The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၇ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ညီနောင်မဟာမိတ်တပ်ဖွဲ့များအကြား တိုက်ပွဲချုပ်ငြိမ်းရေးအတွက် ကိုးကန့်တပ်မတော် (MNDAA) နဲ့ တအာင်းတပ်မတော် (PSLF/TNLA) တို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ လောက်ကိုင်မြို့မှာ တွေ့ဆုံဆွေးနွေးလျက်ရှိတယ်လို့ သိရပါတယ်။

PSLF/TNLA ၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက မနေ့က မတ်လ ၁၆ ရက် ညနေ ၆ နာရီခန့်မှစတင်ကာ နှစ်ဖက်တပ်များ အပစ်အခတ် ရပ်စဲထားကြောင်းနဲ့ ဒီကနေ့ မတ်လ ၁၇ရက်မှာ နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံနေတယ်လို့ BBC-မြန်မာပိုင်းနဲ့ ရွှေဖီမြေ သတင်းဌာနတွေကို အတည်ပြုဖြေကြားထားတာကို တွေ့ရပါတယ်။

“ဒီနေ့ မနက်ပိုင်းမှာ ကျမတို့ ဗဟိုခေါင်းဆောင်တွေနဲ့ MNDAA ဘက်က ခေါင်းဆောင်တွေ တွေ့ဆုံဖို့ လောက်ကိုင်မှာ ရောက်နေကြတယ်။ လောလောဆယ် တိုက်ပွဲလည်း ငြိမ်သက်နေတယ်။ ဆွေးနွေးပွဲက အဆင်ပြေမယ်လို့ ကျမတို့ မျှော်လင့်တယ်” လို့ လွေးယေဦးက ပြောပါတယ်။
မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲများအတွင်း MNDAA တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မှုကြောင့် ကွတ်ခိုင်မြို့အပါအဝင် နမ့်ဖတ်ကာ၊ ၁၀၅ မိုင်နဲ့ နမ့်ခမ်း-နမ့်ဖတ်ကာကြားရှိ TNLA ရဲ့ တပ်စခန်းအချို့ လက်လွှတ်ခဲ့ရပြီး တပ်ဖွဲ့ဝင် ၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း TNLA ဘက်က ပြောပါတယ်။
လက်ရှိဆွေးနွေးပွဲမှာ TNLA လက်လွှတ်ခဲ့ရတဲ့ နယ်မြေများ ပြန်လည်ရရှိရေးကိစ္စကလည်း ဆွေးနွေးမှုမှာ ပါဝင်နိုင်ဖွယ်ရှိပေမယ့် ဆွေးနွေးပွဲရလဒ်အပေါ် မူတည်ပြီး အတိအကျ မပြောနိုင်သေးကြောင်း လွေးယေဦးက ပြောခဲ့တယ်လို့ဆိုပါတယ်။
ညီနောင်မဟာမိတ်များအချင်းချင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲများကို ချက်ချင်းရပ်တန့်ရန်နဲ့ နိုင်ငံရေးနည်းလမ်းနဲ့သာ ဆွေးနွေးအဖြေရှာဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် တော်လှန်ရေးအင်အားစုအများအပြားက တိုက်တွန်းထားပါတယ်။
