The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၇ ရက်

မကွေးတိုင်း၊ ပေါက်မြို့ဘက်ကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာယာဉ်တန်းကြီးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ဒီယာဉ်တန်းမှာ ရိက္ခာတင်ကားတွေရော၊ စစ်ကားတွေပါ စုစုပေါင်း အစီးရေ (၁၃၀) ကျော်လောက် ပါဝင်ပါတယ်။ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) ကနေ ထွက်လာပြီး ဆိပ်ဖြူမြို့နယ်ကို ဖြတ်၊ အဲဒီကနေမှတစ်ဆင့် ပေါက်မြို့နယ် တောင်ပိုင်းကနေ မြို့ထဲကို ဝင်ဖို့ ကြိုးစားနေတာလို့ သိရပါတယ်။
ပေါက်မြို့နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးကတော့ “ယာကြီးပြင်ပျူရွာရောက်ပြီ။ ပေါက်မြို့ဘက်ကို ဒီနေ့ ရှေ့ပြေးစထွက်နေပြီ” လို့ ပြောပါတယ်။
အခုလက်ရှိ ယာကြီးပြင်ရွာကနေ ပေါက်မြို့ပေါ်ကိုရောက်ဖို့ ၅ မိုင်ဝန်းကျင်လောက်ပဲ လိုတော့တာပါ။ ဒီယာဉ်တန်းအတွက် ရှေ့ကနေ လမ်းရှင်းပေးတဲ့ စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား ပြီးခဲ့တဲ့ မတ်လ (၁၃) ရက်နေ့ကတည်းက တိုက်ပွဲတွေ စဖြစ်နေတာလို့ သိရပါတယ်။
“၁၃ရက်နေ့က သုံးယောက်(စစ်ကောင်စီတပ်သား)သေတယ်။ မနေ့က ဒရုန်းတွေနဲ့သူတို့ဘက်က တိုက်တယ်” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
အဲဒီယာဉ်တန်းကြီးထဲမှာ စစ်ကောင်စီတပ်သား အပြည့်တင်လာတဲ့ ကားအစီး (၃၀) ကျော်နဲ့ ရိက္ခာတင်ကားတွေ အပါအဝင် အစီးရေ ၁၃၀ ကျော် ပါဝင်တာပါ။
ဒီယာဉ်တန်းရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သတင်းရင်းမြစ်က “ယာဥ်တန်းရည်မှန်းချက်ကတော့ ပေါက်မြို့နယ်ထဲမှာပျူရွာတွေရှိတယ်။ များတယ်ပေါ့နော်။ ပျူရွာက မကွေး တိုင်းထဲမှာပျူရွာအများဆုံးမြို့ဖြစ်တယ်။ အဲ့ကရွာတွေကို PDF တွေက ပတ်လည်ပိတ်ဆို့ရိက္ခာဖြတ်ထားတယ်” လို့ ရှင်းပြပါတယ်။
မကွေးတိုင်း စစ်ရေးစောင့်ကြည့်သူတစ်ဦးကတော့ ဒီယာဉ်တန်းဟာ ပေါက်မြို့ကနေတစ်ဆင့် ကပစ (၂၄) ကို သွားတာဖြစ်နိုင်သလို၊ ပေါက်မြို့ကနေ ပျူစောထီးရွာတွေကို ရိက္ခာဖြန့်ခွဲပေးတာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ သူက “၂၄(ကပစ ၂၄)ဆိုတာလဲခန့်မှန်းဆဲပဲရှိသေးတာ အပြောင်းလဲဖြစ်နိုင်လို့ စောင့်ကြည့်ရဦးမယ်။ ချင်းပြည်ကို ယာဥ်တန်းမတတ်မှလမ်းဆုံးတယ် ပြောရမယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မနှစ်က ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း ပခုက္ကူ တပ်မ (၁၀၁) ကနေ မျှားပိုင်းရွာအနီးက ကပစ (၂၄) ကို စစ်ကောင်စီဘက်က အင်အား ၁,၀၀၀ ဝန်းကျင်လောက် ပို့ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတချို့ကိုပါ သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာထားတဲ့ မြို့နယ် (၆၃) မြို့နယ်ထဲမှာ အခု ပေါက်မြို့နယ်လည်း ပါဝင်ပြီး နှစ်ဖက် ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။
ဓာတ်ပုံ – ဆိပ်ဖြူမီဒီယာ (ပေါက်မြို့ကို လာနေတဲ့ စစ်တပ်ရိက္ခာယာဥ်တန်းက ကားတစ်စီးကို တွေ့ရစဉ်)
