The Zoland Post | ဧပြီ ၂၃၊ ၂၀၂၆

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက တော်လှန်ရေးရဲဘော်တွေအနေနဲ့ လာမယ့် မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီး မိမိတို့ရဲ့ တပ်ဖွဲ့ဆီကို အချိန်မီ ပြန်လည်သတင်းပို့ တာဝန်ထမ်းဆောင်ကြဖို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီကနေ့မှာ အရေးပေါ် ဆင့်ခေါ်လိုက်ပါတယ်။
လက်ရှိ တော်လှန်ရေးဟာ အာဏာရှင်စနစ်ကို အပြီးတိုင် အမြစ်ဖြတ်ချေမှုန်းမယ့် အဆုံးအဖြတ် ကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် ခွင့်ယူထားသူတွေရော တပ်နဲ့ ကင်းကွာနေတဲ့ ရဲဘော်တွေပါ အင်အားပြန်စုဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။
မတ္တရာ ပကဖ အနေနဲ့ “ကျွန်တော်တို့ ရဲဘော်တွေ အခက်အခဲဖြစ်နေတဲ့ အချိန်တွေမှာ ဆန်၊ ဆီ ကအစ စားနပ်ရိက္ခာတွေ အတတ်နိုင်ဆုံး ထောက်ပံ့ပေးခဲ့သလို မိသားစု အဆင်မပြေလို့ အလုပ်ထွက်လုပ်ချင်တဲ့ သူတွေကိုလည်း ခွင့်ရက်ရှည်တွေ ပေးပြီး အဆင်ပြေအောင် ကြည့်ပေးခဲ့ပါတယ်” လို့ ဆိုပါတယ်။
ဒါပေမဲ့ အခုလို အရေးကြီးတဲ့ အချိန်မှာတော့ တပ်စည်းကမ်းကို မဖြစ်မနေ လိုက်နာရမှာဖြစ်လို့ သတ်မှတ်ရက်အတွင်း ပြန်မလာရင်တော့ အရေးယူမှုတွေ ရှိလာမှာပါ။ တကယ်လို့ တပ်ကနေ တရားဝင် နားချင်တယ်ဆိုရင်လည်း စစ်သားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ လာရောက် အသိပေးရမှာဖြစ်ပြီး ပေးအပ်တဲ့ ပြစ်ဒဏ်တွေကို ခံယူပြီးမှသာ တရားဝင် နားခွင့်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
အထူးသဖြင့် ရဲဘော်ဟောင်းတချို့က ရန်သူ့ဘက်ကို ကူးပြောင်းဖို့ စည်းရုံးသိမ်းသွင်းနေတာတွေနဲ့ ပတ်သက်ပြီးတော့လည်း “ရန်သူ့ဘက်ကို ကူးဖို့ ရဲဘော်တွေကို သွေးဆောင်ဖြားယောင်းနေတဲ့ ရဲဘော်ဟောင်းတွေကိုတော့ စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်ပြီး ရန်သူတွေနည်းတူ ပြတ်ပြတ်သားသား အရေးယူသွားမှာပါ” လို့ သတိပေးထားပါတယ်။
မတ္တရာ ပကဖ ဘက်ကတော့ ရဲဘော်တွေဟာ လစာမရဘဲ အသက်ပေး တာဝန် ထမ်းဆောင်ခဲ့ကြသူတွေမို့လို့ “တပ်ပြေး” ဆိုတဲ့ နာမည်ဆိုးမျိုး မတပ်ချင်ပေမဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်အရ အခုလို စည်းကမ်းတကျ ဆောင်ရွက်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရဲဘော်တွေအနေနဲ့ မိမိတို့ရဲ့ သမိုင်းမရိုင်းစေဖို့နဲ့ အဆုံးသတ်တိုက်ပွဲမှာ အားလုံးအတူ ပြန်လည်ပါဝင်ကြဖို့ တိုက်တွန်းထားကြောင်း ထုတ်ပြန်ထားပါတယ်။
