The Zoland Post – ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အချို့က လယ်ယာလုပ်ငန်းခွင်များအထိ ဝင်ရောက်ကာ အတင်းအဓမ္မ ပေါ်တာဆွဲနေခြင်းကို ကန့်ကွက်သည့်အနေဖြင့် ဒေသခံအမျိုးသမီးများက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။
တမူးမြို့နယ်တောင်ပိုင်းရှိ မင်းသမီးကျေးရွာတွင် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းကလည်းကောင်း၊ ဘုက္ကန်ကျေးရွာတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်းကောင်း အမျိုးသမီးများ ဦးဆောင်သည့် ဆန့်ကျင်ကန့်ကွက်ပွဲများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် ယခင်က ညပိုင်းတွင်သာ ရွာစဉ်လှည့်၍ လူစုဆောင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယခုအခါ နေ့လယ်ပိုင်း အလုပ်လုပ်ကိုင်နေသည့် တောင်ယာနှင့် လယ်လုပ်ငန်းခွင်များအထိ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ဖမ်းဆီးလာခြင်းကြောင့် ဒေသခံများက မခံမရပ်နိုင်ဖြစ်ကာ ဆန္ဒပြလာကြခြင်း ဖြစ်သည်။

အမျိုးသားများမှာ ညပိုင်းတွင် အိမ်၌မအိပ်ရဲသလို နေ့ခင်းဘက်တွင်လည်း ကျွဲ၊ နွားကျောင်းရန်နှင့် လယ်ယာလုပ်ငန်းခွင်သွားရန် ကြောက်လန့်နေရသဖြင့် မိသားစု စားဝတ်နေရေးအတွက် အမျိုးသမီးများကသာ ဦးဆောင်လုပ်ကိုင်နေရကြောင်း ဒေသခံများက ဆိုသည်။ “ယောက်ျားလေးတွေဆို ဆွဲမှာစိုးလို့ ခမ်းပါတ်မြို့ကို ဈေးဝယ်သွားတာတောင် သက်ကြီးရွယ်အိုတွေနဲ့ မိန်းကလေးတွေပဲ သွားရဲတော့တယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ တမူးမြို့နယ် အရေးပေါ်အုပ်ချုပ်ရေး ဗဟိုအဖွဲ့က ဒေသလုံခြုံရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက်ဟုဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။ သို့သော် ဒေသခံများကမူ ယင်းထုတ်ပြန်ချက်ကို အကာအကွယ်ယူ၍ အတင်းအဓမ္မ စစ်သားစုဆောင်းနေခြင်းဖြစ်ကြောင်း ဝေဖန်နေကြသည်။ အထူးသဖြင့် အဖွဲ့အစည်းများနှင့် ပတ်သက်မှုမရှိသည့် ဗမာကျေးရွာများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ပြီး ချင်းလက်နက်ကိုင်အဖွဲ့များနှင့် ဆက်နွှယ်သူများကိုမူ ပြန်လွှတ်ပေးမှုများရှိကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။
ယခုကဲ့သို့ တော်လှန်ရေးအဖွဲ့များ၏ ပေါ်တာဆွဲမှု ပြင်းထန်လာခြင်းကြောင့် တမူးမြို့နယ်အတွင်းရှိ အမျိုးသားအများအပြားမှာ မိမိတို့ဒေသတွင် အလုပ်မလုပ်ရဲတော့ဘဲ ထိစပ်နယ်မြေများဖြစ်သည့် ကျီးခါးနှင့် တွန်းဇံမြို့နယ်အတွင်းရှိ ဘိန်းစိုက်ခင်းများတွင် သွားရောက်အလုပ်လုပ်ကိုင်ကာ တိမ်းရှောင်နေကြရသည်။ တော်လှန်ရေးအင်အားစုများအပေါ် လူထု၏ ယုံကြည်ကိုးစားမှု ကျဆင်းလာနိုင်သည့် အဆိုပါ လုပ်ရပ်များအပေါ် တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်နေကြသည်။
#TheZolandPost #Tamu #Sagaing #ForcedRecruitment #Protest #NUG #Revolution #MyanmarCrisis
Source:
- Field Reports from Tamu & Khampat Residents.
