The Zoland Post | ဧပြီ ၂၅၊ ၂၀၂၆

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စတာ ဝမ်ယိဟာ သူ့ရဲ့ သုံးနိုင်ငံခရီးစဉ်ရဲ့ နောက်ဆုံးခရီးအဖြစ် ဒီကနေ့ ဧပြီလ ၂၅ ရက် ညနေပိုင်းမှာ နေပြည်တော်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
မစ္စတာ ဝမ်ယိဟာ ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံခရီးစဉ်တွေကို အဆုံးသတ်ပြီးနောက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်ပြီး နေပြည်တော်မှာ စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေး သွားဖို့ ရှိနေပါတယ်။
ဒီတွေ့ဆုံမှုမှာ နယ်စပ်လုံခြုံရေး၊ ကုန်သွယ်ရေးပြန်စတင်နိုင်ရေးနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ပိုးလမ်းမ (BRI) စီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ရေးကိစ္စ တွေကို အဓိကထား ဆွေးနွေးသွားမယ်လို့ တရုတ်-မြန်မာအရေး လေ့လာသူတွေက ခန့်မှန်းထားကြပါတယ်။
ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “တရုတ်-မြန်မာ ‘ဆွေမျိုးပေါက်ဖော်’ ချစ်ကြည်ရေးကို ပိုမိုထွန်းကားလာစေဖို့ မျှော်လင့်တယ်” လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံရေး လေ့လာသူတစ်ဦးကတော့ “ဒီခရီးစဉ်ဟာ စစ်ကောင်စီဘက်က သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် တရုတ်ဆီကနေ အကူအညီတောင်းဖို့ အများဆုံး သုံးနိုင်ချေရှိတယ်” လို့ သုံးသပ်ပြောဆိုထားပါတယ်။
ဝမ်ယိရဲ့ ခရီးစဉ်ကြောင့် နေပြည်တော်တစ်ဝိုက်မှာ လုံခြုံရေးကို အထူးတင်းကျပ်ထားပြီး လေဆိပ်ကနေ စစ်တပ်ရဲ့ VVIP လုံခြုံရေးစနစ်နဲ့ သွားလာနေတာကို တွေ့ရပါတယ်။
နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးကလည်း “နေပြည်တော်မှာ လုံခြုံရေး တော်တော်လေးကို တင်းကျပ်ထားတယ်” လို့ ဆိုပါတယ်။
ထူးခြားချက်အနေနဲ့ ဒီခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းတစ်စုံတစ်ရာ ကြားရနိုင်မလားဆိုတာကိုလည်း နိုင်ငံတကာက စောင့်ကြည့်နေကြပါတယ်။ ဝမ်ယိဟာ ဧပြီ ၂၆ ရက်နေ့မှာတော့ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
