင်ရွက်ချက်နှင့် စာဖတ်သူများ ပါဝင်နိုင်မှု
လက်ရှိအချိန်ထိ ကုန်သွယ်ရေးလမ်းကြောင်း လုံခြုံမှုအတွက် သဘောတူညီချက် မူဘောင်တစ်ခု ဘယ်အချိန်မှာ ပေါ်ပေါက်လာမလဲ ဆိုတာနဲ့ စစ်ဆေးရေးဂိတ်ကြေးတွေကို ဘယ်လို လျှော့ချထိန်းညှိပေးမလဲ ဆိုတဲ့ မေးခွန်းတွေကတော့ အဖြေမရသေးဘဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
The Zoland Post သတင်းဌာန အနေနဲ့ ရေဇွာ-လိုင်လင်းပီ လမ်းပိုင်း ပြန်လည်ပွင့်လာနိုင်ရေးနဲ့ ဂိတ်ကြေးဆိုင်ရာ ကိစ္စရပ်တွေအပေါ် ဒေသခံပြည်သူများနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနဲ့လည်း မိမိတို့ရဲ့ အတွေ့အကြုံတွေ၊ မေးခွန်းတွေနဲ့ ပြန်လည်ရှင်းလင်းချက်တွေကို The Zoland Post ရဲ့ လူမှုကွန်ရက် စာမျက်နှာ Messenger နဲ့ တရားဝင် အီးမေးလ် လိပ်စာတွေကတစ်ဆင့် လုံခြုံစိတ်ချစွာ ဆက်သွယ်ပေးပို့နိုင်ပါတယ်။
(Editorial Team)
