The Zoland Post – မတ် ၃၁၊ ၂၀၂၆
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း လက်နက်ကိုင်ဆောင်သွားလာသူတွေနဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်ပွားစေဖို့အတွက် လိုက်နာရမယ့် အရေးပေါ်စည်းကမ်းချက်တွေကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မြိုင် PDF အနေနဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် တော်လှန်တိုက်ခိုက်နေချိန်မှာ မြို့နယ်အတွင်းနဲ့ အခြားထိစပ်မြို့နယ်တွေမှာ မလိုလားအပ်တဲ့ ကိစ္စရပ်တွေ ဖြစ်ပွားနေတာကြောင့် အခုလို စည်းကမ်းချက်တွေကို တိတိကျကျ လိုက်နာကြဖို့ အသိပေးထားတာပါ။
အဆိုပါ ထုတ်ပြန်ချက်အရ စစ်ကောင်စီစစ်ကြောင်း ဒါမှမဟုတ် လှုပ်ရှားမှုတစ်စုံတစ်ရာကို ကြိုတင်မသိရှိရဘဲ လက်နက်ကိုင်ဆောင်ပြီး သွားလာလှုပ်ရှားတာမျိုး မလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒါ့အပြင် ကျေးရွာနဲ့ တိုက်နယ်တွေက စစ်ဆေးတဲ့အခါမှာလည်း ကြည်ဖြူစွာ လက်ခံစစ်ဆေးခံရမှာဖြစ်ပြီး မိမိတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို စာရင်းပေးသွင်းရမယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အခြားမြို့နယ်တွေကနေ မြိုင်မြို့နယ်အတွင်း လက်နက်ခဲယမ်းတွေ သယ်ဆောင်လာသူတွေအနေနဲ့ စစ်ဆေးမှုကို မပျက်မကွက် ခံယူရမှာဖြစ်ပြီး “ကြည်ဖြူစွာ လက်မခံဘဲ ငြင်းဆန်တာ ဒါမှမဟုတ် ပြေလည်အောင် ညှိနှိုင်းလို့မရတဲ့ သဘောမျိုး ရှိလာရင် ပစ်ခတ်တိုက်ခိုက်တဲ့အထိ လုပ်ဆောင်သွားမယ်” လို့ မြိုင် PDF က သတိပေးထားပါတယ်။
ကုန်သွယ်စီးဆင်းမှု လမ်းကြောင်းတွေနဲ့ ပတ်သက်လို့လည်း လုံခြုံရေးအရ ပျက်စီးသွားနိုင်တဲ့ အခြေအနေတွေ ရှိနေတာကြောင့် သက်ဆိုင်ရာ ဒေသတွင်း အာဏာပိုင်တွေဆီကို သတင်းပို့တာမျိုး မရှိဘဲ ဖြတ်သန်းသွားလာတာမျိုး မလုပ်ဖို့ တားမြစ်ထားပါတယ်။ လိုအပ်လာရင် လမ်းပိုင်းတွေကို မိုင်းထောင်တာမျိုးတွေအထိ လုပ်ဆောင်သွားမှာဖြစ်လို့ သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ အရေးကြီးနေတာပါ။ ဒီထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘူးဆိုရင် “ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ကျိုးဆက်တွေအပေါ်မှာ တာဝန်ယူပေးမှာ မဟုတ်ဘူး” လို့လည်း အလေးအနက် အသိပေးထားပါတယ်။ မြိုင်မြို့နယ်အတွင်းမှာလည်း ဒီနေ့ကစပြီး ကျေးရွာအသီးသီးက စစ်ဆေးရေးဂိတ်တွေကို တစ်ပြိုင်နက် ပြန်လည်လုပ်ဆောင်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
