The Zoland Post- ၂၀၂၆ခုနှစ်၊ မတ်လ ၃ ရက်

၂၀၂၆ခုနှစ် မတ်လ ၃ရက်နေ့မှ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာသူတဦး
အကျဉ်းထောင်အသီးသီးမှာ ပုဒ်မ ၅၂ (က) နဲ့ ပုဒ်မ ၅၀(ည)အမှုနဲ့ ဖမ်းဆီးခံထားရသူတွေ လွတ်ငြိမ်းစာရင်းမှာ အမည်ပါဝင်ပေမယ့် မလွတ်လာသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့က ပြောပါတယ်။
ဒိုက်ဦးထောင်၊ မြင်းခြံထောင်၊ ပေါင်းတည်ထောင်၊ မအူပင်ထောင်၊ အိုးဘိုထောင်၊ အင်းစိန်ထောင်နဲ့ အကျဉ်းထောင်အများစုမှာ ၅၀(ည)၊၅၂(က) ဖြင့် ဖမ်းဆီးခံထားရသူများ လွတ်မြောက်လာခြင်း မရှိသေးတဲ့အတွက် ချက်ခြင်းလွှတ်ပေးဖို့ ဒီနေ့မှာ PPNM အဖွဲ့က တောင်းဆိုချက် ထုတ်ပြန်လိုက်တာပါ။
ဒါ့အပြင် တစ်ခြားနိုင်ငံရေး ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွှတ်ပေးဖို့လည်း PPNM အဖွဲ့က တောင်းဆိုထားကြောင်း ဆိုပါတယ်။
“သာယာဝတီ မှာလဲ ၅၀(ည) တွေမလွတ်သေးပါ မနေ့က ထောင်ရှေ့ မိသားစုဝင်တွေအများကြီး စိတ်မကောင်းဖြစ်ပြီး ပြန်သွားကြရပါတယ်။” လို့ သာယာဝတီဒေသခံတစ်ဦးကပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)ရဲ့ ဒီနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ မနေ့က စစ်ကော်မရှင် ပေးခဲ့တဲ့လွတ်ငြိမ်းကြောင့် အကျဥ်းထောင်၊အချုပ်ထောင် ၃၁ခုကနေ နိုင်ငံရေးအကျဥ်းသား ၃၆၁၃ ဦးလွတ်လာပြီလို့ သိရပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ခဲ့သူတွေဟာ ဒီအရေအတွက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ည)နဲ့ ပုဒ်မ (က)တို့နဲ့လွတ်လာသူတွေဖြစ်ပြီး လွတ်မြောက်ဖို့ ကျန်ရှိသူ ၃,၀၀၀ ကျော်လောက်ကျန်သေးတယ်လို့ PPNM ဦးဆောင်သူ ကိုသိုက်ထွန်းဦးထံမှ သိရပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်က အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)နဲ့ ပုဒ်မ ၅၂ (က)တို့နဲ့ တရားစွဲခံထားရသူ ၁၂,၄၈၇ဦးရဲ့ အမှုတွေကို ပိတ်သိမ်းလိုက်ပြီး ထောင်ဒဏ် ချမှတ်ခံထားရသူ ၇,၃၀၀ ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း မနေ့က တောင်သူလယ်သမားနေ့မှာ ကြေညာထားတာဖြစ်ပါတယ်။
ဓာတ်ပုံ ။ ။ ဆီသို့ – Towards
