The Zoland Post| မေ ၇၊ ၂၀၂၆

ချင်းပြည်နယ် မြောက်ပိုင်းမှာ စစ်ရေးအရှိန် မြင့်တက်နေချိန် တီးတိန်မြို့နယ်အတွင်းက Phunom (ဖူးနွမ်း) ကျေးရွာမှာရှိတဲ့ နောက်တန်း ထောက်ပို့စခန်းတစ်ခုကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် PDF Zoland က ရဲမေ ၅ ဦး အပါအဝင် တော်လှန်ရေးရဲဘော် ၇ ဦး ကျဆုံးသွားခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒီတိုက်ခိုက်မှုဟာ မေလ ၆ ရက်နေ့ ညနေပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့တာဖြစ်ပြီး ပထမအကြိမ် ညနေ ၄ နာရီခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီး ၃ လုံး ကြဲချခဲ့ပြီး တစ်လုံးသာ ပေါက်ကွဲခဲ့ပေမယ့် ညနေ ၆ နာရီခွဲဝန်းကျင် ဒုတိယအကြိမ် တိုက်ခိုက်မှုမှာတော့ အထိအခိုက် အကျဆုံး များပြားခဲ့တာလို့ သိရပါတယ်။
“ရဲဘော်တွေ ညနေစာအတွက် ထမင်းဟင်း ပြင်ဆင်နေတဲ့အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးသီးတွေ ကြဲချသွားတာပါ။ အလစ်အငိုက် မိသွားတာပေါ့ဗျာ။ ကျဆုံးသွားတဲ့အထဲမှာ တိုင်းပြည်အတွက် ပေးဆပ်သွားတဲ့ ရဲမေ ၅ ဦးတောင် ပါဝင်နေပါတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်တစ်ခုက The Zoland Post ကို ပြောပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်၂၀နှစ် ဝန်းကျင်အရွယ်တွေဖြစ်ကြတဲ့ ရဲမေ Haunu၊ ရဲမေ Zomnu၊ ရဲမေ Sungsung၊ ရဲမေ Neuneu၊ ရဲမေ Siancing တို့အပါအဝင် ရဲဘော် Siantawng (Miaumiau) ၊ ရဲဘော် Lianbawi ( Arluu) တို့ မြင့်မြတ်စွာကျဆုံးသွားတာပါ။
ဒီတိုက်ခိုက်မှုကြောင့် လူအသေအပျောက် ရှိရုံတင်မကဘဲ Phunom ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းလည်း ဗုံးသီး ထိမှန်ခဲ့ပြီး တစ်ကျောင်းလုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှေ့တန်းမှာ မဟုတ်ဘဲ၊ နောက်တန်းက ထောက်ပို့တပ်ဖွဲ့ဝင်တွေနဲ့ ဘာသာရေးအဆောက်အအုံကို ဒလန်ရဲ့ သတင်းပေးမှုကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
“ရှေ့တန်းမှာ တိုက်ပွဲတွေကတော့ တော်တော်လေး ပြင်းထန်နေတာ။ စစ်ကောင်စီက မြေပြင်မှာ အထိနာလေလေ၊ နောက်တန်းက ထောက်ပို့တွေနဲ့ အရပ်သားတွေကို လေကြောင်းနဲ့ လိုက်တိုက်လေလေပဲ” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတစ်ဦးက မှတ်ချက်ပေးပါတယ်။
တီးတိန်-ကလေးလမ်းပေါ်က ထန်မွှာလ်တောင် ဒေသအခေါ် လေထန်ကုန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား မေလ ၂ ရက်နေ့ကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာဖြစ်ပါတယ်။
မေလ ၅ရက်နေ့မှာတော့ လေထန်ကုန်းမှာရှိတဲ့ PDF Zoland ရဲ့ကာကင်းစခန်းနဲ့ ကနေဒီတောင်က စခန်းကို စစ်ကောင်စီတပ်ဘက်က ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ စစ်ကောင်စီ သတင်းဝါဒဖြန့်တဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ဖော်ပြကြပါတယ်။
အခုလို စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ ကာကင်းစခန်း သိမ်းပိုက်မှုအပါအဝင် တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး တီးတိန်မြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ PDF Zoland တပ်ဖွဲ့အနေနဲ့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။
ချင်းညီနောင်အပါအဝင် မဟာမိတ်တော်လှန်ရေးအင်အားစုတွေက တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်မယ်ဆိုတဲ့သတင်းကြောင့် မြို့ပေါ်နဲ့ အနီးနားကျေးရွာတွေက ဒေသခံပြည်သူအများအပြားက စစ်ဘေးကြိုတင်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
