The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၅ ရက်

အမေရိကန် လွှတ်တော်ထဲမှာ အီရန်စစ်ပွဲနဲ့ ပတ်သက်တဲ့ ကြားနာပွဲတစ်ခု လုပ်နေတုန်း စစ်ပွဲကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြတဲ့ အမျိုးသားတစ်ဦးကို လွှတ်တော် ရဲတပ်ဖွဲ့ကနေ အင်အားသုံး ဆွဲထုတ်ဖယ်ရှားခဲ့ရတယ်လို့ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
မတ်လ ၄ ရက်နေ့က အထက်လွှတ်တော်မှာ ကျင်းပနေတဲ့ ဒီကြားနာပွဲအတွင်း အသက် ၄၄ နှစ်အရွယ် ဘရိုင်ယန် မက်ဂင်းနစ်ဆိုသူက အီရန်စစ်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြခဲ့လို့ ရဲတွေက ခန်းမထဲကနေ ဆွဲထုတ်ခဲ့ရတာပါ။ ဒီဖြစ်စဉ်အတွင်းမှာ အထက်လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ တင်မ်ရှီဟီ ကိုယ်တိုင်ကလည်း ရဲတွေကို ဝင်ကူပြီး မက်ဂင်းနစ်ကို ကြားနာပွဲ ခန်းမထဲကနေ အမြန်ထွက်သွားစေဖို့ လုပ်ဆောင်ခဲ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အမတ် ရှီဟီက သူ့ရဲ့ X (အရင် Twitter) လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရှင်းလင်းရေးသားခဲ့ပါတယ်။ စစ်ပွဲကြားနာပွဲအတွင်းမှာ လွန်ကဲတဲ့ အပြုအမူတွေနဲ့ ဆန္ဒပြခဲ့သူ တစ်ယောက်ကို လွှတ်တော်ရဲတပ်ဖွဲ့က ဖယ်ရှားဖို့ ကြိုးစားချိန်မှာ အဲဒီအမျိုးသားက ရဲတွေကို ပြန်ပြီး ရန်လုပ်ဖို့ ကြိုးစားလာတဲ့အတွက် အခြေအနေတွေ ပိုမဆိုးသွားအောင် သူကိုယ်တိုင် ဝင်ပါပြီး ပြေလျော့သွားအောင် ကူညီဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
လွှတ်တော် ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက်အရ ဆန္ဒပြသူဟာ ဂရင်းပါတီ ကိုယ်စားပြု အမတ်လောင်း တစ်ဦးဖြစ်သလို မရိန်းတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်တဲ့ မက်ဂင်းနစ်ဆိုသူ ဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ သူ့ကို ရဲတပ်ဖွဲ့ဝင်တွေကို ရန်မူမှု၊ ဖမ်းဆီးတာကို ခုခံမှုနဲ့ တရားဝင် ခွင့်ပြုမထားတဲ့ နေရာမှာ ဆန္ဒပြမှုစတဲ့ စွဲချက်တွေနဲ့ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့် ရဲအရာရှိ ၃ ဦးတောင် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ လွှတ်တော် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
တကယ်တော့ ဒီဖြစ်ရပ် မတိုင်ခင် မနက်ပိုင်းကတည်းက မက်ဂင်းနစ်ဟာ သူ့ရဲ့ X အကောင့်မှာ ဗီဒီယိုတစ်ခု ကြိုတင် တင်ထားခဲ့ပါသေးတယ်။ အဲဒီဗီဒီယိုထဲမှာ သူဟာ လောလောဆယ် ဝါရှင်တန်ဒီစီကို ရောက်နေကြောင်း၊ နိုင်ငံရဲ့ ရွေးကောက်ခံ ခေါင်းဆောင်တွေက ကမ္ဘာစစ်ကြီး မဖြစ်လာစေရဘူးလို့ ပြောနေပေမယ့် ဘာကြောင့် အမေရိကန် စစ်မှုထမ်း အမျိုးသား၊ အမျိုးသမီးတွေကို အခုလို အန္တရာယ်ရှိတဲ့ စစ်ပွဲထဲကို တွန်းပို့နေတာကို လက်ခံခွင့်ပြုထားရသလဲဆိုတာ လွှတ်တော်မှာ သွားရောက် မေးခွန်းထုတ်သွားမှာ ဖြစ်တယ်လို့ ကြိုတင် ကြေညာထားခဲ့တာပါ။
လွှတ်တော် ရဲတပ်ဖွဲ့ဘက်ကတော့ ကြားနာမှု အတောအတွင်းမှာ ကျင့်ဝတ်စည်းကမ်း မလိုက်နာဘဲ ဥပဒေနဲ့မညီ ဆန္ဒပြတာ၊ တားဆီးတဲ့ ရဲအရာရှိတွေကို အပြင်းအထန် ခုခံဆန့်ကျင်တာတွေဟာ အနီးအနားက လူအများကြီးကိုပါ ထိခိုက်အန္တရာယ် ဖြစ်သွားစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။
လူမှုကွန်ရက်ပေါ် ပြန့်နှံ့လာတဲ့ ဗီဒီယိုမှတ်တမ်းတွေထဲမှာ ကြည့်မယ်ဆိုရင်တော့ မက်ဂင်းနစ်ဟာ သူ့ကို ရဲတွေ ဖယ်ရှားဖို့ ကြိုးစားချိန်မှာ ခန်းမတံခါးကို အတင်းကုတ်တွယ်ထားပြီး “အစ္စရေးအတွက် ဘယ်သူမှ စစ်မတိုက်ပေးချင်ဘူး” ဆိုပြီး အကျယ်ကြီး အော်ဟစ်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ကြားနာပွဲကို တက်ရောက်လာသူတွေထဲက တစ်ယောက်ကလည်း “အမေရိကန် အထက်လွှတ်တော် အမတ်တစ်ယောက်က မရိန်းစစ်သားဟောင်းရဲ့ လက်ကို ချိုးလိုက်ပြီ” ဆိုပြီး ရှီဟီကို စွပ်စွဲအော်ဟစ်နေတဲ့ အသံကိုလည်း ကြားခဲ့ရပါတယ်။
အဲဒီအချိန်မှာ မက်ဂင်းနစ်ရဲ့ လက်ဟာ တံခါးကြားမှာ ညပ်နေခဲ့တာဖြစ်ပြီး၊ အခြေအနေတွေ အေးအေးဆေးဆေး ဖြစ်သွားမှသာ အမတ် ရှီဟီက သူ့ရဲ့ မူလနေရာကို ပြန်သွားခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လွှတ်တော် ရဲတပ်ဖွဲ့က လွှတ်တော်ကြားနာမှု ခန်းမထဲမှာ ဆန္ဒပြခွင့် လုံးဝ မရှိကြောင်း၊ ဆန္ဒပြချင်တယ်ဆိုရင် လွှတ်တော်အပြင်ဘက် ရင်ပြင်လိုမျိုး ခွင့်ပြုထားတဲ့ တခြားနေရာတွေ အများကြီးရှိတယ်လို့ သတိပေး ထုတ်ပြန်သွားခဲ့ပါတယ်။
ကိုးကား – NBC
ဓာတ်ပုံ – Getty Images
