The Zoland Post – မတ် ၃၁၊ ၂၀၂၆

မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အရေးပါတဲ့ နိုင်ငံရေးအချိုးအဆစ်တစ်ခုအဖြစ် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို မတ်လ ၃၀ ရက်နေ့မှာ တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဋ္ဌ ခူဦးရယ်က အနာဂတ်မြန်မာပြည်အတွက် အရေးပါတဲ့ နိုင်ငံရေးမျှော်မှန်းချက်တွေကို ထည့်သွင်းပြောကြားခဲ့ပါတယ်။
KNPP ဥက္ကဋ္ဌ ခူဦးရယ်က အခုလို SCEF ကို ဖွဲ့စည်းနိုင်ခြင်းဟာ တော်လှန်ရေးခရီးကြမ်းရဲ့ အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ၎င်းက “ဒီကနေ့ဟာဆိုရင် ကျနော်တို့ ဆင်နွှဲနေတဲ့ လူထုတော်လှန်ရေးကြီးရဲ့ အကွေ့တစ်ခုကိုရောက်ရှိခဲ့ပြီလို့ ကျနော်ယုံကြည်မျှော်လင့်ခြင်းများနဲ့အတူ ကနဦးအသိပေးပြောကြားလိုပါတယ်။ နေ့စဉ်နဲ့အမျှ မျက်ရည်မစဲ၊ ဝမ်းနည်းနာကြည်းဖွယ်ရာ အဖြစ်ဆိုး များကို ခါးစည်းရင်ဆိုင်နေကြရတဲ့ ကျနော်တို့ ပြည်သူတွေအတွက် အထူးအားရကျေနပ်ဖွယ်ရာ မဟုတ်သော်လည်း ကျနော်တို့လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးခရီးရှည်လမ်းကြမ်းကြီးရဲ့ အချိုးအဆစ်တစ်ကွေ့ကိုတော့ ရောက်လာပြီလို့ ပြောရမယ့်နေ့ပဲ ဖြစ်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
ခူဦးရယ်က မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ဟာ ကတိကဝတ်တွေ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က နောက်ထပ် အမှားကြီးတစ်ခုကို ထပ်မံကျူးလွန်ခဲ့ တယ်လို့ ထောက်ပြပါတယ်။ အခုဖွဲ့စည်းလိုက်တဲ့ SCEF ရည်ရွယ်ချက်နဲ့ပတ်သက်ပြီး “ဒီကနေ့ ကျနော်တို့ ဆွေးနွေးစုဖွဲ့ဖို့ဆုံးဖြတ်ခဲ့ကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ဟာ ၁၉၄၈ တုန်းက မှားခဲ့တဲ့အမှားကို ပြင်ဖို့အတွက် ရှိနှင့်ပြီးသားနဲ့ အသစ်ထွက်ပေါ်လာတဲ့ ပြည်နယ်/ယူနစ်အဆင့် ဦးဆောင်မှုများကို ပေါင်းစပ်ညှိနှိုင်းဖို့၊ နိုင်ငံလုံးဆိုင်ရာ ညီညွတ်ရေးကို ထိန်းသိမ်းဖို့နဲ့ လတ်တလော တော်လှန်ရေးအင်အားစုများ ရေးဆွဲပြင်ဆင်နေတဲ့ အသွင်ကူးပြောင်းရေးကာလအစီအမံများ ဆိုင်ရာအခြေခံပြဋ္ဌာန်းချက် (AFTA) တရားဝင်သက်ရောက်မှု ရှိလာမယ့်အချိန်အထိ ကျနော်တို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီတော်လှန်ရေးကြီးရဲ့ တရားဝင်မှုကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီဖက်ဒရယ်ပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာ ပေါင်းကူးတံတား တစ်စင်း ဖြစ်ဖို့ ကျနော်တို့ရည်ရွယ်ပါတယ်။”လို့ ဆိုပါတယ်။
SCEF ကို မဏ္ဍိုင်ကြီး ၃ ခု (ပြည်နယ်/ယူနစ်/EROs၊ ပြည်သူ့ကိုယ်စားပြု၊ အမျိုးသမီးကိုယ်စားပြု) နဲ့ ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့ပေမယ့် လက်ရှိမှာ အဖွဲ့ ၆ ဖွဲ့ (NUG, CRPH, KNU, KIO, KNPP, CNF) နဲ့သာ စတင်နိုင်သေးတာဟာ အားနည်းချက်တစ်ခုဖြစ်ကြောင်းကိုလည်း ဝန်ခံသွားပါတယ်။
“မဏ္ဍိုင် ၃ ခု စုံစုံလင်လင်မပါနိုင်သေးတာနဲ့ မဏ္ဍိုင်တစ်ခုစီမှာလည်း ပါသင့်ပါထိုက်သူအားလုံး ပါမနေသေးတာဟာ အချိန်ရဲ့စိန်ခေါ်မှုနဲ့ဖိအားကို မကျော်လွှားနိုင်တဲ့ ကျနော်တို့ရဲ့ အားနည်းချက်တခုတော့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျနော်တို့ လာမယ့် ရက် ၆၀ အတွင်း အမြန်ဆုံးပြင်ဆင်ဖြည့်စွက်နိင်ဖို့ကို ကြိုစားသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
မိန့်ခွန်းရဲ့ နောက်ဆုံးမှာတော့ KNPP ဥက္ကဋ္ဌက စစ်အာဏာရှင်ကို ဆက်လက်ဖီဆန်ပြီး ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်အထိ အတူတကွ လျှောက်လှမ်းကြဖို့ ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။ “မိဘပြည်သူများအားလုံးလည်း ကျနော်တို့ တော်လှန်ရေးကြီးထဲမှာ ရှိတဲ့နေရာ၊ တတ်နိုင်တဲ့ဘက်ကနေ စစ်အာဏာရှင်ကို ဆန့်ကျင်ဖီဆန်ပြီး ကျနော်တို့တည်ဆောက်လိုတဲ့ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည်အထိ ဆက်လက်ပါဝင် လျှောက်လှမ်းသွားကြဖို့ ဖိတ်ခေါ်တိုက်တွန်းရင်း လေးစားစွာနိဂုံးချုပ်အပ်ပါတယ်။” လို့ ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါတယ်။
ဒီ SCEF ကောင်စီ ပေါ်ပေါက်လာခြင်းဟာ တော်လှန်ရေးအင်အားစုတွေကြား ချိတ်ဆက်မှု ပိုမိုအားကောင်းလာစေပြီး အသွင်ကူးပြောင်းရေးကာလအတွက် ခိုင်မာတဲ့ နိုင်ငံရေးဦးဆောင်မှုတစ်ခု ဖြစ်လာမယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
