The Zoland Post – Burmese | ဧပြီ ၂၂၊ ၂၀၂၆

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ သီဟာဆက်ဟာ နေပြည်တော်ကို နှစ်ရက်ကြာ တရားဝင်ခရီးစဉ်အဖြစ် သွားရောက်ပြီး အကြမ်းဘက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရသစ်ကို ဂုဏ်ပြုခဲ့ပါတယ်။ ဒီခရီးစဉ်မှာ မြန်မာနိုင်ငံကို အာဆီယံအသိုက်အဝန်းထဲ ပြန်လည်ခေါ်ဆောင်ရေးနဲ့ နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်တွေကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ အခုအပြောင်းအလဲဟာ မြန်မာ့ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အရေးပါတဲ့ အသွင်ကူးပြောင်းမှုတစ်ခုလို့ ရှုမြင်ထားပါတယ်။ ပြီးခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို ထိရောက်စွာ အကောင်အထည်မဖော်နိုင်ခဲ့တဲ့အပေါ် ထိုင်းက ဦးဆောင်ပြီး မြန်မာကို အဆင့်လိုက် ထိတွေ့ဆက်ဆံသွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
မစ္စတာ သီဟာဆက်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာ၊ အထူးသဖြင့် သမ္မတဟောင်းကို ပြန်လွှတ်ပေးခဲ့တာကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း နယ်စပ်တစ်လျှောက် တိုက်ပွဲတွေကြောင့် ထိုင်းပိုင်နက်ထဲ ဗုံးကျရောက်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ ထပ်မဖြစ်အောင်နဲ့ စစ်ရေးတင်းမာမှုတွေ လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ဒေသတွင်း ရာဇဝတ်ဂိုဏ်းတွေ၊ မူးယစ်ဆေးဝါးနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ လေထုညစ်ညမ်းမှု (PM 2.5) ပြဿနာတွေကို မြန်မာ၊ လာအိုတို့နဲ့ ပူးပေါင်းဖြေရှင်းဖို့ အရေးပေါ်ကိစ္စအဖြစ် ဆွေးနွေးခဲ့တာပါ။
နှစ်နိုင်ငံ ကုန်သွယ်ရေးရဲ့ ၈၀ ရာခိုင်နှုန်းရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့ကလည်း ထိုင်းအတွက် အဓိက ဦးစားပေးတစ်ခု ဖြစ်နေပါတယ်။
ဒီခရီးစဉ်ဟာ နှစ်နိုင်ငံဆက်ဆံရေး အခန်းကဏ္ဍသစ်တစ်ခုဖြစ်လာနိုင်ပြီး၊ နယ်စပ်လုံခြုံရေးအတွက် စစ်ဘက်ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲတွေကိုလည်း ထိုင်းနိုင်ငံက ဆက်လက်အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားဖို့ ရှိနေပါတယ်။
ကိုးကား – The Nation Thailand
