The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၆ ရက်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နဲ့ မုံရွာမြို့တွေမှာ မနေ့က တစ်ရက်တည်းအတွင်းမှာတင် စစ်ကောင်စီ တပ်က လူငယ်အမျိုးသား ၉၀ ကျော်ကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ Monywa Revolution (MR) အဖွဲ့ကနေ သိရပါတယ်။
မတ်လ ၅ ရက်နေ့က စစ်ကိုင်းမြို့ပေါ်က လမ်းဆုံလမ်းခွတွေ၊ နှာပေါက်ဝဂိတ်နဲ့ မြို့အဝင်အထွက် နေရာတွေမှာ စစ်တပ်က အင်အားသုံး ပိတ်ဆို့စစ်ဆေးပြီး အသက် ၂၅ နှစ်ကနေ ၃၅ နှစ်ဝန်းကျင်ရှိတဲ့ အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ အခုလို ဖမ်းဆီးခံရသူတွေကိုတော့ စစ်ကိုင်းမြို့အခြေစိုက် တပ်မ (၃၃) ထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
“စစ်ခွေးတွေက တစ်ရက်တည်းကိုပဲ လူငယ် ၅၀ ကျော်လောက်ကို ပေါ်တာဆွဲသွားတာပါ။ အသက်အရွယ်တွေက ၂၅ နဲ့ ၃၅ ကြားတွေများတယ်။ မိသားစုနဲ့လည်း ပေးမတွေ့သလို၊ ပိုက်ဆံနဲ့ ပြန်ရွေးလို့လည်း မရဘူး။ အခု သူတို့ကို တပ်မ ၃၃ ထဲမှာ ဖမ်းထားတယ်” လို့ Monywa Revolution – MR အဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အလားတူပဲ မုံရွာမြို့ပေါ်မှာလည်း မတ်လ ၅ ရက်နေ့ ညနေပိုင်း အလုပ်ကနေ ပြန်လာတဲ့ အမျိုးသား ၄၀ ကျော်ကို စစ်ကောင်စီတပ်က အိမ်စီးကား အများအပြားနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ ပါသေးတယ်။
“သူတို့က စက်မှုဇုန် (၁)၊ သမစိတ္တလမ်း၊ ဗိုလ်ချုပ်လမ်းနဲ့ ပြည်ထောင်စုလမ်းတွေဘက်မှာ ကား ၄၊ ၅ စီးအပြင် ဒိုင်နာကားတစ်စီးနဲ့ပါ ပတ်ပြီး ပေါ်တာဆွဲနေတာ။ မနေ့ညနေကဆို ဒိုင်နာကား အပြည့်ပါသွား တယ်လို့ ကြားရတယ်။ ပိုက်ဆံနဲ့ ပြန်ရွေးမယ်ဆိုရင်တောင် အရွေးမခံဘူးဗျ။ အခု အဲဒီဖမ်းထားတဲ့ အယောက် ၄၀ ကျော်ကို မုံရွာမြို့ပေါ်က စုပေါင်းရုံးထဲမှာ ချုပ်ထားတယ်” လို့ ဒေသခံ သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေဟာ အရမ်းကို စိုးရိမ်ပူပန်နေကြပေမယ့် စစ်တပ်ဘက်က တွေ့ဆုံခွင့် ပိတ်ပင်ထားသလို ငွေကြေးနဲ့ ပြန်ရွေးဖို့လည်း လုံးဝလက်မခံဘူးလို့ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အခု လာမယ့် မတ်လလယ်ပိုင်းမှာ စစ်မှုထမ်းအပတ်စဉ် (၂၃) ကို စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ – စစ်တပ်က အိမ်စီးကားများဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေစဉ်
