
ပြင်ပအကူအညီ မရှိသလောက် နည်းပါးတဲ့ ကန်ပက်လက်မြို့နယ်မှာ မိဘတွေက အတိုးနဲ့ ငွေချေးပြီး စာသင်ခန်းတွေ မပြိုလဲအောင် ကျားကန်ထားကြပေမဲ့ ဆရာရှားပါးမှု၊ ကျောင်းတွင်း စီမံခန့်ခွဲမှု ပဋိပက္ခနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကြား မူဝါဒ ကွဲပြားမှုတွေက ကြားကာလပညာရေးစနစ်ကို အတွင်းကနေ လှိုက်စားလာနေပါတယ်။ ကလေးတွေရဲ့ အနာဂတ် ပညာရေးမျိုးဆက် မပြတ်တောက်စေဖို့ လက်ရှိ ဘာတွေ လုပ်ဆောင်နေကြသလဲ၊ ဘယ်လို လက်တွေ့ကျတဲ့ မဟာဗျူဟာတွေ လိုအပ်နေသလဲ။
ဒီဆောင်းပါးမှာ ပဋိပက္ခတွေကြားထဲ ပညာရေးကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ဒေသခံတွေနဲ့ ဆရာ၊ ဆရာမတွေရဲ့ ကြိုးပမ်းမှုတွေ၊ ကြားကာလပညာရေးစနစ်ရဲ့ အတွင်းပိုင်း အားနည်းချက်တွေနဲ့ ရေရှည်တည်တံ့ရေးအတွက် လက်တွေ့ကျတဲ့ ဖြေရှင်းနည်းတွေကို ဆန်းစစ်တင်ပြထားပါတယ်။
ကန်ပက်လက်၊ ချင်းပြည်နယ် —
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်မှာ မြေပြင်စစ်ကြောင်းတွေနဲ့ ဒရုန်းအန္တရာယ်ကြောင့် စာသင်ကျောင်း အများစု ပိတ်ထားရသလို စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ဒေသထွက် ဝဥ ရောင်းချဖို့ လမ်းကြောပိတ်ဆို့နေတဲ့အတွက် မိသားစုတွေဟာ ဝင်ငွေလုံးဝ ပြတ်တောက်မည့် အခြေအနေ ဖြစ်လာနေပါတယ်။ ဒါပေမဲ့ ဒေသခံ မိဘတွေကတော့ တစ်နှစ်ကို ကျပ် လေးသိန်းကနေ လေးသိန်းခွဲအထိ ပေးနေရတဲ့ ကျောင်းလခကို အတိုး ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းနဲ့ ချေးငှားပြီး သားသမီးတွေ ပညာသင်ယူခွင့် မဆုံးရှုံးရအောင် ကျားကန်ပေးနေကြပါတယ်။
“ကျောင်းစရိတ် မတတ်နိုင်တဲ့သူတွေ ရှိတယ်။ ဒါပေမဲ့ ကျောင်းမတက်ဘဲနဲ့တော့ မနေကြဘူး။ အမျိုးတွေကနေ အချင်းချင်း တတ်နိုင်သလောက် ပံ့ပိုးပေးကြတာပေါ့နော်” လို့ ကန်ပက်လက်မြို့နယ်က မြေပြင် CDM ကျောင်းဆရာမတစ်ဦးက ပြောပါတယ်။
သူတို့ကျေးရွာမှာဆိုရင် အဲဒီလို မိဘနဲ့ ဆွေမျိုးသားချင်းတွေရဲ့ ဝိုင်းဝန်းပံ့ပိုးမှုကြောင့် တော်လှန်ရေး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်သွားသူတွေနဲ့ ကျန်းမာရေးကြောင့် ခေတ္တနားတဲ့ ကလေး တစ်ယောက်၊ နှစ်ယောက်ကလွဲရင် ရွာမှာရှိတဲ့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်နိုင်အောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်လို့ ဒေသခံ လူလတ်ပိုင်း အမျိုးသားတစ်ဦးကလည်း အတည်ပြုပါတယ်။
အဲဒီအချက်က ရပ်ရွာလူထုဟာ ပညာရေးဝန်ဆောင်မှုကို လက်ခံရယူသူတွေအဖြစ် သာမက ပဋိပက္ခကြားမှာ ပညာရေးစနစ် မပြိုလဲအောင် ကိုယ်တိုင် အနစ်နာခံ ထမ်းပိုးထားကြသူတွေဖြစ်ကြောင်း ပြသနေပါတယ်။ ဒါပေမဲ့ ရပ်ရွာရဲ့ စိတ်အားထက်သန်မှု တစ်ခုတည်းနဲ့တော့ ကြားကာလ ပညာရေးစနစ် အတွင်းပိုင်းက အားနည်းချက်တွေနဲ့ မူဝါဒဆိုင်ရာ အကျပ်အတည်းအားလုံးကို မဖြေရှင်းနိုင်သေးပါဘူး။
ဒေသခံပညာရေးစနစ်၏ ကြိုးပမ်းမှုများနှင့် အကန့်အသတ်များ
ကန်ပက်လက်မြို့နယ်မှာ ပြည်တွင်း၊ ပြည်ပ အရပ်ဘက်အဖွဲ့အစည်း (INGO/NGO) တွေရဲ့ ပညာရေး ထောက်ပံ့မှု မရှိသလောက် နည်းပါးသလို မြို့နယ်ပညာရေးဘုတ်အဖွဲ့မှာလည်း သီးသန့်ဘတ်ဂျက် မရှိတဲ့အတွက် ပညာရေးစနစ်တကျ ရှိစေဖို့ နည်းပညာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းတချို့ပဲ ကူညီဆောင်ရွက်ပေးနိုင်တယ်လို့ မြို့နယ်ပညာရေးလုပ်ငန်းနဲ့ နီးစပ်သူ ဆရာတစ်ဦးက ရှင်းပြပါတယ်။
ပထမတစ်ချက်အနေနဲ့ စစ်ကြောင်းတွေ မဝင်ခင် ကျောင်းဖွင့်နိုင်ခဲ့တဲ့ ကာလအတွင်းမှာ မြို့နယ်ဘုတ်အဖွဲ့က နှစ်စကတည်းက လစဉ်စာမေးပွဲနဲ့ အကဲဖြတ်စစ်ဆေးမှုတွေကို တစ်မြို့နယ်လုံး တပြေးညီ သတ်မှတ်ပေးခဲ့သလို၊ တိုက်နယ်ဒေသအလိုက် ဒေသပညာရေးမှူးတွေကလည်း တစ်ပတ် ငါးရက် ကျောင်းတက်ရက်နဲ့ စာမေးပွဲရက်တွေကို စနစ်တကျ သတ်မှတ်လည်ပတ်နိုင်ခဲ့ပါတယ်။ စာအုပ်ရှားပါးတဲ့ အထက်တန်းအဆင့်အတွက်လည်း ဘုတ်အဖွဲ့က ဖတ်စာအုပ် မိတ္တူဆွဲပေးတာတွေ ကူညီခဲ့ပါတယ်။
ဒုတိယတစ်ချက်အနေနဲ့ စစ်ကြောင်းကြောင့် တစ်ရွာကနေ တစ်ရွာ၊ တစ်မြို့နယ်ကနေ တစ်မြို့နယ် ပြောင်းရွှေ့ပြေးလွှားနေရတဲ့ ကလေးတွေ ကျောင်းပြန်တက်တဲ့အခါ အတန်းမနစ်နာစေဖို့ ကျောင်းသားမှတ်တမ်းကတ် (CPR) နဲ့ လစဉ်အကဲဖြတ်ကတ် (Monthly Report Card) စနစ်ကို ကျင့်သုံးပေးနေပါတယ်။
ဒေသတာဝန်ခံရဲ့ လက်မှတ်နဲ့ မြို့နယ်တွင်းရော မြို့နယ်ပြင်ပက တော်လှန်ရေးကျောင်းတွေမှာပါ အတန်းဆက်တက်နိုင်အောင် ချိတ်ဆက်ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီ CPR စနစ်ဟာ တော်လှန်ရေးကျောင်း အချင်းချင်းကြားမှာသာ အသုံးဝင်ပြီး၊ စစ်ကောင်စီကျောင်းမှာ သွားတက်ပြီး ပြန်လာတဲ့ ကလေးတွေရဲ့ အတန်းအောင်မြင်မှုကိုတော့ လက်ခံအတည်ပြုပေးခြင်း မရှိဘဲ မူလ CPR အောင်မြင်ထားတဲ့ အတန်းကနေသာ ပြန်လည်လက်ခံပါတယ်။
တတိယတစ်ချက်အနေနဲ့ CDM ဆရာ၊ ဆရာမ အများစု နယ်မြေပြောင်းရွှေ့တာနဲ့ ပြည်ပထွက်ခွာတာတွေကြောင့် လက်ရှိ သင်ကြားနေသူ ၅၀ ရာခိုင်နှုန်းကျော်ဟာ စေတနာ့ဝန်ထမ်း (Volunteer) တွေ ဖြစ်လာချိန်မှာ ဆရာအရည်အချင်း ထိန်းသိမ်းဖို့ ကြိုးပမ်းထားပါတယ်။
မိဘတွေက ပညာအရည်အချင်း မကြည့်ဘဲ လူပုဂ္ဂိုလ်ခင်မင်မှုနဲ့ ကြုံရာလူ ခေါ်မသင်ခိုင်းစေဖို့ မြို့နယ်ဘုတ်က နွေရာသီ ဆရာဖြစ်သင်တန်း (UOT) နဲ့ ကျောင်းအုပ်ချုပ်မှု သင်တန်းတွေ ပို့ချပေးပြီး သင်တန်းဆင်းလက်မှတ် ရှိသူတွေကိုသာ သင်ကြားခွင့်ပြုထားပါတယ်။ အနည်းဆုံး NUG စနစ်နဲ့ Grade 12 အောင်မြင်ပြီး အမှန်တကယ် သင်ကြားနိုင်စွမ်း ရှိ၊ မရှိ စိစစ်ပြီးမှ ခန့်အပ်စေပါတယ်။
ကျောင်းတွင်း ပဋိပက္ခနှင့် စာသင်ခန်းတွင်းက မမြင်ရသည့် ဒဏ်ရာများ
အဲဒီလို ကြိုးပမ်းမှုတွေ ရှိနေပေမဲ့ ဘတ်ဂျက်နဲ့ ခိုင်မာတဲ့ မူဝါဒနဲ့ စနစ်တကျ ထိန်းကျောင်းမှု အားနည်းတဲ့အခါ မြေပြင်မှာ စနစ်ပိုင်းဆိုင်ရာ ပြဿနာကြီး သုံးခု ပေါ်ပေါက်နေပါတယ်။
ပထမပြဿနာမှာ ရွာအချင်းချင်း ဆရာ ဆရာမတွေရဲ့ လစာကွာဟမှု ဖြစ်ပါတယ်။
ဆရာ၊ ဆရာမ အလွန်ရှားပါးလာတဲ့အခါ ငွေကြေးတတ်နိုင်တဲ့ ရွာတွေက ထောက်ပံ့ကြေးနည်းတဲ့ ရွာတွေဆီက ဆရာကောင်းတွေကို လစာပိုပေးပြီး မက်လုံးနဲ့ ခေါ်ယူကြပါတယ်။ ရွာနီးချင်းတွေကြား ပြဿနာမဖြစ်စေဖို့ မြို့နယ်ဘုတ်က အထက်တန်းပြ တစ်ဦးကို တစ်လ အများဆုံး ကျပ် သုံးသိန်းခွဲကနေ လေးသိန်း၊ အလယ်တန်းပြကို သုံးသိန်း၊ မူလတန်းပြကို နှစ်သိန်းခွဲထက် မကျော်ရဘူးလို့ သတ်မှတ်ထိန်းညှိပေးထားရပါတယ်။
ဒါပေမဲ့ ရွာတချို့မှာ တစ်လ ကျပ် တစ်သိန်း၊ တစ်သိန်းခွဲတောင် မပေးနိုင်ချိန်မှာ ငွေကြေးတတ်နိုင်တဲ့ ရွာတွေကတော့ သတ်မှတ်လစာ လေးသိန်းအပြင် တစ်နှစ်စာ ဆန်၊ စားစရိတ်၊ ဟင်းဖိုးနဲ့ လက်ဖက်ရည်ဖိုးတွေပါ အပိုဆောင်းပေးပြီး ဆရာတွေကို ဆွဲဆောင်ခေါ်ယူနေတာတွေ ရှိနေပါတယ်။
ဒုတိယပြဿနာကတော့ ကော်မတီဩဇာပြမှုနဲ့ ဆရာအချင်းချင်း အားပြိုင်မှု ဖြစ်ပါတယ်။
ကျေးရွာတစ်ချို့မှာ မိဘပညာရေးကော်မတီ ကော်မတီဝင်တချို့က “ငါတို့က လစာပေးထားတာ၊ ငါတို့ပြောသလို နေရမယ်” ဆိုပြီး ဆရာတွေအပေါ် ဩဇာပြတာတွေ ရှိလာပါတယ်။
တချို့ရွာတွေမှာ ဆရာတွေ ကြားဖြတ်ထွက်မသွားနိုင်အောင် ရှစ်လစာချုပ် ချုပ်ဆိုပြီး ကျန်းမာရေး အရေးပေါ်ကိစ္စ မဟုတ်ဘဲ ထွက်သွားရင် လျော်ကြေးပေးရမယ့် စည်းကမ်းချက်တွေနဲ့ ထိန်းချုပ်ထားကြပါတယ်။
တစ်ချိန်တည်းမှာပဲ အတွေ့အကြုံရင့် CDM ဆရာတွေနဲ့ UOT သင်တန်းဆင်း စေတနာ့ဝန်ထမ်းတွေကြားမှာ “ငါလည်း သင်တန်းဆင်းထားတာ ဆရာချင်း အတူတူပဲ၊ သူ့ထက် ငါ စာသင်တာ ပိုကောင်းတယ်၊ လစာတန်းတူပေးရမယ်” ဆိုပြီး အဆင့်အတန်းနဲ့ လစာ တန်းညှိလိုတဲ့ ပွတ်တိုက်မှုတွေ ကြီးထွားနေပါတယ်။
တချို့ CDM ဆရာတွေဘက်က သင်ကြားမှု အရည်အချင်းကို ဆက်လက်မမြှင့်တင်ဘဲ ဖာသိဖာသာ နေတာမျိုး ရှိသလို စေတနာ့ဝန်ထမ်းတွေကလည်း CDM ဆရာတွေက “ဆွဲခေါ်ပေးမယ်” ဆိုတဲ့ စကားလုံးကိုတောင် မနှစ်သက်ကြဘဲ အုပ်စုဖွဲ့ အားပြိုင်တာတွေ ကြုံနေရတယ်လို့ မြို့နယ်ပညာရေးလုပ်ငန်းနဲ့ နီးစပ်သူက ပြောပါတယ်။
သူကိုယ်တိုင် အထက်တန်းကျောင်းတစ်ကျောင်းမှာ တာဝန်ခံလုပ်ခဲ့စဉ်က အဲဒီလို အားပြိုင်မှု ပြင်းထန်လွန်းလို့ ဆရာ ဆရာမအားလုံးကို ဘောလုံးကွင်းထဲ ခုံချပြီး သင်ကြားနည်းစနစ် ရေးဖြေနဲ့ လက်တွေ့သင်ကြားမှု စစ်ဆေးကာ အဆင့် ၁ ကနေ ၁၅ အထိ သတ်မှတ်ကြေညာမယ်လို့ ပြောဆိုခဲ့ရတဲ့အထိ ဖြစ်ခဲ့ဖူးကြောင်း ပြောပြပါတယ်။
တတိယပြဿနာမှာ စာသင်ခန်းတွင်းက စိတ်ပိုင်းဆိုင်ရာ ဖိစီးနှိပ်စက်မှုနဲ့ ကလေးသူငယ် အကာအကွယ်မဲ့မှု ဖြစ်ပါတယ်။ ရပ်ရွာအတွင်းက ဆွေမျိုးစုအချင်းချင်း မသင့်မြတ်မှုတွေ၊ မြေယာအငြင်းပွားမှုတွေနဲ့ ကျောင်းကော်မတီဝင်တွေက ဆရာတွေအပေါ် ပါဝါပြ အပြစ်ရှာမှုတွေကြောင့် ဆရာ၊ ဆရာမတချို့ဟာ သက်ဆိုင်ရာ ကလေးငယ်တွေအပေါ် စာသင်ခန်းထဲမှာ ပြန်လည်ဖိစီးနှိပ်စက်တာမျိုးတွေ ရှိနေတယ်လို့ မြို့နယ်ပညာရေးလုပ်ငန်းနဲ့ နီးစပ်သူက သူ့ရဲ့ လေ့လာတွေ့ရှိမှု အတွေ့အကြုံတွေကို ပြောပြထားပါတယ်။
“ဆရာ၊ ဆရာမတွေက ‘ဒီကောင့်ကလေး အတန်းထဲမှာ ငါတွယ်လိုက်ဦးမယ်’ ဆိုတာမျိုး ဖြစ်လာတယ်။ တုတ်ချောင်းနဲ့လည်း မရိုက်ဘူး၊ လက်နဲ့လည်း မခေါက်ဘူး။ ဒါပေမဲ့ အဲဒီထက်ဆိုးတဲ့ ကလေးရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက် ပျက်ယွင်းသွားအောင်၊ စိတ်ဒဏ်ရာရအောင် လက်သည်မပေါ်အောင် ကျကျနန ဖိစီးနှိပ်စက်တဲ့ ဟာတွေ ရှိတယ်။ ကလေးကလည်း ကြောက်လို့ မပြောရဲဘူး၊ မိဘကလည်း သက်သေမပြနိုင်တော့ သွားပြောရင် စကားမှားပြီး အလကားနေရင်း လျော်ရမှာစိုးလို့ မပြောရဲဘူး” လို့ သူက ပြောပါတယ်။
ဒီပြောကြားချက်ဟာ သီးခြားဖြစ်စဉ်တစ်ခုချင်းစီကို လွတ်လပ်စွာ စစ်ဆေးအတည်ပြုထားတဲ့ သက်သေမဟုတ်ပေမဲ့၊ ကျောင်းတွေမှာ ကလေးတွေ လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်မယ့် စနစ် အားနည်းနေသေးတယ်ဆိုတာကို ပြသနေပါတယ်။
အလားတူပဲ ကျောင်းနေအရွယ် မိန်းကလေးငယ်တချို့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာတဲ့အခါမှာလည်း တရားဝင် အရေးယူဖြေရှင်းနိုင်တဲ့ စနစ်မရှိဘဲ ရိုးရာဓလေ့ထုံးစံအရသာ ဖြေရှင်းနေကြရတယ်လို့ သူက ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့များကြား မူဝါဒ ကွဲပြားမှုနှင့် လက်တွေ့ကျသော ဖြေရှင်းနည်းများ
သင်ရိုးညွှန်းတမ်းပိုင်းမှာ NUG သင်ရိုးနဲ့ မျိုးနွယ်စုအလိုက် တိုင်းရင်းသားစာပေကို သင်ကြားပေးနိုင်ပေမဲ့ ဒေသခံသမိုင်းကြောင်းကိုတော့ သင်ကြားပေးနိုင်ခြင်း မရှိသေးပါဘူး။ ဒါ့အပြင် ကလေးတွေရဲ့ အဆင့်မြင့်ပညာရေး လမ်းကြောင်းနဲ့ ပတ်သက်ပြီး ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့တွေကြား မူဝါဒ ကွဲပြားနေမှု၊ လက်လှမ်းမီနိုင်မှု ခိုင်မာတဲ့လမ်းကြောင်း မရှိနိုင်တာတွေကလည်း မိဘတွေနဲ့ ကျောင်းသားတွေကို လမ်းပျောက်စေပါတယ်။
မြို့နယ်ပညာရေးလုပ်ငန်းနဲ့ နီးစပ်သူကတော့ သူတို့ဘက်မှာ အထက်တန်းအောင်မြင်သူတွေကို နွေဦးတက္ကသိုလ်နဲ့ အွန်လိုင်းသင်တန်းတွေမှာ ဆက်တက်နိုင်အောင် ချိတ်ဆက်ပေးထားတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့လည်း အစိုးရ မဟုတ်တဲ့အတွက် အာမခံချက် ပေးနိုင်တယ်ဆိုတာထက် ကြားကာလမှာ ကလေးတွေ ပညာရေးနဲ့ အဆက်ပြတ်မသွားအောင်၊ ကကြီး မသိတဲ့လူ ကကြီး သိလာအောင် ဆောင်ရွက်ပေးနိုင်သလောက်ပဲ ဆောင်ရွက်ပေးတယ်လို့ ပွင့်ပွင့်လင်းလင်း ချပြရတယ်” လို့ ရှင်းပြပါတယ်။
မြေပြင် CDM ကျောင်းဆရာမနဲ့ ဒေသခံ အမျိုးသားတို့ကလည်း ကျွန်တော်တို့ဒေသဟာ ဒေသန္တရ ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ဖြစ်တဲ့ CPU/CPA အောက်မှာ ရှိနေပြီး အုပ်ချုပ်ရေးဘက်က ပညာရေးအတွက် လက်တွေ့ကူညီနိုင်တာ မရှိသေးသလို NUG စာမေးပွဲ ဖြေဆိုပြီးရင်လည်း တက္ကသိုလ်ဆက်တက်ဖို့ လက်လှမ်းမီနိုင်မှုနှင့် အာမခံချက် မရှိဘူးလို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ စစ်အုပ်စုစစ်ကြောင်းတွေဟာ CPU/CPA ထိန်းချုပ်နယ်မြေတွေထဲက မင်းတပ်မြို့၊ ကန်ပက်လက်မြို့တွေကို ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် အပြင်းအထန်ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။
ဒါကြောင့် ချင်းလဲန်းတက္ကသိုလ်နဲ့ Pre-college တက်နိုင်တဲ့ ချင်းပြည် Chinland ကောင်စီ (Chinland Council – CC) ရဲ့ စာမေးပွဲကို ပြောင်းလဲဖြေဆိုခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဒေသခံ CPU/CPA အဖွဲ့က ချင်းလဲန်းကောင်စီနဲ့ ပူးပေါင်းထားခြင်း မရှိလို့ အစပိုင်းမှာ ကန့်သတ်မှုတွေ ရှိခဲ့ပေမဲ့ အဆိုပါ ဒေသက ကျောင်းသား တစ်ချို့ဟာ ပုဂ္ဂိုလ်ရေး အဆက်အသွယ်တွေနဲ့ ချင်းလဲန်းတက္ကသိုလ်ကို ချိတ်ဆက်ခဲ့ရပြီး Pre-college တက်ခွင့် ရခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီကျောင်းသားတွေကိုယ်တိုင်လည်း ကျောင်းပြီးရင် ရှေ့ဆက်ရန် အနာဂတ် မသေချာသေးဘူးလို့ ဒေသခံအမျိုးသားက ပြောပါတယ်။
ဒီလို အကျပ်အတည်းတွေကို ကျော်လွှားပြီး ကြားကာလပညာရေး ရေရှည်ရှင်သန်နိုင်ဖို့အတွက် ဒေသခံတွေနဲ့ ဆရာ၊ ဆရာမတွေ တောင်းဆိုနေကြတဲ့ အကြံပြုချက်တွေနဲ့ ထပ်မံစဉ်းစားသင့်တဲ့ လက်တွေ့ကျတဲ့ ဖြေရှင်းနည်း ငါးချက် တွေ့ရှိရပါတယ်။
၁။ နိုင်ငံရေး တစ်ယူသန်မှုကို လျှော့ချပြီး ကလေးဗဟိုပြု မဟာဗျူဟာ ချမှတ်ရေး ဖြစ်ပါတယ်။ ချင်းလဲန်းအစိုးရဘက်က စစ်ကောင်စီကျောင်းတွေမှာ မတက်ရောက်ကြဖို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဒေသခံအမျိုးသားနဲ့ ဆရာမက ပိတ်ပင်တားမြစ်ရုံနဲ့ မလုံလောက်ဘဲ ကလေးတွေအတွက် ရေရှည် မဟာဗျူဟာတစ်ရပ် ရေးဆွဲဖို့ တိုက်တွန်းကြပါတယ်။
“ဦးဆောင်တဲ့ အဖွဲ့က လူကြီးတွေလည်း အမြင်မရှင်းဘူးလို့ပဲ မြင်လာတယ်။ တစ်ယူသန်နေမယ်လို့ ထင်တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ကိုတိုက်မယ့်အချိန် ဂျပန်မှာ ပညာသင်ပြီးမှ ဂျပန်တွေကို တိုက်တယ်။ အင်္ဂလိပ်ကို တိုက်မယ်ဆိုရင် အင်္ဂလန်မှာ သူတို့အကြောင်း လေ့လာသင်ယူပြီးမှ တိုက်တယ်။ အဲဒီလိုပုံစံ ကျွန်တော်တို့ နောက်ထပ် သုံးနှစ်လောက် သွားမယ်ဆိုရင်တော့ ကျွန်တော်တို့ မျိုးဆက်သစ်တွေက ရှိတော့မှာ မဟုတ်ဘူး၊ ပညာရေး မျိုးတုံးနေတယ်လို့ ပြောရမှာ” လို့ ဒေသခံ အမျိုးသားက သူ့အမြင်ကို ပြောပါတယ်။
မြေပြင် CDM ကျောင်းဆရာမကလည်း “စစ်ကောင်စီကို တကယ်တမ်း မလိုချင်ဘူး။ ဒါပေမဲ့ ကလေးတွေအတွက် အကျိုးပြုမယ့်ဟာ ရစရာရှိရင်၊ သူတို့အတွက် တက်လမ်းကောင်းမယ့်နေရာဆိုရင် ချင်းလဲန်းဘက်မှာဖြစ်ဖြစ်၊ စစ်ကောင်စီဘက်မှာဖြစ်ဖြစ်၊ အွန်လိုင်းဖြစ်ဖြစ် မိဘတွေ တတ်နိုင်တဲ့နေရာမှာ တက်စေချင်တယ်။ ဆရာ၊ ဆရာမတွေအတွက်ရော၊ မိဘတွေအတွက်ရော၊ ကျောင်းသားတွေအတွက်ရော အဆင်ပြေဆုံးဖြစ်မယ့် မဟာဗျူဟာကို သေချာလေးဆွဲပြီး သွားနိုင်မှ ကျွန်တော်တို့ ရေရှည်ခံနိုင်မယ်” လို့ အကြံပြုပါတယ်။
ဒါကြောင့် အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးက ပညာရေးကို နိုင်ငံရေးအရ ကန့်သတ်မထားဘဲ ပြည်တွင်းနဲ့ အိမ်နီးချင်း မီဇိုရမ်တက္ကသိုလ်တွေအထိ ချိတ်ဆက်နိုင်မယ့် လမ်းကြောင်းတွေကို ပွင့်လင်းမြင်သာစွာ ရှင်းပြပေးဖို့ လိုအပ်နေပါတယ်။
၂။ ဆင်းရဲနွမ်းပါးသူများအတွက် ကျောင်းလခ သက်သာခွင့်နဲ့ ပြင်ပပံ့ပိုးမှု ရှာဖွေရေးဖြစ်ပါတယ်။ လုံးဝ ကျောင်းမတက်နိုင်တဲ့ မိသားစုတွေ၊ ဆင်းရဲတဲ့ IDP မိသားစုတွေရဲ့ ကလေးတွေကို ကျောင်းလခ လျှော့ပေါ့ပေးနိုင်မယ့် အစီအစဉ်တစ်ခု ရှိသင့်တယ်လို့ မြေပြင် CDM ဆရာမက အကြံပြုပါတယ်။
ဒီလို လျှော့ပေါ့ပေးနိုင်ဖို့ဆိုရင် ချင်းပြည်နယ်တောင်ပိုင်းအတွက် လစ်ဟာနေတဲ့ ပြည်တွင်း၊ ပြည်ပ ပညာရေး ရန်ပုံငွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကူအညီတွေကို ဆရာလစာနဲ့ ပုံနှိပ်စာအုပ် လိုအပ်ချက်တွေဆီ တိုက်ရိုက်ရောက်ရှိအောင် ချိတ်ဆက်ရှာဖွေပေးဖို့ လိုအပ်ပါတယ်။
၃။ သင်ယူမှု လစ်ဟာချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးမည့် အစီအစဉ်တွေ ပြင်ဆင်ရေး ဖြစ်ပါတယ်။ ကျောင်းပိတ်ထားရတဲ့ ဒေသတွေမှာ လက်ရှိ လစ်ဟာနေတဲ့ သင်ယူမှု ပြန်လည်ကုစားရေး (Catch-up learning) အစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
အင်တာနက်နဲ့ လျှပ်စစ်မီး မရှိတဲ့ ဒေသဖြစ်တာကြောင့် အွန်လိုင်းကို အားမကိုးဘဲ လုံခြုံတဲ့ တာလပတ်မိုး စာသင်ဝိုင်းငယ်တွေ၊ အိမ်အခြေပြု သင်ယူမှု စာရွက်စာတမ်းတွေနဲ့ အခြေခံဘာသာရပ်တွေကို အဆင့်လိုက် ပြန်လည်ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းတွေလည်း လိုအပ်မှာ ဖြစ်ပါတယ်။
၄။ လုံခြုံတဲ့ စာရင်းအချက်အလက် စီမံခန့်ခွဲမှု တည်ဆောက်ရေး ဖြစ်ပါတယ်။ မြို့နယ်ပညာရေးလုပ်ငန်းနဲ့ နီးစပ်သူရဲ့ ပြောပြချက်အရ မြို့နယ်အတွင်းက ကျောင်းနဲ့ ကျောင်းသားစာရင်း အတိအကျဟာ ရုံးအဖွဲ့ဆီမှာသာ ရှိပြီး၊ စာရွက်စာတမ်းနဲ့ ထုတ်ပြန်လိုက်ပါက စစ်ကောင်စီထံ သတင်းပေါက်ကြားမှာ စိုးရိမ်တဲ့အတွက် ဒေသတာဝန်ခံတွေကတစ်ဆင့် နှုတ်နဲ့သာ ချပြဆွေးနွေးတဲ့ စနစ်ကို ကျင့်သုံးနေပါတယ်။
ပဋိပက္ခဒေသမှာ လုံခြုံရေးအရ သတိထားရတာ သဘာဝကျပေမဲ့ ကိုယ်ရေးအချက်အလက်တွေ မပါဝင်စေဘဲ ဘယ်ဒေသမှာ သင်ထောက်ကူနဲ့ ဆရာထောက်ပံ့ကြေး ဘယ်လောက် လိုအပ်နေတယ်ဆိုတဲ့ အခြေခံ အချက်အလက်တွေကိုတော့ အကူအညီပေးနိုင်မယ့် အဖွဲ့အစည်းတွေ သိရှိနိုင်အောင် စနစ်တကျ စုစည်းမျှဝေနိုင်မယ့် လုံခြုံတဲ့ နည်းလမ်းတစ်ခု တည်ဆောက်သင့်ပါတယ်။
၅။ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ထည့်သွင်းရေး ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာ ကလေးတွေအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိစီးနှိပ်စက်မှုတွေ မဖြစ်ပေါ်စေဖို့ ကျောင်းအုပ်တာဝန်ခံတွေက အနီးကပ် စိစစ်ကြပ်မတ်ဖို့ လိုတယ်လို့ မြို့နယ်ပညာရေးလုပ်ငန်းနဲ့ နီးစပ်သူက ထောက်ပြသလို၊ မိဘနဲ့ ကလေးတွေ အန္တရာယ်ကင်းစွာ တိုင်ကြားနိုင်မယ့် လျှို့ဝှက်လုံခြုံတဲ့ တိုင်ကြားရေးစနစ်တစ်ခုနဲ့ ဆရာ၊ ဆရာမတွေအတွက် အခြေခံ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု သင်တန်းတွေကိုပါ ဆက်လက်ထည့်သွင်းပို့ချပေးသင့်ပါတယ်။
ကျောင်းပြန်ဖွင့်ရုံထက် ပိုကျယ်ပြန့်သည့် ပညာရေး ပြန်လည်တည်ဆောက်ရေး
ကန်ပက်လက်မြို့နယ်ရဲ့ ကြားကာလပညာရေး အတွေ့အကြုံက ပညာရေးစနစ်တစ်ခုဟာ သင်ရိုးညွှန်းတမ်းနဲ့ စာသင်ခန်းရှိရုံနဲ့ ရေရှည် မတည်တံ့နိုင်ဘူးဆိုတာကို ပြသနေပါတယ်။ စစ်ကြောင်းတွေနဲ့ ပျားတွေလို ဝဲနေတဲ့ ကင်းထောက်ဒရုန်းတွေကြောင့် ကလေးတွေရဲ့ အသက်အန္တရာယ် လုံခြုံရေး၊ မိသားစုတွေရဲ့ စီးပွားရေးနဲ့ စားဝတ်နေရေး ရှင်သန်နိုင်စွမ်း၊ ဆရာ၊ ဆရာမတွေရဲ့ ဂုဏ်သိက္ခာရှိတဲ့ ရပ်တည်မှု၊ အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အမြင်ကျယ်မှုနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးတို့ဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်နေပါတယ်။
ဒေသခံ မိဘတွေနဲ့ ဆရာ၊ ဆရာမတွေကတော့ သူတို့မှာရှိတဲ့ အကန့်အသတ်ကြားကပဲ အတိုးနဲ့ ငွေချေးတာ၊ ဆွေမျိုးချင်း ဝိုင်းကူတာ၊ တောတောင်တွေထဲ တာလပတ်မိုးပြီး စာသင်တာတွေနဲ့ ကလေးတွေ ပညာရေးနဲ့ အဆက်မပြတ်အောင် အစွမ်းကုန် ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ ကန်ပက်လက်က ကလေးတွေရဲ့ ပညာရေးမျိုးဆက် မပြတ်တောက်ဖို့ အဲဒီကြိုးပမ်းမှုတွေ ရေရှည်တည်တံ့နိုင်ဖို့ဆိုရင် ဒေသခံတွေရဲ့ ကိုယ်ထူကိုယ်ထ စိတ်အားထက်သန်မှု တစ်ခုတည်းအပေါ်မှာပဲ ပုံချထားလို့ မရတော့ပါဘူး။
“ကျွန်တော်တို့ ရေရှည်အတွက် မဟာဗျူဟာနဲ့ မသွားဘူးဆိုရင်တော့ တကယ် ကလေးတွေအတွက် ဆိုးကျိုးတွေပဲ ဖြစ်လာမှာပေါ့နော်” လို့ မြေပြင် CDM ကျောင်းဆရာမက ပြောပါတယ်။ “ကျောင်းမနေဘဲနဲ့ နေတဲ့ ကလေးတွေ၊ ဒီကျောင်းနဲ့ အဆက်ပြတ်သွားတဲ့ ဟာမျိုး၊ ဒီပညာရေးမျိုးဆက် ပြတ်သွားတဲ့ ဟာမျိုး ဖြစ်သွားမှာကို တအားစိုးရိမ်ရတယ်။” လို့ ဒေုသခံတစ်ဦးက ဆက်လက် ပြောပြပါတယ်။
ဒါကြောင့် ကျောင်းတွင်းက စိတ်ဒဏ်ရာတွေနဲ့ စီမံခန့်ခွဲမှု ပဋိပက္ခတွေကို ဖြေရှင်းပေးနိုင်မယ့် စနစ်၊ မိသားစုတွေရဲ့ ကျောင်းလခ ဝန်ထုပ်ဝန်ပိုးကို ကူညီထမ်းပိုးပေးမယ့် ပံ့ပိုးမှုနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအားလုံးက နိုင်ငံရေးအရ ကန့်သတ်မထားဘဲ ကလေးတွေရဲ့ အနာဂတ်ကို ဦးစားပေးမယ့် လက်တွေ့ကျတဲ့ မဟာဗျူဟာတစ်ရပ် ရှိလာမှသာ စစ်ဘေးကြားက စာသင်ခန်းတွေ ရေရှည် ဆက်လက်ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။
By Joseph – (The Zoland Post)
