The Zoland Post – Burmese | ဧပြီ ၂၂ ရက်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ လာမယ့် ဩဂုတ်လ ၁၄ ရက်ကနေ ၁၇ ရက်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေပြီး၊ အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်သွားမယ်လို့ သိရပါတယ်။
ဒီခရီးစဉ်ဟာ တရုတ်နဲ့ မြန်မာကြား အပြန်အလှန် အကျိုးရှိမယ့် ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုပြီး နက်ရှိုင်းစေဖို့နဲ့ “အေးအတူပူအမျှ အသိုက်အဝန်း” တည်ဆောက်ရေးကို ရှေ့ရှုတာ ဖြစ်တယ်လို့ တရုတ်ဘက်က ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ ပတ်သက်လို့လည်း တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အကူအညီတွေ ပေးသွားဖို့ ရှိတယ်လို့လည်း ဆိုထားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ အဆိုအရ ဝမ်ယိရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နှစ်နိုင်ငံပြည်သူတွေကြား ချစ်ကြည်ရင်းနှီးမှုကို ခိုင်မာစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို တိတိကျကျ လိုက်နာသွားမှာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထောက်ခံသွားမှာ ဖြစ်တယ်လို့လည်း ဖော်ပြထားတာပါ။
အထူးသဖြင့် မြန်မာနိုင်ငံတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တခြားဥပဒေဘောင်အတွင်းကနေ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးပြီး ပြဿနာတွေကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့အတွက် တရုတ်က ကူညီပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။
ဝမ်ယိဟာ ထိုင်းနိုင်ငံမှာ ကျင်းပမယ့် လန်ချန်း-မဲခေါင် အစည်းအဝေးကိုလည်း ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်မှာဖြစ်သလို ထိုင်း၊ လာအို၊ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း အလွတ်သဘော တွေ့ဆုံသွားဖို့ ရှိနေပါတယ်။
ဒီဆွေးနွေးပွဲတွေမှာ ဒေသတွင်း အခြေအနေတွေအပြင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို ပူးပေါင်းနှိမ်နင်းဖို့ ကိစ္စရပ်တွေကိုပါ အလေးပေး ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာ မဲခေါင်ဒေသနိုင်ငံတွေနဲ့အတူ Belt and Road စီမံကိန်းအောက်မှာ အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပြီး၊ ဒေသတွင်း ပိုမိုနီးကပ်တဲ့ အနာဂတ်တစ်ခုကို ပုံဖော်သွားဖို့ မျှော်လင့်နေကြောင်းလည်း China Daily က ဖော်ပြထားပါတယ်။
ကိုးကား – China Daily
