The Zoland Post | မေ ၇ ရက်၊ ၂၀၂၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ ကပစ (၂၂) ကနေ ထွက်လာတဲ့ အင်အား ၅၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မေလ ၅ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပုသိမ်-မုံရွာလမ်းပေါ်က သစ်ညီနောင်လမ်းခွဲ မြောက်ဘက်နားမှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းထောင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမိုင်းဆွဲမှုကြောင့် စစ်ကောင်စီတပ်သား ၂ ဦး နေရာတင် သေဆုံးခဲ့ပြီး ၃ ဦးကတော့ ခြေထောက်ပြတ်သွားတဲ့အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ဆိပ်ဖြူပြောက်ကျား တကိုယ်တော် ကျားဇိုး LDF အဖွဲ့၊ ပေါက်မြို့နယ် ပကဖ အဖွဲ့နဲ့ ရပ်ကျေး ပကဖ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ မိုင်းဆွဲတိုက်ခိုက်ချိန်မှာ တော်လှန်ရေးရဲဘော်တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို ဒေသခံတော်လှန်ရေး အဖွဲ့တွေက အနီးကပ်စောင့်ကြည့်ပြီး ဟန်ချက်ညီညီ ခုခံတိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
