The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၇ ရက်

မြန်မာစစ်အုပ်စုဟာ သူတို့ရဲ့ အာဏာသိမ်းဇာတ်လမ်း နောက်တစ်ခန်းအနေနဲ့ နေပြည်တော်မှာ အတုအယောင် ‘လွှတ်တော်’ ကို မတ်လ ၁၆ ရက်နေ့က စတင် ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြီးစီးသွားတဲ့ သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ် လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
ရှေ့လာမယ့် သီတင်းနှစ်ပတ်အတွင်းမှာတော့ စစ်ကောင်စီ ထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ စစ်ဝတ်စုံတွေကို ချွတ်ပြီး အရပ်ဝတ် ပုဆိုးတွေ ပြောင်းဝတ်ကာ ဇာတ်ရုပ်အသစ်နဲ့ ထွက်လာကြဖို့ ရှိနေပါတယ်။ ဒီဟန်ပြဇာတ်လမ်းကတော့ စစ်ရာဇဝတ်ကောင်လို့ စွပ်စွဲခံထားရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်မယ့် စစ်ကောင်စီရဲ့ ‘ရုပ်သေးအစိုးရသစ်’ ဖွဲ့စည်းမှုနဲ့အတူ လာမယ့် ဧပြီလဆန်းပိုင်းလောက်မှာ အဆုံးသတ်သွားဖို့ ရှိနေပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ဝင် ယန်ဟီးလီ (Yanghee Lee) က “မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတရာထူးခန့်အပ်နိုင်ဖို့ တစ်ကိုယ်ကောင်းဆန်တဲ့ ရည်ရွယ်ချက်နဲ့ အရပ်သားပြည်သူ သောင်းနဲ့ချီကို သတ်ဖြတ်ခဲ့တယ်၊ တစ်နိုင်ငံလုံးကို မီးလောင်တိုက်သွင်းခဲ့ပြီး ဒေသတွင်းကိုပါ မတည်မငြိမ် ဖြစ်စေခဲ့ပါတယ်။ အခုလို ရာထူးနာမည်အသစ်တပ်၊ အဝတ်အစားလေး ပြောင်းဝတ်လိုက်ရုံနဲ့ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားလို့ မရပါဘူး။ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကလည်း ပျောက်မသွားပါဘူး။ အဆုံးမှာတော့ သူဟာ တရားဥပဒေရဲ့ အဆုံးအဖြတ်ကို ခံရမှာ အသေအချာပါပဲ” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက စစ်ကောင်စီဟာ နိုင်ငံတကာဆီကနေ တရားဝင်မှုရဖို့ ရည်ရွယ်ချက်နဲ့ အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံနဲ့တကွ နိုင်ငံအများအပြားကတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။
တကယ်တမ်းမှာလည်း စစ်ကောင်စီဟာ နိုင်ငံတဝန်း ရွေးကောက်ပွဲ လုပ်နိုင်ခဲ့တာ မဟုတ်ပါဘူး။ DVB သတင်းဌာနရဲ့ မြေပုံအချက်အလက်တွေအရ နိုင်ငံဧရိယာရဲ့ ၄၂ ရာခိုင်နှုန်းလောက်မှာပဲ ရွေးကောက်ပွဲ လုပ်နိုင်ခဲ့တာပါ။ ပြည်သူတွေ အထောက်ခံဆုံးနဲ့ အောင်မြင်မှုအရှိဆုံး နိုင်ငံရေးပါတီတွေကိုလည်း ဝင်ခွင့်ပိတ်ထားသလို၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေကိုလည်း ဖမ်းဆီးထောင်ချထားတဲ့အတွက် ဒီရွေးကောက်ပွဲဟာ စစ်ကောင်စီရဲ့ လက်ဝေခံတွေနဲ့ ကိုယ်စားလှယ်တွေချည်းပဲ ပါဝင်တဲ့ ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။ မဲလာပေးသူ အရေအတွက်ကလည်း မရှိသလောက် အလွန်ကို နည်းပါးခဲ့ပါတယ်။
ဒီရွေးကောက်ပွဲ ကာလတစ်လျှောက်လုံးနဲ့ ပြီးသွားတဲ့ သီတင်းပတ်တွေမှာလည်း စစ်ကောင်စီဟာ သူတို့ကို ဆန့်ကျင်သူတွေ၊ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေကို ပိုမိုဆိုးရွားစွာ ကျူးလွန်နေဆဲ ဖြစ်ပါတယ်။
SAC-M အဖွဲ့ဝင် မာဇူကီ ဒါရုစမန် (Marzuki Darusman) က “ဒီလို အတုအယောင် ရွေးကောက်ပွဲကနေ နိုင်ငံတကာက ချက်ချင်းလက်ခံမယ့် တရားဝင် လွှတ်တော်တစ်ခု ပေါ်လာလိမ့်မယ်လို့ စစ်အုပ်စုက မျှော်လင့်နေတာဟာ ယောင်ချာချာ တွေးနေတာပါပဲ” လို့ ပြောပါတယ်။
ဆက်လက်ပြီး သူက “အာဆီယံအနေနဲ့သာ စစ်ကောင်စီရဲ့ ဒီဟန်ပြလုပ်ရပ်ကို လိုက်လျောလက်ခံလိုက်မယ်ဆိုရင် အာဆီယံရဲ့ ‘ပြည်သူကိုဗဟိုပြုတဲ့’ မူဝါဒဟာ ပြန်လည်ကုစားလို့မရအောင် ပျက်စီးသွားပါလိမ့်မယ်။ ဒါဟာ အာဆီယံရဲ့ အဓိကကျတဲ့ အခန်းကဏ္ဍကို ပိုပြီး ယိုယွင်းသွားစေနိုင်ပြီး နောက်ဆုံးမှာ ခိုင်မာတဲ့ ဒေသတွင်း အဖွဲ့အစည်းဆိုတဲ့ ဂုဏ်သိက္ခာပါ လုံးဝပျောက်ကွယ်သွားနိုင်ပါတယ်” လို့ သတိပေးလိုက်ပါတယ်။
မင်းအောင်လှိုင်ဟာ သူ့ရဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ လက်ရှိဗိုလ်ချုပ်တွေကို အဓိကနေရာတွေမှာ ခန့်အပ်ပြီး စစ်တပ်နဲ့ ရုပ်သေးအစိုးရ တစ်ခုလုံးကို အပြည့်အဝ ချုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ ဒီလုပ်ရပ်တွေက သူအလွန်အမင်း လိုလားနေတဲ့ နိုင်ငံတကာရဲ့ တရားဝင်မှုနဲ့ ပုံမှန်ဆက်ဆံရေးကိုတော့ ရလာစေမှာ မဟုတ်ပါဘူး။ စစ်ကောင်စီဟာ ပြည်သူတစ်ရပ်လုံးရဲ့ ရွံရှာမုန်းတီးမှုကို ခံနေရပြီး သူတို့ကိုယ်တိုင် ဖန်တီးထားတဲ့ အကျပ်အတည်းထဲမှာ ပိတ်မိနေပါပြီ။
SAC-M အဖွဲ့ဝင် ခရစ် ဆီဒိုတီ (Chris Sidoti) ကလည်း “အခုလို ဇာတ်ရုပ်အသစ်ပြောင်းလိုက်ရုံနဲ့ ထွက်ပေါက်ရသွားမယ်လို့ မင်းအောင်လှိုင်က ထင်နေရင်တော့ သူလုံးဝ မှားသွားပါလိမ့်မယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ ရုပ်သေးအစိုးရကို လုံးဝ ပယ်ချရမှာဖြစ်ပြီး သူတို့နဲ့ ပတ်သက်ဆက်နွှယ်တာမျိုး မလုပ်ဖို့ ငြင်းဆန်ရပါမယ်” လို့ တောင်းဆိုထားပါတယ်။
ပြည်သူတွေ ဦးဆောင်တဲ့ နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေး အခင်းအကျင်းကို အခြေခံကစလို့ အကြီးအကျယ် ပြောင်းလဲပစ်လိုက်ပါပြီ။ ပေါ်ထွက်လာတဲ့ ဒီမိုကရေစီ အဖွဲ့အစည်းတွေနဲ့ အုပ်ချုပ်ရေး ယန္တရားသစ်တွေဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အောက်ခြေကနေ စတင် တည်ဆောက်နေကြပါတယ်။ နွေဦးတော်လှန်ရေးဟာ အစပျိုးကာလမှာပဲ ရှိနေသေးပေမယ့်၊ တည်ငြိမ်ပြီး အားလုံးပါဝင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆီ သွားနိုင်မယ့် တစ်ခုတည်းသော တရားဝင် လမ်းကြောင်း ဖြစ်ပါတယ်။
ဒါကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပြည်သူတွေရဲ့ တရားဝင် ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပေါ်ထွက်လာတဲ့ ပြည်နယ်နဲ့ ဖက်ဒရယ် အစုအဖွဲ့တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေကို ဘဏ္ဍာရေး၊ ပစ္စည်းကိရိယာနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေး အကူအညီတွေ ပေးပြီး မြန်မာနိုင်ငံတည်ဆောက်ရေးကို ထောက်ခံအားပေးကြဖို့ SAC-M က တိုက်တွန်းထားပါတယ်။
ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံရဲ့ အခြေအနေကို သုံးသပ်ပြီး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးဖို့ အရေးပေါ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်နေပါတယ်။ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ စစ်တပ်ပိုင် ကုမ္ပဏီတွေ၊ ခရိုနီကုမ္ပဏီတွေနဲ့ သူတို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေကို ပစ်မှတ်ထား အရေးယူရမှာဖြစ်သလို၊ စစ်ကောင်စီဆီကို လက်နက်၊ ငွေကြေးနဲ့ လေယာဉ်ဆီတွေ မရောက်အောင် ပိတ်ဆို့မှုတွေ ပိုမိုတင်းကျပ်ဖို့ လိုအပ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အပေါင်းအပါတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိလာစေဖို့နဲ့ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာစစ်တပ်က ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကို အဆုံးသတ်နိုင်ဖို့ နိုင်ငံတကာက ဒီထက်ပိုပြီး ကြိုးပမ်းအားထုတ်ကြဖို့ SAC-M က တောင်းဆိုလိုက်ပါတယ်။
ကိုးကား – SAC-M
