The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၅ ရက်

အမေရိကန်နဲ့ အစ္စရေးတို့ စတင်ဆင်နွှဲလိုက်တဲ့ စစ်ပွဲဟာ အခုဆိုရင် အရှေ့အလယ်ပိုင်းတခွင်ကို အကြီးအကျယ် ကူးစက်ပြန့်နှံ့လာနေပါပြီ။ ကြာသပတေးနေ့ မနက်စောစောပိုင်းမှာတင် အစ္စရေးဟာ လက်ဘနွန်နိုင်ငံကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ အီရန်ဘက်က ပစ်ခတ်လာတဲ့ ဒုံးကျည်လှိုင်းတွေကိုလည်း ကြားဖြတ်ဟန့်တားခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီလို ကြီးထွားလာတဲ့ စစ်ရေးတင်းမာမှုတွေကြောင့် အိမ်နီးချင်း အီရတ်နိုင်ငံမှာပါ လျှပ်စစ်မီးတွေ အကုန်ပြတ်တောက်သွားတဲ့အထိ ဂယက်ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။
အစ္စရေးဟာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတွေရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဘေရွတ်မြို့ ဆင်ခြေဖုံးရပ်ကွက်တွေကို မိုးမလင်းခင်ကတည်းက လေကြောင်းကနေ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်မှုမလုပ်ခင် ဒေသခံတွေကို ဘေးလွတ်ရာ ရှောင်ရှားကြဖို့ အစ္စရေးဘက်က ကြိုတင်သတိပေးခဲ့ပါတယ်။ အခုဆိုရင် လစ်တာနီမြစ်တောင်ဘက်ကနေ ပြည်သူတွေ ထွက်ခွာကြဖို့ အစ္စရေးက ဖိအားပေးနေပြီး၊ လက်ဘနွန်နယ်စပ်ကနေ ၆ ကီလိုမီတာလောက်အထိ အစ္စရေးတင့်ကားတွေ ဝင်ရောက်လာတာကို တွေ့ရတဲ့အတွက် မြေပြင်ထိုးစစ် ဆင်နွှဲတော့မလားဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။
ဒါကြောင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဆီ ဖုန်းဆက်ပြီး မြေပြင်ထိုးစစ်မလုပ်ဖို့နဲ့ လက်ဘနွန်ရဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားဖို့ သတိပေးခဲ့ရပါတယ်။ လက်ဘနွန်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် လူ ၇၅ ဦး သေဆုံးပြီး ၈၃,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
အီရန်ဘက်ကလည်း သူတို့ရဲ့ အဓိပတိကြီး ခါမေနီ သေဆုံးခဲ့ရတဲ့အပေါ် အလွတ်မပေးဘဲ အပြင်းအထန် လက်တုံ့ပြန်နေပါတယ်။ အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ ငါးပုံတစ်ပုံ ဖြတ်သန်းသွားလာနေတဲ့ ဟောမုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်ပြီလို့ ကြေညာခဲ့ပြီးနောက် ရေနံတင်သင်္ဘော သွားလာမှု ၉၀ ရာခိုင်နှုန်းအထိ ထိုးကျသွားခဲ့ပါတယ်။
ဒါ့အပြင် အီရန်ဟာ လုံခြုံအေးချမ်းပါတယ်ဆိုတဲ့ ဒူဘိုင်းနဲ့ ရီယာဒ်လို မြို့ကြီးတွေဆီကိုပါ ခြိမ်းခြောက်လာပြီး ယူအေအီး၊ ဆော်ဒီအာရေးဘီးယားနဲ့ ကာတာနိုင်ငံတွေဆီ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုတွေအတွင်း ကူဝိတ်နိုင်ငံမှာ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လက်နက်အစအန မှန်ပြီး သေဆုံးခဲ့ရသလို၊ ပင်လယ်ကွေ့ဒေသတဝိုက်မှာ အရပ်သား ၇ ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးထားပါတယ်။
ဒီစစ်ပွဲအတွင်းမှာ အထူးခြားဆုံးနဲ့ အပြင်းထန်ဆုံး ဖြစ်ရပ်တစ်ခုလည်း ပေါ်ထွက်လာပါတယ်။ အဲဒါကတော့ ဒုတိယကမ္ဘာစစ်ကြီး ပြီးကတည်းက ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရေငုပ်သင်္ဘောတစ်စီးက သီရိလင်္ကာနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အိန္ဒိယကို ချစ်ကြည်ရေးခရီး သွားနေတဲ့ အီရန်စစ်သင်္ဘော IRIS Dena ကို တော်ပီဒိုနဲ့ ပစ်ခတ် နှစ်မြှုပ်ပစ်လိုက်တာပါပဲ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကတော့ နိုင်ငံတကာ ရေပိုင်နက်ထဲမှာမို့ ဘေးကင်းတယ်လို့ ထင်နေတဲ့ အဲဒီသင်္ဘောကို အသံတိတ် သေဆုံးခြင်း (Quiet Death) နဲ့ အဆုံးသတ်ပေးလိုက်တာဖြစ်ပြီး အမေရိကန်ဟာ နိုင်အောင်တိုက်နေတာလို့ ကြုံးဝါးခဲ့ပါတယ်။ ဒီဖြစ်စဉ်ကြောင့် အီရန်ရေတပ်သား ၈၇ ဦး သေဆုံးပြီး ၆၁ ဦး ပျောက်ဆုံးနေတယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက အတည်ပြုထားပါတယ်။
စစ်မီးက တခြားနိုင်ငံတွေကိုပါ ဆက်လက် ကူးစက်နေပါတယ်။ ဆိုက်ပရပ်စ်မှာရှိတဲ့ ဗြိတိန်စစ်စခန်းကို ပစ်မှတ်ထားပြီး အီရန်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တစ်စင်းဟာ လမ်းကြောင်းလွဲသွားပြီး တူရကီလေပိုင်နက်ထဲ ရောက်သွားလို့ နေတိုး (NATO) လေကြောင်းကာကွယ်ရေးစနစ်နဲ့ ပစ်ချခဲ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး တူရကီက အီရန်သံအမတ်ကို ခေါ်ယူသတိပေးခဲ့ရပါတယ်။
ဒါ့အပြင် အမေရိကန်က လက်နက်တပ်ဆင်ပေးမယ်လို့ သတင်းထွက်နေတဲ့ အီရတ်မြောက်ပိုင်းက ကာ့ဒ်လက်နက်ကိုင် အဖွဲ့တွေကိုပါ အီရန်က ဝင်ရောက် တိုက်ခိုက်ခဲ့ပါသေးတယ်။ အသေအပျောက် စာရင်းတွေအရဆိုရင် စစ်ပွဲစတင်ကတည်းက အီရန်ဘက်မှာ စစ်ဘက်၊ အရပ်ဘက် သေဆုံးသူ ၁,၀၄၅ ဦးအထိ ရှိနေပြီလို့ အီရန် နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြထားပါတယ်။
အမေရိကန်ဘက်ကတော့ သူတို့တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးထားတယ်လို့ အတည်ပြုထားပါတယ်။ အခုဆိုရင် အခြေအနေတွေ ပိုဆိုးလာတာကြောင့် အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက သူတို့ရဲ့ နိုင်ငံသားတွေကို ဒေသတွင်းကနေ အရေးပေါ် လေယာဉ်တွေနဲ့ ပြန်လည်ခေါ်ယူနေကြပြီ ဖြစ်ပါတယ်။
ကိုးကား – AFP
ဓာတ်ပုံ – AFP
