
ချင်းပြည်နယ်၊ ဖလမ်း၊ တီးတိန်နဲ့ တွန်းဇံ မြို့နယ်သုံးခုအတွင်းက ဟွာလ်ငိုးရမ်းဒေသမှာ လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးရဲ့ နယ်မြေစိုးမိုးမှုတွေကြားကပဲ ဒေသန္တရ ပညာရေးစနစ်ကို ဆက်လက်လည်ပတ်နေပါတယ်။ ဒါပေမဲ့ လစာမလုံလောက်လို့ ဆရာမရှိတဲ့ ရွာတချို့မှာ ကျောင်းလုံးဝ မဖွင့်နိုင်သလို၊ ကလေးထက်ဝက်ခန့် နယ်စပ်တစ်ဖက်ကမ်း ပြောင်းရွှေ့တက်ရောက်နေကြရပြီး အထက်တန်းအောင်မြင်ပြီးသူတွေရဲ့ ရှေ့ရေးအတွက်လည်း မသေချာမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Special Report – ၁၁ နိုဝင်ဘာ ၂၀၂၆ (The Zoland Post’s Editorial Teams)
“ကျောင်းဆရာတစ်ယောက်အနေနဲ့ ကျောင်းကပေးတဲ့လစာက ကိုယ့်မိသားစု စားဝတ်နေရေးအတွက် မလုံလောက်ဘူး။ ဖူလုံမှု မရှိပါဘူး။ ဆန်ကောင်းစားမယ်ဆိုရင်တော့ နှစ်သိန်းကျော်ပြီ ဆိုတော့လေနော်” လို့ ဟွာလ်ငိုးရမ်းဒေသက ကျောင်းဆရာတစ်ဦးက ပြောပါတယ်။
သူတို့ဒေသမှာ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ဟွာလ်ငိုးပြည်သူ့အဖွဲ့အစည်း (HPO) က ကျောင်းဖွင့်နိုင်တဲ့ ကျောင်းတွေက ဆရာ၊ ဆရာမတွေကို တစ်လ ကျပ် တစ်သိန်းခွဲ ထောက်ပံ့ပေးပြီး ရပ်ရွာနဲ့ မိဘတွေက ထပ်မံဖြည့်စွက်ပေးတဲ့အတွက် ဆရာတစ်ဦးကို တစ်လ ကျပ် သုံးသိန်းခွဲဝန်းကျင် ရရှိပေမဲ့ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့် စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရတာပါ။ လစာမလုံလောက်တဲ့အတွက် တခြားရွာတွေဆီ ဆရာ၊ ဆရာမတွေ သွားရောက်တာဝန် မထမ်းဆောင်နိုင်ကြသလို၊ ရွာထဲမှာလည်း စာသင်ပေးမယ့် ပညာတတ် မရှိတဲ့အခါ ကလေးတွေ ရှိနေပေမဲ့ ကျောင်းမဖွင့်နိုင်တဲ့ ရွာတွေ ရှိနေပါတယ်။
အခုလို ဆရာရှားပါးမှုနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေဟာ ချင်းပြည်နယ်မြောက်ပိုင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်က ဟွာလ်ငိုးရမ်းဒေသရဲ့ ပညာရေးစနစ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲက တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပါတယ်။
မြို့နယ်သုံးခုအတွင်းက နယ်မြေစိုးမိုးမှုနှင့် စာရင်းမပို့ရဲသည့် ကျောင်းများ
ဟွာလ်ငိုးရမ်းဒေသဟာ ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ် သုံးခုအတွင်းက ဟွာလ်ငိုးမျိုးနွယ်စုတွေ နေထိုင်ရာ ဒေသဖြစ်ပါတယ်။ အဲဒီဒေသမှာ ၂၀၂၂ ခုနှစ်၊ ဇွန်လကတည်းက ဒေသန္တရ ပညာရေးကို စတင်ခဲ့တာဖြစ်ပြီး၊ ကလေးတွေရဲ့ အသက်အရွယ်နဲ့ အတန်းလိုက်မီအောင် ပညာသင်နှစ် ကာလတိုလေးတွေနဲ့ ကြိုးစားသင်ကြားလာခဲ့တာကြောင့် အခုဆိုရင် ခြောက်နှစ်မြောက် ပညာသင်နှစ်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အစပိုင်းမှာ အဆင်ပြေခဲ့ပေမဲ့ နောက်ပိုင်း လက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြား ပြဿနာတွေ ပေါ်ပေါက်လာပြီးနောက်မှာတော့ ပညာရေးလုပ်ငန်းမှာ အခက်အခဲတွေ ပိုမိုကြုံတွေ့လာရတယ်လို့ ဟွာလ်ငိုးရမ်း ပညာရေးတာဝန်ခံ ဆရာ Kima က ပြောပါတယ်။
အခု ပညာသင်နှစ်မှာ ဟွာလ်ငိုးရမ်း ပညာရေးဌာနဆီ တရားဝင် စာရင်းသွင်းထားတဲ့ ကျောင်း ၁၄ ကျောင်းသာ ရှိပြီး၊ အထက်တန်းကျောင်း နှစ်ကျောင်းနဲ့ အလယ်တန်းကျောင်း တစ်ကျောင်းသာ ဖွင့်လှစ်နိုင်ကာ ကျန်တဲ့ကျောင်းတွေကတော့ မူလတန်းကျောင်းတွေသာ ဖြစ်ပါတယ်။ ဆရာအင်အား မလုံလောက်တဲ့အတွက် အလယ်တန်းဖွင့်ဖို့ လိုအပ်တဲ့နေရာ အများအပြား ရှိပေမဲ့ သီးသန့် မဖွင့်ခိုင်းနိုင်တော့ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် စာရင်းမသွင်းတဲ့ ရွာ ခြောက်ရွာလောက် ရှိနေပြီး စာရင်းသွင်းဖို့ အဆင်မပြေတဲ့ ကျောင်းတွေပါ ပေါင်းရင် စုစုပေါင်း ကျောင်း ၂၀ ကျော် ရှိတယ်လို့ ဆရာက ပြောပြပါတယ်။
“ကျွန်တော်တို့ ဒေသကတော့ မြို့နယ်အားဖြင့် မြို့နယ်သုံးခုမှာ ခွတာဆိုတော့ တွန်းဇံနယ်ဘက်မှာ ZRA စိုးမိုးတာ၊ ZRA ကို သူတို့ ဆက်သွယ်သည်ဖြစ်စေ၊ မဆက်သွယ်သည်ဖြစ်စေ ကျွန်တော်တို့ဆီမှာ စာရင်းမပို့ရဲဘူးပေါ့နော်။ ပြီးတော့ CNO/CNDF လှုပ်ရှားတဲ့ ရွာတချို့တွေလည်း ရှိတယ်၊ CNDF စိုးမိုးတဲ့ ရွာတွေက ကျွန်တော်တို့ဆီမှာ သတင်းမပို့ဘူး၊ စာရင်းမပို့ဘူး။ ကျွန်တော်တို့ရဲ့ HPO၊ CDF ဟွာလ်ငိုးရမ်း အုပ်ချုပ်မှုနယ်မြေမှာဆိုရင် စစ်ကောင်စီ ဖွင့်လှစ်တဲ့ ကျောင်းကတော့ ကင်းစင်ပါတယ်၊ လုံးဝ မရှိဘူး” လို့ သူက ရှင်းပြပါတယ်။
အလားတူပဲ ပညာရေးဌာနမှာ တရားဝင် စာရင်းတင်ထားတဲ့ ဆရာ၊ ဆရာမ ၇၃ ဦး ရှိပေမဲ့၊ တခြားအဖွဲ့အစည်းတွေ လွှမ်းမိုးတဲ့ ဒေသတွေမှာ တာဝန်ထမ်းဆောင်နေပြီး လုံခြုံရေးအရ စာရင်းမပို့ရဲတဲ့ ဆရာ၊ ဆရာမတွေကိုပါ ပေါင်းရင် စုစုပေါင်း ၉၀ နီးပါး ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
သင်ရိုးညွှန်းတမ်း၊ လေကြောင်းအန္တရာယ်နှင့် ခြောက်လပြည့်မီရေး သတ်မှတ်ချက်
သင်ရိုးညွှန်းတမ်းအနေနဲ့ အာဏာမသိမ်းမီက မြန်မာနိုင်ငံအစိုးရ ပြဋ္ဌာန်းခဲ့တဲ့ ဖတ်စာအုပ်တွေကိုပဲ အဓိက ပြန်လည်အသုံးပြုပါတယ်။ ဒါပေမဲ့ မူလတန်း၊ အလယ်တန်းနဲ့ Grade 12 မှအပ ကျန်တဲ့ အထက်တန်းအဆင့်တွေမှာ မြန်မာ့သမိုင်းကို ချန်လှပ်ပြီး ကမ္ဘာ့သမိုင်းကိုသာ သင်ကြားပါတယ်။ မူလတန်းအဆင့်မှာတော့ ဟွာလ်ငိုးရမ်း ပညာရေးဌာနက ချင်းဘာသာစကားနဲ့ ပြုစုထုတ်ဝေထားတဲ့ သမိုင်းဘာသာရပ်ကို ထည့်သွင်းသင်ကြားပေးနေပါတယ်။
ကျောင်းသုံးဖတ်စာအုပ်တွေကို အခမဲ့ မပေးနိုင်တဲ့အတွက် ကျောင်းသားမိဘတွေဆီက ငွေစုပြီး ကလေးမြို့နဲ့ ရန်ကုန်မြို့တွေကနေ ဈေးသက်သာအောင် စုပေါင်းမှာယူကြရပါတယ်။ မြို့ပေါ်ကနေ ဝယ်ယူလို့မရတဲ့ NUG ပြဋ္ဌာန်းစာအုပ်တချို့ကိုတော့ ပညာရေးရုံးက စက်နဲ့ ပရင့်ထုတ်ပေးတယ်လို့ ဆရာ Kima က ပြောပါတယ်။
ဟွာလ်ငိုးရမ်း ပညာရေးဌာနဟာ ချင်းပြည် (Chinland) ကောင်စီနဲ့ ချင်းပြည်အစိုးရ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ထားပြီး တစ်နှစ်တာ စာသင်ကာလကို ၁၀ လ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ တိုက်ပွဲနဲ့ လေကြောင်းအန္တရာယ်တွေကြောင့် ၁၀ လ အပြည့်တက်ဖို့ မလွယ်ကူတဲ့အခါ အနည်းဆုံး ခြောက်လ ပြည့်မီအောင် သင်ကြားဖို့ မူဝါဒချမှတ်ထားပါတယ်။
“ရွာတစ်ရွာကနေ သူတို့ အရေးပေါ်ကိစ္စကြောင့် မတက်ရဲဘူး၊ လေယာဉ် ခဏခဏ ပျံလာရင်တော့ သူတို့ဟာသူတို့ ကျောင်းပိတ်တာပဲ။ အဲဒီလိုမျိုး ရှိလာရင် ၁၀ လ ပြည့်ဖို့ မလွယ်တော့ဘူး။ ၁၀ လ ပြည့်ဖို့ မလွယ်ရင် အနည်းဆုံး ခြောက်လ ပြည့်အောင် သူတို့ ကြိုးစားတက်ရောက်ရတယ်။ သူတို့ ရွာအလိုက် အစီအစဉ် သူတို့ဟာသူတို့ ဆွဲခိုင်းတယ်” လို့ ဆရာ Kima က ပြောပါတယ်။
လေကြောင်းအန္တရာယ်အတွက် HPO အဖွဲ့အစည်းဘက်က ဗုံးခိုကျင်းတွေ သီးသန့် သွားတူးပေးတာမျိုး မရှိသေးဘဲ ရွာတွေကသာ ကိုယ့်အစီအစဉ်နဲ့ကိုယ် တူးကြရတယ်လို့ ဆိုပါတယ်။ ဒေသခံ ကျောင်းသားမိဘတစ်ဦးကလည်း ဒေသန္တရအုပ်ချုပ်ရေးဘက်က ကျောင်းတွေမှာ ဗုံးခိုကျင်း တူးပေးထားတာ မရှိပေမဲ့ အခုအခါ ကျောင်းတချို့မှာ အရပ်ဘက်အဖွဲ့ (NGO) ရဲ့ ထောက်ပံ့မှုနဲ့ ဗုံးခိုကျင်းတွေ ဆောက်လုပ်နေဆဲဖြစ်တယ်လို့ အတည်ပြုပါတယ်။
“လေကြောင်းအန္တရာယ်ကျတော့ ဘယ်တော့ လာချမလဲ မသိဘူးဆိုတော့ ကလေးတွေ ဗုံးခိုကျင်းရှိတာတော့ ပိုကောင်းတာပေါ့” လို့ အဆိုပါ မိဘက ပြောပါတယ်။
ဆရာရှားပါးမှု၊ ရာထူးတိုးမြှင့်မှုနှင့် ရွာအလိုက် ကွာဟချက်များ
ကျောင်းတွေမှာ ဆရာအင်အား မလုံလောက်တဲ့အတွက် အခန်းတွဲသင်ရတဲ့စနစ် (Multi-grade teaching) ကို အသုံးပြုနေရပြီး တချို့ကျောင်းတွေမှာ စာသင်ချိန် တစ်ချိန်တည်းကို အတန်းသုံးတန်း ပေါင်းသင်နေရပါတယ်။ ကျောင်းသားဦးရေ နည်းပါးတဲ့အတွက် သင်ကြားရေးအပိုင်းမှာ အဆင်ပြေပေမဲ့၊ ရွာထဲမှာ ဆရာသင်ပေးနိုင်တဲ့ ပညာတတ်မရှိတဲ့ ရွာတွေမှာတော့ ပြင်ပက ဆရာတွေလည်း လစာနည်းလို့ မလာနိုင်ကြတဲ့အတွက် ကျောင်းလုံးဝ မဖွင့်နိုင်တဲ့ ပြဿနာက အဆိုးရွားဆုံး ဖြစ်နေပါတယ်။
ဆရာအရည်အချင်း သတ်မှတ်ချက်အနေနဲ့ အစပိုင်းမှာ အဋ္ဌမတန်းအောင်မြင်သူတွေကို စေတနာ့ဝန်ထမ်းအဖြစ် လက်ခံခဲ့ပေမဲ့ ချင်းပြည်အစိုးရ ပေါ်ပေါက်လာပြီးနောက်ပိုင်းမှာ အခြေခံပညာကျောင်းတွေအတွက် အနည်းဆုံး စနစ်ဟောင်း ၁၀ တန်း ဒါမှမဟုတ် စနစ်သစ် ၁၂ တန်း အောင်မြင်သူ ဖြစ်ရမယ်လို့ တိုးမြှင့်သတ်မှတ်ထားပါတယ်။
မူကြိုကျောင်းတွေကိုတော့ အရင်က မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့အောက်မှာ ထားခဲ့ရာကနေ အခုအခါ ပညာရေးဌာနအောက် ပြောင်းရွှေ့ထားပြီး မူကြိုဆရာမတွေကိုတော့ သတ္တမတန်း၊ အဋ္ဌမတန်း အောင်မြင်သူတွေအထိ ဆက်လက်လက်ခံပေးထားပါတယ်။ အလယ်တန်းကျောင်း ဖွင့်မယ်ဆိုရင်တော့ CDM ဆရာ အနည်းဆုံး တစ်ဦး ပါဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။
အစောပိုင်းက စေတနာ့ဝန်ထမ်း အချင်းချင်းကြားမှာရော CDM ဆရာတွေအပေါ်မှာပါ လေးစားမှု အားနည်းတဲ့ ပြဿနာတွေ ရှိခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာ NUG ရဲ့ မူဝါဒအတိုင်း CDM ဆရာ၊ ဆရာမ အားလုံးကို ရာထူးတစ်ဆင့် တိုးမြှင့်ပေးခဲ့သလို၊ စေတနာ့ဝန်ထမ်းတချို့ကိုလည်း ဒေသအစိုးရရဲ့ တရားဝင် ပညာရေးဝန်ထမ်းအဖြစ် အတည်ပြုခန့်အပ်ခဲ့ရာကနေ ရာထူးအဆင့် ကွဲပြားသွားပြီး အချင်းချင်း လေးစားမှု ရှိလာတယ်လို့ ဆရာ Kima က ဆိုပါတယ်။
ဒါပေမဲ့ မြေပြင်မှာတော့ ရပ်ရွာလူထုရဲ့ ပညာရေးအပေါ် အလေးထားမှုဟာ တစ်ရွာနဲ့တစ်ရွာ မတူညီကြပါဘူး။ ဒေသခံ ကျောင်းဆရာတစ်ဦးက “ပညာရေးက ရွာတိုင်း မတူဘူးလေနော်။ တချို့ကျတော့ ပညာရေးကို ဦးစားပေးတဲ့ ရွာတွေ ရှိတယ်၊ တချို့ရွာကျတော့ အဲဒီလို နားလည်မှု မရှိဘူး၊ ဘာမှ ဂရုမစိုက်ဘူး၊ ဆရာ၊ ဆရာမတွေဆိုလည်း လေးစားရမှန်းတောင် မသိတဲ့ ရွာတွေ ရှိတယ်။ အဲဒီလို အခက်အခဲကျတော့ ဒီကျောင်းရဲ့ ပညာရေး မကောင်းဘူးဆိုရင်လည်း ကလေးတွေ နစ်နာတာပေါ့” လို့ ပြောပါတယ်။
နယ်စပ်ဖြတ်ကျော် ကျောင်းတက်မှုနှင့် မြင့်တက်လာသည့် ကျောင်းလခ
မိခင်အဖွဲ့အစည်း HPO က ကျောင်းဖွင့်နိုင်တဲ့ ကျောင်းတွေက CDM ရော စေတနာ့ဝန်ထမ်း ဆရာတွေကိုပါ တစ်လ ကျပ် တစ်သိန်းခွဲ တန်းတူ ထောက်ပံ့ပေးထားပြီး၊ ကျောင်းမဖွင့်နိုင်ရင်တော့ အဲဒီထောက်ပံ့ကြေး မရရှိပါဘူး။ တစ်သိန်းခွဲတည်းနဲ့ မလုံလောက်တဲ့အတွက် ရွာတိုင်းမှာ ဖွဲ့စည်းထားတဲ့ ကျောင်းအုပ်ချုပ်ရေးကောင်စီတွေက လိုအပ်တဲ့ငွေပမာဏကို တွက်ချက်ပြီး ကျောင်းသားမိဘတွေနဲ့ ရပ်ရွာထဲကနေ ကောက်ခံဖြည့်ဆည်းပေးကြရပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ် ရိဒ်ခေါဒါရ် (Rikhawdar) မြို့မှာတော့ အစိုးရပုံစံ ပင်မကျောင်းအပြင် ကျောင်းလခ ပိုမြင့်တဲ့ ကိုယ်ပိုင်ကျောင်း (Private school) တွေလည်း ရှိနေပါတယ်။ ဒါ့အပြင် အရင်နှစ်က စစ်ဘေးရှောင်နဲ့ ဒေသခံ ကျောင်းသား ၉၀၀ နီးပါး ရှိခဲ့ရာမှာ အခုနှစ်မှာတော့ ကလေးထက်ဝက်လောက်ဟာ နယ်စပ်ချောင်း တစ်ဖက်ကမ်း အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဇိုခေါထား (Zokhawthar) ဘက်က ကျောင်းတွေမှာ သွားရောက်တက်နေကြတယ်လို့ ဆရာ Kima က ပြောပြပါတယ်။
ပင်မကျောင်းမှာပဲ မဖြစ်မနေ တက်ရမယ်လို့ ကန့်သတ်မထားပေမဲ့ ဒေသအစိုးရရဲ့ ပင်မကျောင်းမှာ တက်ရောက်သူတွေအနေနဲ့ နောက်ပိုင်း အဆင့်မြင့်ပညာ ဆက်တက်တဲ့အခါနဲ့ လုပ်ငန်းခွင်ဝင်တဲ့အခါ အခွင့်ထူး ရရှိနိုင်မယ်လို့ သူက ဆိုပါတယ်။
အဲဒီလို နယ်စပ်တစ်ဖက်ကမ်းမှာ သွားတက်တဲ့ ကလေး ပိုများလာတာကြောင့် ဒေသတွင်း ကျောင်းတွေမှာ ကျောင်းသားဦးရေ လျော့နည်းသွားပြီး ကျန်ရှိတဲ့ မိဘတွေအပေါ် ကျောင်းလခ ဝန်ထုပ်ဝန်ပိုး ပိုပိလာပါတယ်။ မနှစ်က ကျောင်းသားတစ်ဦးကို တစ်လ ကျပ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ သာ ကောက်ခံခဲ့ပေမဲ့ ဒီနှစ်မှာတော့ ကျောင်းသားနည်းသွားတဲ့အတွက် ဆရာ၊ ဆရာမ လစာ ကာမိစေဖို့ တစ်ဦးကို တစ်လ ကျပ် ၃၀,၀၀၀ အထိ တိုးမြှင့်ကောက်ခံနေရတယ်လို့ ကျောင်းသားမိဘတစ်ဦးက ရှင်းပြပါတယ်။
ဒါပေမဲ့ ကျောင်းလခ မပေးနိုင်လောက်အောင် ခက်ခဲတဲ့ မိသားစုတွေကိုတော့ ကျောင်းတာဝန်ရှိ လူကြီးတွေနဲ့ ညှိနှိုင်းပြီး အခမဲ့ တက်ခွင့်ပေးသလို၊ မိသားစုတစ်စုမှာ ကလေး လေးယောက်ရှိရင် သုံးယောက်စာပဲ ကျောင်းလခယူပြီး တစ်ယောက်ကို ကင်းလွတ်ခွင့်ပေးတာကြောင့် ကလေးအားလုံးနီးပါး ကျောင်းတက်နိုင်ကြတယ်လို့ အဆိုပါ မိဘက ဆိုပါတယ်။ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ဝင်တွေရဲ့ သားသမီးတွေကိုလည်း ကျောင်းလခ ကင်းလွတ်ခွင့် ပေးထားပြီး၊ ကျောင်းသား ငါးဦးရှိတဲ့ မိသားစု၊ မိဘမဲ့နဲ့ စစ်ဘေးရှောင်တချို့ကိုတော့ ပညာရေးရုံးက တစ်နှစ် နှစ်ကြိမ်လောက် ထောက်ပံ့ပေးဖူးတယ်လို့ သိရပါတယ်။
ရွာနှစ်ရွာမှာတော့ ဆရာ၊ ဆရာမတွေနဲ့ ရပ်ရွာရဲ့ စေတနာအရ ကျောင်းလခ လုံးဝ မကောက်ခံဘဲ ဖွင့်လှစ်နေတာ ရှိပေမဲ့ ရေရှည်တောင့်ခံနိုင်ဖို့ အာမခံချက်တော့ မရှိသေးပါဘူး။ အမည်မဖော်လိုတဲ့ ပြည်တွင်း NGO တစ်ခုနဲ့ ပြည်ပ NGO တစ်ခုတို့က ကျောင်းတိုင်းလိုလိုကို မာကာဘောပင်နဲ့ သင်ထောက်ကူတချို့ ထောက်ပံ့ပေးထားပြီး၊ ကျောင်းနှစ်ကျောင်းက ဆရာ၊ ဆရာမတွေကိုတော့ တစ်လ ကျပ် နှစ်သိန်းခွဲကနေ သုံးသိန်းအထိ တိုက်ရိုက်ထောက်ပံ့ပေးနေပါတယ်။
လူဦးရေများတဲ့ ကျောင်းကြီး နှစ်ကျောင်းမှာတော့ ကျောင်းလခ မတတ်နိုင်လို့ ကလေးတချို့ ကျောင်းထွက်သွားရတဲ့ တင်ပြချက်တွေ ရှိနေပြီး၊ ဆရာ Kima ကတော့ အမှန်တကယ် မပေးနိုင်တဲ့ မိသားစုတွေ ရှိနိုင်သလို အခမဲ့ဖြစ်မှ တက်မယ်ဆိုတဲ့ စိတ်ဓာတ်ကြောင့် မပေးချင်သူတချို့လည်း ရှိတယ်လို့ သူ့အမြင်ကို ပြောပါတယ်။
အုပ်ချုပ်ရေး လမ်းကြောင်း၊ Grade 12 အလွန် မိဘများ၏ သောကနှင့် အိန္ဒိယတွင် အတန်းလျှော့ခံရမှု
ဟွာလ်ငိုးရမ်း ပညာရေးစနစ်ကို ဖက်ဒရယ်မူနဲ့ တည်ဆောက်ထားပြီး ရွာတိုင်းက ကျောင်းအုပ်ချုပ်ရေးကောင်စီတွေကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ မိဘတွေဘက်က မကျေနပ်ချက်နဲ့ အဆင်မပြေမှုတွေ ရှိရင် ရွာက ကျောင်းအုပ်ချုပ်ရေးကောင်စီဆီ အရင်တင်ပြရပြီး၊ မပြေလည်ရင် ဒေသပညာရေးရုံးနဲ့ မူဝါဒဆိုင်ရာ ကိစ္စရပ်တွေကိုတော့ ပညာရေးကောင်စီက အဆင့်ဆင့် တာဝန်ယူ ဖြေရှင်းပေးတဲ့ စနစ် ထားရှိပါတယ်။
ရုံးရဲ့ ငွေကြေးသုံးစွဲမှု စာရင်းတွေကိုလည်း လပတ်အစည်းအဝေး၊ ကောင်စီအစည်းအဝေးနဲ့ ညီလာခံတွေမှာ ရှင်းလင်းချပြပေမဲ့ ရပ်ရွာခေါင်းဆောင်တွေ မကြာခဏ အပြောင်းအလဲရှိတာကြောင့် သတင်းအချက်အလက် မသိလိုက်သူတွေလည်း ရှိနိုင်တယ်လို့ ဆရာ Kima က ပြောပါတယ်။
ပညာရေးရုံးရဲ့ ကျောင်းဖွင့်ရက်၊ ပိတ်ရက်နဲ့ ညွှန်ကြားချက်တွေကို Messenger နဲ့ WhatsApp တို့ကနေ ပေးပို့ပြီး အင်တာနက်မရတဲ့ ရွာတွေကိုတော့ ဖုန်းဆက်တာနဲ့ လူကြုံပါးတာတွေ လုပ်ဆောင်ပါတယ်။ ကျောင်းကျန်းမာရေး အတွက်တော့ သီးသန့်ထောက်ပံ့မှု မရှိဘဲ ကျန်းမာရေးဌာနက လက်လှမ်းမီတဲ့ ရွာတချို့မှာသာ ဩဂုတ် သို့မဟုတ် စက်တင်ဘာလတွေမှာ လာရောက်စစ်ဆေးပေးလေ့ ရှိပါတယ်။
လက်ရှိ မိဘတွေရဲ့ အကြီးမားဆုံး စိုးရိမ်ချက်ကတော့ ကလေးတွေ Grade 12 အောင်မြင်ပြီးရင် တက္ကသိုလ် ဆက်တက်ဖို့ လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဟွာလ်ငိုးရမ်း ပညာရေးဌာနဟာ NUG နဲ့ တိုက်ရိုက်မချိတ်ဆက်ဘဲ ချင်းပြည်အစိုးရနဲ့သာ ချိတ်ဆက်ထားပေမဲ့၊ Grade 12 (BECA) စာမေးပွဲကိုတော့ NUG က စီစဉ်တဲ့ အွန်လိုင်းစာမေးပွဲမှာ တိုက်ရိုက်ဝင်ရောက် ဖြေဆိုတာမျိုး ရှိနေပါတယ်။
မူလတန်းအရွယ် ကလေးနှစ်ဦးရဲ့ မိဘတစ်ဦးကလည်း ကလေးတွေ အထက်တန်းပြီးဆုံးချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲကို အခုလို ပြောပြပါတယ် –
“မိဘတစ်ယောက် အနေနဲ့ကျတော့ ဥပမာ ထားပါတော့နော်၊ G12 မှာ ကလေးတစ်ယောက် ရှိတယ်ဆိုရင် ဒီမှာ G12 ပြီးရင် ဘယ်မှာ ဆက်တက်မလဲ ဆိုတာတော့ စိုးရိမ်ရတာပေါ့နော်။ တခြား စစ်ကောင်စီဘက်မှာ သွားတက်တယ် ဆိုရင်လည်း သူတို့ လက်ခံမှာ မဟုတ်ဘူး ဆိုတော့လေ။ ကလေးတွေအတွက် သိပ်အားမရဘူးပေါ့နော်။ တတ်နိုင်ရင်တော့ တက္ကသိုလ်တို့ ဘာတို့ တက်စေချင်တယ်၊ ဒါပေမဲ့ တက္ကသိုလ်ကျတော့လည်း မရှိပြန်ဘူးဆိုတော့ နည်းနည်းတော့ ဒုက္ခရောက်တာပေါ့။ အဲဒီအပိုင်းမှာ ကျောင်းတာဝန်ခံတွေ ဘက်ကနေ လမ်းညွှန်မှု တိတိကျကျတော့ မရှိဘူး၊ ကလေးတွေရဲ့ ရွေးချယ်မှုပါပဲ။”
လက်ရှိမှာ ဒေသတွင်း ကောလိပ်ကြိုသင်တန်း (Pre-college) ဖွင့်လှစ်ဖို့ စီစဉ်နေတာကြောင့် လာမယ့်နှစ်လောက်မှာ စတင်တက်ရောက်နိုင်ဖို့ မျှော်လင့်နေကြပါတယ်။ မနှစ်ကတော့ Grade 12 ပြီးဆုံးသူ သုံးဦးလောက်ဟာ ဒေသတွင်းက ပေးတဲ့ အောင်လက်မှတ်နဲ့ အမှတ်စာရင်းတွေကို ယူပြီး အိန္ဒိယနိုင်ငံဘက်က ကျမ်းစာကျောင်းတွေနဲ့ အစိုးရကျောင်းတွေမှာ သွားရောက်လျှောက်ထား တက်ရောက်ခဲ့ကြပါတယ်။
“တချို့ကျတော့ ဒီမှာ ၁၂ တန်း အောင်တဲ့ ကလေးကျတော့ ဟိုဘက်ကို ရောက်တဲ့အခါ အိန္ဒိယ အစိုးရကျောင်းတွေမှာ ၁၀ တန်း၊ ၁၁ တန်းလောက်မှာပဲ ထိုင်ခိုင်းကြတယ်၊ အတန်းလျှော့တာပေါ့နော်” လို့ အဆိုပါ မိဘက ရှင်းပြပါတယ်။
ပညာရေးတာဝန်ခံ ဆရာ Kima ကတော့ ချင်းပြည်အစိုးရ လက်အောက်မှာ ဆေးတက္ကသိုလ် အပါအဝင် အဆင့်မြင့်ပညာကဏ္ဍတွေ ရှိလာပြီဖြစ်လို့ ကျောင်းဆက်တက်ဖို့ စိုးရိမ်စရာ မရှိတော့ကြောင်းနဲ့ အောင်လက်မှတ် (Certificate) ထက် အမှန်တကယ် ပညာတတ်မြောက်ဖို့ကိုသာ အဓိကထားကြောင်း ပြောပါတယ်။ အာဏာမသိမ်းမီ ခေတ်ကောင်းတုန်းက ရခဲ့တဲ့ ၁၀ တန်း အောင်လက်မှတ်နဲ့ ဘွဲ့လက်မှတ်တွေဟာလည်း အိန္ဒိယနဲ့ စင်ကာပူမှာ အလုပ်သွားရှာတဲ့အခါ အသိအမှတ်ပြု မခံရဘဲ ပန်းကန်ဆေးအလုပ်ပဲ လုပ်ခဲ့ကြရတာကြောင့် လက်တွေ့အရည်အချင်းကိုသာ ဦးစားပေးတာလို့ သူက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ ပညာရေးမူဝါဒနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပုဂ္ဂိုလ်ရေး အမြင်ကိုလည်း အခုလို ပွင့်ပွင့်လင်းလင်း ပြောပြပါတယ် –
“ကျွန်တော့်အမြင်အရဆိုရင် ပညာရေးဆိုတာ လွတ်လပ်ခွင့် ပေးသင့်တာပေါ့နော်။ ဒါပေမဲ့ ကျွန်တော် လိုချင်တိုင်း မရဘူး၊ ကျွန်တော်တို့ နေထိုင်တဲ့ ဒေသမှာလည်း အစိုးရ သီးသန့်၊ ဒေသန္တရ အစိုးရလည်း ရှိတယ်၊ သူတို့ရဲ့ သဘောထားလည်း ရှိမှာပေါ့နော်။”
ဒေသခံတွေအနေနဲ့ ကိုယ့်ရွာနဲ့ ကိုယ့်ကျောင်းတစ်ခုတည်းရဲ့ အခြေအနေကိုသာ သိရှိနေကြရာကနေ ဒေသတစ်ခုလုံးနဲ့ တခြားမြို့နယ်တွေက ပညာရေး အခက်အခဲတွေကိုပါ ခြုံငုံသိရှိနားလည်နိုင်ဖို့ အခုလို သတင်းမီဒီယာ အစီအစဉ်တွေ မကြာခဏ ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့လည်း ဆရာ Kima က တိုက်တွန်းထားပါတယ်။
By – စနေမိုး, ကိုဆွင်း (Editorial Teams)
