The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၁၆ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်းက ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်တဲ့ TNLA နဲ့ MNDAA တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို လက်နက်နဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းအရ စားပွဲဝိုင်းမှာပဲ တွေ့ဆုံဆွေးနွေးကြဖို့ ရှမ်းမြောက်ဒေသက CDM ပညာရေးအသိုင်းအဝိုင်းက ဒီကနေ့ (မတ်လ ၁၆ ရက်) မှာ မေတ္တာရပ်ခံ တောင်းဆိုလိုက်ပါတယ်။
ဒီတောင်းဆိုချက်ကို ရှမ်းမြောက်ဒေသက CDM အခြေခံပညာ ဆရာ၊ ဆရာမတွေ၊ အဆင့်မြင့်ပညာ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ စုပေါင်းထုတ်ပြန်ခဲ့တာပါ။ “၁၀၂၇ စစ်ဆင်ရေး” လို သမိုင်းဝင်တိုက်ပွဲကြီးတွေမှာ စစ်ကောင်စီကို အတူတူ တွဲတိုက်ခဲ့ကြတဲ့ ညီနောင်နှစ်ဖွဲ့အနေနဲ့ အခုလို နားလည်မှုလွဲမှားပြီး အချင်းချင်း လက်နက်နဲ့ ဖြေရှင်းနေကြတာကို မြင်တွေ့ရတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေပြင်က CDM ဆရာတစ်ဦးက “ဘုံရန်သူက မကျရှုံးသေးတဲ့အချိန်မှာ ကိုယ့်အချင်းချင်းကြား ပဋိပက္ခတွေမဖြစ်စေချင်ဘူး။ ပြဿနာဖြစ်ခဲ့တယ်ဆိုရင်တောင် စားပွဲပေါ်မှာ သေချာလေးဆွေးနွေးညှိနှိုင်းပြီး ငြိမ်းချမ်းစွာ အဖြေရှာစေချင်ပါတယ်။ စစ်ပွဲတစ်ခုဖြစ်လာရင် ပြည်သူတွေကြုံတွေ့ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဝေဒနါကလည်း မသေးလှပါဘူး။ အခုချိန် ကွတ်ခိုင်ဖက်မှာလည်း ကျောင်းသားတွေ စာမေးပွဲမပြီးသေးပါဘူး။ စာမေးပွဲ တစ်ဝက်တစ်ပျက်နဲ့ ကျောင်းတွေပိတ်လိုက်ရတဲ့အတွက် စစ်ပွဲကြောင့် ပညာရေးနှောင့်နှေးတာမျိုးတွေလည်း ကြုံတွေ့ခံစားနေရပါတယ်။ ဒီကလေးတွေ ငြိမ်းငြိမ်းချမ်းချမ်း ပညာသင်ခွင့်ရမှသာလျှင် အနာဂတ်တိုင်းပြည်က သာယာဝပြောနိုင်မယ်လို့ ထင်ပါတယ်” လို့ ရင်ဖွင့်ပြောပြပါတယ်။
အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ရတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့ဟာ အလွန်အရေးကြီးတာကြောင့် ကလေးတွေရဲ့ ပညာရေးနဲ့ မိဘပြည်သူတွေရဲ့ အကျိုးစီးပွားကို ငဲ့ညှာပြီး နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဆွေးနွေးအဖြေရှာပေးကြဖို့ ရှမ်းမြောက်ပညာရေးမိသားစုက အလေးအနက် တောင်းဆိုထားပါတယ်။
ဓါတ်ပုံ – KIC NEWS
