
The Zoland Post | ဧပြီ ၂၅၊ ၂၀၂၆
မကွေးတိုင်း၊ နတ်မောက်မြို့အဝင်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က (၄) ဦး သေဆုံးပြီး ဘန်ကာ (၃) ခုကိုပါ ချေမှုန်းနိုင်ခဲ့ကြောင်း သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်းက ဧပြီလ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ နတ်မောက်-မြို့သစ် လမ်းပိုင်းပေါ်က နတ်မောက်မြို့အဝင် တောင်ဘက်ဂိတ်ကို တော်လှန်ရေးရဲဘော်တွေက စတင်စီးနင်းခဲ့တာပါ။ ၄၅ မိနစ်ခန့်ကြာမြင့်တဲ့ အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ မိန်းဘန်ကာ၊ ကင်းမျှော်စင်ဘန်ကာနဲ့ ဘန်ကာအသေး စုစုပေါင်း (၃) ခုကို အောင်အောင်မြင်မြင် ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက “ကျွန်တော်တို့ ဘန်ကာ ၃ ခုကို ချေမှုန်းပြီး ကျန်တဲ့ဘန်ကာတစ်ခုကို အပြီးသတ်တိုက်နေတုန်းမှာ မြို့ပေါ်ကနေ ၁၂၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးလာသလို ဒရုန်း ၂ စီးနဲ့လည်း ပြန်တိုက်ခိုက်လာတာကြောင့် အောင်မြင်စွာနဲ့ ခွာစစ်ဆင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၃ ဦးကတော့ စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိသွားပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ရဲဘော် ၂ ဦး မစိုးရိမ်ရတဲ့ ဒဏ်ရာအနည်းငယ် ရရှိခဲ့ပါတယ်။ အဆိုပါစစ်ဆင်ရေးကို သရက်ခရိုင် အမှတ် (၃) ငါးပြေမတပ်ရင်း၊ Aung San’s Land – NatMauk နဲ့ နတ်မောက်မြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေးအဖွဲ့တွေက မိဘပြည်သူတွေကို အခုလိုပဲ မေတ္တာရပ်ခံထားပါ တယ်။ “စစ်ကောင်စီတပ်တွေနဲ့ အနီးကပ် မနေကြဖို့၊ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုကိုတွေ့ရင် ခြေသံလုံလုံနဲ့ ကူညီပေးကြဖို့နဲ့ အောင်ပွဲရဖို့အတွက် အားသွန်ခွန်စိုက် ဆက်လက်ဝန်းရံပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ထုတ်ပြန်ထားပါတယ်။
