The Zoland Post – ၂၀၂၆ခုနှစ်၊ မတ်လ ၄ရက်

မြန်မာနိုင်ငံမှာ စက်သုံးဆီပြတ်လတ်နိုင်တယ်လို့ ပြည်သူများစိုးရိမ်နေချိန် စက်သုံးဆီပြတ်လပ်စရာမရှိဘဲ အရန်စက်သုံးဆီ ရက် ၄၀စာ ကျန်ရှိနေသေးတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဒီနေ့မှာ ပြောပါတယ်။
မနေ့က စက်သုံးဆီ ချွေတာရေး ကြေညာချက်ထုတ်ပြန်တာဟာ စက်သုံးဆီ မရှိလို့ မဟုတ်ဘဲ ရေရှည်ဖြစ်လာမယ့် အခြေအနေတွေကို တွက်ဆထုတ်ပြန်ခဲ့ခြင်းသာဖြစ်တယ်လို့ စစ်တပ်လက်ဝေခံ မီဒီယာတွေက တဆင့် ပြောဆိုလာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စက်သုံးဆီ သုံးစွဲမှုဟာ ၁ ရက်လျှင် ဂါလံ ၃ ဒသမ ၂ သန်း သုံးစွဲနေတယ်လို့ ဆိုပါတယ်။
” အရန်စက်သုံးဆီ မရှိလို့ ထုတ်ပြန်ခဲ့ခြင်းမဟုတ်ပါဘူး။ ရေရှည် ဖြစ်လာနိုင်မယ့် ကိစ္စတွေကို တွက်ဆပြီးတော့ ခြိုးခြံချွေတာရေးအတွက်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ စနစ်တကျ အသုံးပြုပြီးတော့ကျ ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ လောင်စာဆီ အခက်အခဲကို မြန်မာနိုင်ငံအနေနဲ့ စနစ်တကျ ဖြတ်သန်းနိုင်ဖို့ ရည်ရွယ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။ အခုကျနော်တို့ လက်ရှိ မြန်မာနိုင်ငံမှာ ဓာတ်ဆီ ဂါလံ သန်း ၆၀ ရှိပြီး စုပုံထားပြီးဖြစ်ပါတယ်။ ဒီဇယ်ဆီ ဂါလံ သန်း ၇၀ နီးပါး စုပုံထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအတွင်းမှာ အရန်ဆီ ရက် ၄၀ စာရှိတယ်လို့ ခိုင်မာစွာ ပြောကြားလိုပါတယ်”လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စက်သုံးဆီ ပြတ်လပ်သွားဖို့မရှိပေမယ့် စက်သုံးဆီစျေးနှုန်းတွေဟာ ကမ္ဘာ့စျေးနှုန်းနဲ့အညီ အပြောင်းအလဲများဖြစ်လာနိုင်တယ်လို့လည်းဆိုပါတယ်။
ဒါ့အပြင် ဆိပ်ကမ်းမှာ ရောက်ရှိဆိုက်ကပ်ထားပြီး မချရသေးတဲ့ စက်သုံးဆီတင်သင်္ဘော ၂ စင်းအပြင် ဝယ်ယူထားပြီးသား လမ်းမှာကျန်နေတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စင်းလည်းရှိတယ်လို့ ဇော်မင်းထွန်းက ပြောပါတယ်။
စက်သုံးဆီနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စွမ်းအင်ဝန်ကြီးဌာနက မကြာမီ ကြေညာချက်များ ထုတ်ပြန် အသိပေးမှာဖြစ်ကြောင်း သိရှိရပါတယ်။
