The Zoland Post | ဧပြီ ၂၂၊ ၂၀၂၆

ချင်းပြည်နယ်အတွင်း နယ်မြေချင်း ထိစပ်နေတဲ့ တော်လှန်ရေးအင်အားစုများအကြား စစ်ရေးနဲ့ ထောက်ပို့လုပ်ငန်းများ ပိုမိုချောမွေ့စေရန်အတွက် ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) နဲ့ ပလက်ဝကောင်စီ (IKACC/PC) တို့အကြား ထောက်ပို့လမ်းကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၂၅ရက်နေ့က မတူပီမြို့မှာ ပြုလုပ်တဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ နှစ်ဖက်အဖွဲ့ဟာ ထောက်ပို့လမ်းကြောင်းများ ပူးပေါင်းအသုံးပြုရေးကိစ္စအပါအဝင် အခြားပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်း အပြုသဘောဆောင် ဆွေးနွေးပေါင်းစည်းနိုင်ခဲ့ကြောင်း ပလက်ဝကောင်စီ (IKACC/PC) ကဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
တွေ့ဆုံမှုမှာ CPU/CPA ဥက္ကဋ္ဌ ဆလိုင်းထန်ချွမ်းဖေ ကိုယ်တိုင် တက်ရောက်ခဲ့သလို ပလက်ဝကောင်စီဘက်ကလည်း မဟာမိတ်ဆက်ဆံရေးအဖွဲ့ ခေါင်းဆောင် ဆလိုင်းပေါလ်က ဦးဆောင်ဆွေးနွေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဆလိုင်းပေါလ်ကတော့ သူတို့အနေနဲ့ ချင်းလဲန်းကောင်စီအဖွဲ့ဝင်ဖြစ်ပေမဲ့ တော်လှန်ရေးလိုအပ်ချက်အရ CPU/CPA အပါအဝင် အခြားချင်းအဖွဲ့တွေ၊ အိမ်နီးချင်း မိတ်ဖက်တွေနဲ့ပါ လက်တွဲလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောင်တစ်ချိန်မှာ ချင်းတော်လှန်ရေးအဖွဲ့တွေအားလုံး စုပေါင်းပြီး တပ်ပေါင်းစုကြီး ဖြစ်လာဖို့အထိ မျှော်လင့်ထားတယ်လို့လည်း IKACC/PC မဟာမိတ်ဆက်ဆံရေး အဖွဲ့ခေါင်းဆောင် တာဝန်ယူထားသူ IKACC အထွေထွေအတွင်းရေးမှူး ဆလိုင်းပေါလ် ကပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဖိတ်ကြားချက်အရ ချင်းပြည်သူ့အစည်းအရုံး (CPA) ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ အာရက္ခဒေသသို့ သွားရောက်ခဲ့ပြီး အိမ်နီးချင်းကောင်း ပီသစွာ ရေရှည်အပြန်အလှန် အကျိုးပြုနိုင်ရေးအတွက် ULA/AA ခေါင်းဆောင်တွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြတယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် ဧပြီလ ၂၀ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
