The Zoland Post – ၂၀၂၆၊ ဖေဖော်ဝါရီလ ၂၃ ရက်
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ပဲနုပ်ဆွပ်ကျေးရွာက ရွှေမှော်စျေးတန်းအတွင်းကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ပဲနုပ်ဆွပ်ကျေးရွာက ရွှေမှော်စျေးတန်းအတွင်းကို ဂျိုင်ရိုကော်ပတာ (Gyrocopter) နှစ်စင်းနဲ့ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ စျေးရောင်းစျေးဝယ်သူတွေနဲ့ စည်ကားနေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗုံးထိမှန်မှုကြောင့် အရပ်သား ၇ ဦး နေရာမှာတင် သေဆုံးခဲ့သလို ၅ ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေထဲမှာလည်း ပြင်းထန်ဒဏ်ရာရရှိထားသူတွေ ပါဝင်နေပြီး လက်ရှိမှာတော့ စိုးရိမ်ရတဲ့အခြေအနေနဲ့ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အရပ်သားတွေ စျေးဝယ်နေတဲ့နေရာကို ဦးတည်ခဲ့တာဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတဲ့ ရုပ်သံဖိုင်တွေမှာလည်း ပေါက်ကွဲမှုကြောင့် ပျက်စီးသွားတဲ့ စျေးဆိုင်တန်းတွေနဲ့ အရပ်သားတွေ သေဆုံးဒဏ်ရာရနေတဲ့ မြင်ကွင်းတွေကို တွေ့မြင်ရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ယခုရက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Source :Video Footage (Social Media)
