The Zoland Post | ဧပြီ ၂၂၊ ၂၀၂၆

ချင်းပြည်နယ်အတွင်းမှာ ခိုင်မာတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တစ်ခု ဖော်ဆောင်နိုင်ဖို့အတွက် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က အရေးပါတဲ့ ဌာနကြီး ၉ ခုကို တရားဝင် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ဒီကနေ့ ဧပြီ ၂၂ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဌာနတွေကို ချင်းအမျိုးသားပဋိညာဉ် အပိုဒ် (၈၀-ည) ပါ လုပ်ပိုင်ခွင့်တွေနဲ့အတူ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ICNCC ရဲ့ ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက်အရ အခုလို တရားဝင် အကောင်အထည်ဖော်လိုက်တာ ဖြစ်ပါတယ်လို့ သိရပါတယ်။
ဖွဲ့စည်းလိုက်တဲ့ ဌာန (၉) ခုကတော့ အုပ်ချုပ်ရေးဌာန၊ တရားရေးဌာန၊ ကာကွယ်ရေးဌာန၊ ပြည်ပရေးရာဌာန၊ ဘဏ္ဍာရေးဌာ၊ သတင်းနှင့် ပြည်သူ့ဆက်ဆံရေးဌာန၊ ပညာရေးဌာန၊ ကျန်းမာရေးနှင့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာဌာန၊ ချင်းပြည်ပြည်သူ့ရဲတပ်ဖွဲ့ တို့ပါဝင်ပါတယ်။
အခုလို အုပ်ချုပ်ရေး၊ တရားရေးနဲ့ ကာကွယ်ရေးတင်မကဘဲ ပညာရေး၊ ကျန်းမာရေးနဲ့ ရဲတပ်ဖွဲ့အထိ ကဏ္ဍစုံ ဌာနတွေ ဖွဲ့စည်းလိုက်တာဟာ ချင်းပြည်သူတွေအတွက် ပိုမိုလုံခြုံစိတ်ချရတဲ့ အုပ်ချုပ်ရေးပုံစံတစ်ခုကို ဦးတည်သွားတာပဲ ဖြစ်ပါတယ်။
