The Zoland Post | ဧပြီ ၂၅၊ ၂၀၂၆

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က အကြမ်းဖက်စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို ပြတ်သားစွာ ပယ်ချလိုက်ပြီး တော်လှန်ရေးအင်အားစုများအနေနဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်များဖြင့် စုစည်းကာ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသည်အထိ တိုက်ပွဲဝင်သွားရန် ဒီကနေ့မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်အုပ်စုက ဧပြီလ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားတာဟာ နိုင်ငံရေးအရ အကြပ်အတည်းတွေ့နေချိန်မှာ သပ်လျှိုသွေးခွဲရန် နဲ့ တရားဝင်မှုရရှိရန် ကြိုးပမ်းတဲ့ အတုအယောင်လုပ်ရပ်သာ ဖြစ်တယ်လို့ NUCC က အချက်အလက်နဲ့ တကွ ထောက်ပြထားပါတယ်။
စစ်အုပ်စုဟာ ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ NCA လမ်းကြောင်းကို အသုံးချကာ တော်လှန်ရေးအင်အားစုများအကြား စိတ်ဝမ်းကွဲစေရန် ရည်ရွယ်နေတာဖြစ်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိရေးအတွက်လည်း အခုလို ဆွေးနွေးပွဲများကို အသုံးချရန် ကြိုးပမ်းနေတာဖြစ်ကြောင်း NUCC ကသုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံရဲ့ နှစ်ပေါင်း (၇၀) သမိုင်းတစ်လျှောက်မှာ စစ်တပ်က ငြိမ်းချမ်းရေးကို လက်နက်သဖွယ် အသုံးချခဲ့ပြီး နောက်ဆုံးမှာ အာဏာသိမ်းမှုဖြင့်သာ အဆုံးသတ်ခဲ့တာကြောင့် စစ်တပ်က နိုင်ငံရေးဦးဆောင်မှုမှာ ရှိနေသရွေ့ ဖက်ဒရယ်ဒီမိုကရေစီကို မည်သည့်အခါမျှ ရရှိနိုင်မှာ မဟုတ်ကြောင်း NUCC က ပြောပါတယ်။
လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုဟာ ကြိုတင်ကန့်သတ်ချက်မရှိဘူးလို့ စစ်အုပ်စုက ပြောထားပေမယ့် NCA လုပ်ငန်းစဉ်ကို အခြေခံထားတာဟာ စစ်အုပ်စု စိတ်ကြိုက်ခြယ်လှယ်နိုင်ရန် ကြိုတင်ဘောင်ခတ်ထားခြင်းသာ ဖြစ်တယ်လို့ ထောက်ပြထားတာပါ။
ဒါကြောင့် NUCC အနေနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် နိုင်ငံရေးဦးတည်ချက် ၆ရပ်အတိုင်း တော်လှန်ရေးအင်အားစုများအားလုံး ရပ်တည်သွားကြရန် တိုက်တွန်းထားတာဖြစ်ပါတယ္။
အဲ့ဒီနိုင်ရေးဦးတည်ချက်တွေထဲမှာ စစ်တပ်ရဲ့ နိုင်ငံရေးပါဝင်မှု အဆုံးသတ်ရေး:၊ အရပ်သားအုပ်ချုပ်မှုအောက် ထားရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး၊ အခြေခံဥပဒေသစ် ရေးဆွဲရေး၊
ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေးတို့ ပါဝင်ပါတယ်။
မြန်မာပြည်သူများ ကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခတွေရဲ့ အရင်းအမြစ်မှာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေမှုပင်ဖြစ်တာကြောင့် နိုင်ငံရေးမှာ စစ်တပ်ပါဝင်မှု မရှိတော့မှသာ မြန်မာနိုင်ငံအတွက် လမ်းစပွင့်လာမှာဖြစ်တယ်လို့ ယုံကြည်ထားကြောင်း NUCC က ဆိုပါတယ်။
စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် မှန်သမျှကို ချုပ်ငြိမ်းစေရန်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ပြည်သူလူထုနဲ့ အတူ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)က သစ္စာပြု ထုတ်ပြန်ထားပါတယ်။
