The Zoland Post – ၂၀၂၆ ခုနှစ်၊ မတ် ၁

အီရန်နိုင်ငံ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ကွယ်လွန်သွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာတွေက အတည်ပြုလိုက်ပါတယ်။ စနေနေ့က ပြုလုပ်ခဲ့တဲ့ ဒီစစ်ဆင်ရေးဟာ ဆယ်စုနှစ်များစွာအတွင်း အီရန်အပေါ် အကြီးမားဆုံး တိုက်ခိုက်မှုဖြစ်ပြီး အစ္စရေးဘက်ကလည်း ခါမေနီရဲ့ ရုပ်အလောင်းကို တွေ့ရှိထားကြောင်း ဆိုပါတယ်။
၁၉၈၉ ခုနှစ်ကတည်းက အီရန်ကို ဦးဆောင်ခဲ့တဲ့ အသက် ၈၆ နှစ်အရွယ် ခါမေနီ ကွယ်လွန်မှုဟာ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ အနောက်အုပ်စုရဲ့ ရန်သူတော်အဖြစ် ရပ်တည်ခဲ့တဲ့ သူ့ရဲ့ ၃၆ နှစ်ကြာ အုပ်ချုပ်မှုအတွင်း နျူကလီးယားအရေးနဲ့ ပြည်တွင်းဆန္ဒပြမှုတွေကြောင့် အကြီးမားဆုံး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို အဆုံးသတ်သွားတာလည်း ဖြစ်ပါတယ်။
အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ဝန်ထမ်းတစ်ဦးဟာ မျက်ရည်တွေနဲ့အတူ ခါမေနီကို “မွတ်စလင်တို့ရဲ့ ခေါင်းဆောင်၊ မေတ္တာရှင် ဖခင်ကြီး” အဖြစ် တင်စားကာ သူဟာ “အာဇာနည်အဖြစ် ကွယ်လွန်ခဲ့ပြီး ကောင်းကင်ဘုံသို့ ရောက်ရှိသွားပြီ” လို့ ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကလည်း ခါမေနီဟာ သူ့ရဲ့အုပ်ချုပ်မှုကို အဆုံးသတ်စေမယ့် ပဋိပက္ခအတွင်း သေဆုံးသွားပြီလို့ အတည်ပြုပြောကြားခဲ့သလို အစ္စရေးအဆင့်မြင့်အရာရှိတစ်ဦးကလည်း ခါမေနီရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရလည်း တီဟီရန်မြို့က ခါမေနီရဲ့ နေအိမ်ဝင်းအတွင်းမှာ ဗုံးဒဏ်ကြောင့် ပြင်းထန်တဲ့ ပျက်စီးမှုတွေ ရှိနေတာကို တွေ့ရပါတယ်။
ခါမေနီဟာ လွန်ခဲ့တဲ့ ဇွန်လကတည်းက အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် ၁၂ ရက်ကြာ ပုန်းရှောင်ခဲ့ရဖူးသလို သူ့ရဲ့ အနီးကပ်နောက်လိုက်တွေနဲ့ တော်လှန်ရေးအစောင့်တပ် ခေါင်းဆောင်တွေလည်း သေဆုံးခဲ့ဖူးပါတယ်။ ပါလက်စတိုင်းလက်နက်ကိုင် ဟားမတ်စ်အဖွဲ့က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်ရဲ့ ဒေသတွင်းဩဇာအာဏာဟာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ရသလို ဟစ်ဇ်ဘိုလာအဖွဲ့ အားနည်းသွားတာနဲ့ ဆီးရီးယားသမ္မတ အာဆတ် ပြုတ်ကျသွားတာတွေကလည်း ခါမေနီရဲ့ အာဏာအာဏာစက်ကို ကြီးမားစွာ ထိခိုက်စေခဲ့ပါတယ်။
ခါမေနီ ကွယ်လွန်ပြီးနောက် အီရန်အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရေဇာ ပါလာဗီက သမ္မတထရန့်ကို ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အီရန်မှာ အာဏာဟာကွက် မဖြစ်ပေါ်စေဖို့ အသွင်ကူးပြောင်းရေး အစီအစဉ်တစ်ခုကို အဆိုပြုထားပါတယ်။ ဒါပေမဲ့ အီရန်အတိုက်အခံ အင်အားစုတွေဟာ အစိတ်စိတ်အမွှာမွှာ ကွဲပြားနေဆဲဖြစ်တာကြောင့် ခါမေနီနောက်ပိုင်း အီရန်ရဲ့ အနာဂတ်ဟာ မရေရာတဲ့ အခင်းအကျင်းသစ်တစ်ခုဆီကို ဦးတည်နေပါတယ်။
Source: Reuter- Ayatollah Ali Khamenei reported killed
