The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၆ ရက်

လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ စိန်ခေါ်မှုတွေ၊ စွန့်စားရမှုတွေနဲ့ ရောယှက်နေတာကြောင့် စစ်ရေးပြင်ဆင်မှုနဲ့ လေ့ကျင့်ရေးအပိုင်းမှာ တာဝန်တွေ အရမ်းကို ကြီးမားနေတယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၃၁၁) ရဲ့ တပ်မဟာမှူး ဗိုလ်မှူးကြီး လုဇူမောက်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ MNDAA တပ်မဟာ (၃၁၁) ရဲ့ စစ်သင်တန်းဖွင့်ပွဲ အခမ်းအနားမှာ တပ်မဟာမှူးက အခုလို ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ဒီသင်တန်းဟာ ဗဟိုကနေ အလှည့်ကျ ပို့ချပေးနေတဲ့ သင်တန်းဖြစ်ပြီး တပ်ဖွဲ့ဝင်တွေရဲ့ လက်တွေ့စစ်မြေပြင် စွမ်းဆောင်ရည်နဲ့ အရည်အသွေးတွေကို အမြဲမပြတ် မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
ဒါ့အပြင် တပ်ဖွဲ့တွေအနေနဲ့ ပေးအပ်လာတဲ့ တာဝန်အမျိုးမျိုးကို အကောင်အထည်ဖော်နိုင်စွမ်းရှိဖို့နဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရင် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခု ရှိနေစေဖို့အတွက် ရည်ရွယ်လုပ်ဆောင်တဲ့ မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခုဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
ဒီသင်တန်းဖွင့်ပွဲမှာပဲ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တောင်းကျန်းချီကလည်း အမှာစကား ပြောကြားရာတွင် လက်ရှိလို ရှုပ်ထွေးပြင်းထန်လှတဲ့ အခြေအနေတွေအောက်မှာ စစ်သည်တော်တွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ဟာ အလွန်အရေးကြီးကြောင်း သူက အလေးပေးပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တပ်ဖွဲ့ဝင်အားလုံးအနေနဲ့ နိုင်ငံရေးအမြင်ကျယ်ဖို့၊ ပါတီရဲ့ ဦးဆောင်မှုအောက်မှာ အကြွင်းမဲ့ သစ္စာရှိဖို့နဲ့ ယုံကြည်စိတ်ချရတဲ့ ရဲဘော်ကောင်းတွေ ဖြစ်လာစေဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။
MNDAA တပ်ဖွဲ့ဟာ လက်ရှိအချိန်မှာတော့ စစ်ကောင်စီနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းလောက်က တရုတ်အစိုးရရဲ့ ကြားဝင်ဖျန်ဖြေ ဖိအားပေးမှုတွေကြောင့် စစ်ကောင်စီနဲ့ အပစ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့တာပါ။
ဒါပေမယ့် တဖက်မှာကြည့်မယ်ဆိုရင်လည်း MNDAA ဟာ သူတို့ရဲ့ ညီနောင်မဟာမိတ်ဖြစ်တဲ့ တအာင်းတပ်မတော် (TNLA) နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တင်းမာမှုတချို့ ရှိနေပြန်ပါတယ်။ ရှမ်းမြောက်၊ ကွတ်ခိုင်မြို့နယ်မှာ အုပ်ချုပ်ရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကစလို့ အောက်ခြေရဲဘော်တွေကြားမှာ ပြဿနာတွေ စတင်ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်ခေါင်းဆောင်ပိုင်းတွေကြား ဆွေးနွေးမှုတွေ ရှိနေပေမယ့် လက်ရှိအချိန်အထိတော့ အလုံးစုံ ပြေလည်မှုမရသေးဘဲ ဒေသတချို့မှာ စစ်ရေးပြင်ဆင်တာတွေ၊ အပြန်အလှန် ဖမ်းဆီးတာတွေ စတဲ့ ပဋိပက္ခလေးတွေ ဆက်လက်ဖြစ်ပေါ်နေဆဲပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ – The Kokang
