The Zoland Post | အောက်တိုဘာ ၂၅၊ ၂၀၂၆ (Special Report)

“ဒီကလေးမိဘတွေ အများစုကလည်း စစ်ကောင်စီဘက်ကို တက်ခိုင်းတာဆိုတော့ အကုန်လုံးပဲ စစ်ကောင်စီဘက် တက်ချင်တဲ့သူက တက်လိုက်ပြီး ဒီကျောင်းကို တစ်ခါတည်း ဖြတ်ပစ်လိုက်ရတော့မလားလို့တောင် စိတ်ထဲမှာ အခါခါ တွေးမိတယ်”
ဒါကတော့ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်ထဲက ရပ်ရွာကိုယ်ထူကိုယ်ထ ကျောင်းတစ်ကျောင်းမှာ စာသင်ကြားပေးနေတဲ့ ဆရာမတစ်ဦး ရင်ဖွင့်လိုက်တဲ့ စကား ဖြစ်ပါတယ်။
တော်လှန်ရေး အစောပိုင်းကာလတွေတုန်းက တီးတိန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ ကိုယ်ထူကိုယ်ထ အခြေခံပညာရေးကို ရပ်ရွာလူထုရဲ့ စည်းလုံးမှု၊ တက်ကြွမှုတွေနဲ့ စတင်ခဲ့ကြပေမဲ့ ငါးနှစ်နီးပါး ကြာမြင့်လာချိန်မှာတော့ အခြေအနေတွေဟာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။
စာသင်ဆောင် မရှိတာ၊ ထောက်ပံ့ငွေ ပြတ်တောက်တာတွေအပြင် လေကြောင်းတိုက်ခိုက်ခံရမှာ စိုးရိမ်လို့ ကျောင်းပြောင်းလက်မှတ် မထုတ်ပေးနိုင်တဲ့ ပြဿနာတွေကြောင့် တီးတိန်မြို့နယ်က ရပ်ရွာကျောင်းတွေဟာ စစ်ကောင်စီကျောင်းတွေဆီ ပြန်လည် မျက်နှာမူကုန်ကြတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
လက်ရှိမှာ တီးတိန်မြို့နယ်အတွင်းက စာသင်ကျောင်း အများစုဟာ စစ်ကောင်စီရဲ့ ပညာရေးဌာနအောက်မှာ ကျောင်းသားစာရင်း ပြန်သွင်းပြီး ပြန်လည်ဖွင့်လှစ်နေကြပြီ ဖြစ်ပြီး၊ ကိုယ်ထူကိုယ်ထကျောင်း အဖြစ် သီးခြားရပ်တည်နိုင်တာ သုံးကျောင်း လေးကျောင်းဝန်းကျင်လောက်သာ ကျန်တော့မယ်ထင်တယ်လို့ ဒေသခံ ပညာရေးအသိုင်းအဝိုင်းဆီက စုံစမ်းသိရှိရပါတယ်။
ဒီဆောင်းပါးဟာ တီးတိန်မြို့နယ်အတွင်းက ဒေသန္တရအုပ်ချုပ်ရေးနဲ့ ပညာရေးဝန်ဆောင်မှု မြေပြင်မှာ ဘယ်လိုလည်ပတ်နေသလဲ၊ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေရဲ့ နေ့စဉ်ဘဝမှာ ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာကို လေ့လာတင်ပြထားတာ ဖြစ်ပါတယ်။
တီးတိန်မြိုနယ် ချင်းပြည်နယ် –

ကျောင်းဆောင်မဲ့ စာသင်ခန်းများနှင့် ဆရာ၊ ဆရာမ အင်အား လိုအပ်ချက်
တီးတိန်မြို့နယ်ထဲက ကျေးရွာတစ်ရွာမှာ ကလေးတွေ ပညာသင်ယူခွင့် မဆုံးရှုံးစေဖို့ စာသင်ကျောင်းရယ်လို့ သီးသန့် အဆောက်အအုံ မရှိတဲ့ကြားကပဲ နေရာအခက်အခဲများစွာနဲ့ ယာယီနေရာတွေ ခွဲပြီး စာသင်ပေးနေရပါတယ်။
သီးသန့် ကျောင်းဆောင် မရှိတဲ့အတွက် ကျောင်းတစ်ကျောင်းတည်းမှာ စာသင်နေကြတဲ့ ဆရာ၊ ဆရာမ တွေဟာ ကျောင်းတွင်း အစည်းအဝေး လုပ်ဖို့အတွက်တောင် လူချင်းတွေ့ဆုံဖို့ မလွယ်ကူဘဲ ဖုန်းလိုင်းနဲ့ အင်တာနက်ကနေတစ်ဆင့် အွန်လိုင်းအုပ်စုတွေ ဖွဲ့ပြီး ညှိနှိုင်းနေရတာပါ။ စာသင်ဖို့ နေရာ ကျောင်းဆောင်အခက်အခဲဟာ ပြင်ပအကူအညီနဲ့တောင် ချက်ချင်း မဖြေရှင်းနိုင်တဲ့ အခက်အခဲ ဖြစ်နေတယ်လို့ မြေပြင် ဆရာမတွေက ဆိုပါတယ်။
အဆိုပါကျောင်းမှာ မူကြို (ECCD) ကနေ တက်ရောက်မည့် ကျောင်းသားရှိတဲ့ အတန်းအထိ (လုံခြုံရေးအရ ဖွင့်လှစ်တဲ့အတန်း အတိအကျ မဖော်ပြပါ) ဖွင့်လှစ်ထားပေမဲ့ ဆရာ၊ ဆရာမ မလုံလောက်တာကြောင့် အတန်းနှစ်တန်းကို ဆရာမတစ်ယောက်က ပေါင်းပြီး သင်ကြားပေးနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။
“ဆရာမ အင်အားက မလုံလောက်ဘူးပေါ့။ ဒီထက် ပိုပြီးတော့လည်း ဖြည့်ဖို့ဆိုရင်လည်း ဆရာမ မရှိဘူး၊ မရနိုင်တော့ဘူး။ တခြားရွာက ဆရာမတွေလည်း မလာတော့ ဒီက ဒေသခံ ဆရာ၊ ဆရာမတွေနဲ့ပဲ သွားနေရတာပါ” လို့ အဆိုပါ ဆရာမက ပြောပြပါတယ်။
တစ်ဖက်မှာလည်း အခြားကျောင်းတစ်ကျောင်းမှာ တာဝန်ကျနေတဲ့ ဆရာမတစ်ဦးရဲ့ ပြောပြချက်အရ မူကြိုကနေ တက်ရောက်မည့် ကျောင်းသားရှိတဲ့ အတန်း အထိ ဖွင့်လှစ်ထားပေမဲ့ ဆရာ/ဆရာမ အချိုးအစားဟာ ပုံမှန် ဖွဲ့စည်းပုံရဲ့ ၃ ပုံ တစ်ပုံသာ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ သန့်ရှင်းရေးဝန်ထမ်း တွေတောင် မူကြိုအတန်း သင်ကြားခိုင်းထားရပြီး ကျန်တဲ့ ဆရာ၊ ဆရာမတွေက ဘာသာရပ်အများအပြားကို ခွဲဝေသင်ကြားနေရပါတယ်။
အခုနှစ် စာသင်နှစ် အစပိုင်းမှာ မိဘတစ်ချို့က စစ်ကောင်စီကျောင်းမှာ အမည်စာရင်း အပ်ပြီး ရွာမှာ ရှိတဲ့ ဆရာမတွေနဲ့ စာသင်ကြားဖို့ စီစဉ်ခဲ့တာကြောင့် CDM ဆရာမ တွေက သင်ကြားမှု ရပ်နားကာ ဒုတိယအကြိမ် CDM လုပ်ဖို့ ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ မိဘတွေက ဆရာမတွေရဲ့ အိမ်အထိ လာရောက်တောင်းပန် ညှိနှိုင်းခဲ့တာကြောင့် စစ်ကောင်စီအောက် မဝင်ဘဲ ကိုယ်ထူကိုယ်ထကျောင်း အဖြစ်သာ ဆက်လက် ထိန်းသိမ်းခဲ့ရတယ်လို့ အဲဒီဆရာမက ပြန်ပြောင်းပြောပြပါတယ်။
ကျောင်းသုံး ပုံနှိပ်စာအုပ် မလုံလောက်တာဟာလည်း နှစ်စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ပုံနှိပ်စာအုပ် တစ်စုံကို ကျပ် သုံးသောင်းကျော်ကနေ ငါးသောင်းအထိ ပေးဝယ်နေရတာကြောင့် မိဘတွေရော ကျောင်းဘက်ကပါ ဝယ်ယူဖို့ မတတ်နိုင်ကြပါဘူး။ ကျောင်းဖွင့်စမှာ ကလေးတွေ စုံစုံလင်လင် ရောက်လာကြပေမဲ့ တစ်လ၊ နှစ်လလောက် ကြာတဲ့အခါ စာမလိုက်နိုင်တာနဲ့ စိတ်မပါတာတွေကြောင့် ကျောင်းထွက်သွားကြတာတွေလည်း ရှိနေပါတယ်။
တစ်ဖက်မှာ စစ်အုပ်စု အစိုးရက ကျောင်းဖွင့်လှစ်နေပေမယ့် သူတို့ ဖွင့်ထားတဲ့ကျောင်းတွေမှာ ကျောင်းဆောင် အစောင့်နဲ့ သန့်ရှင်းဝန်ထမ်းတစ်ဦးတို့သာ ရှိပြီး စာသင်ည့် ဆရာ, ဆရာမ မရှိတာကြောင့် ကျောင်းသားမိဘတွေကနေ ငွေကောက်ခံကာ ဆရာ၊ ဆရာမ ငှားနေရတယ်လို့ သိရပါတယ်။
သူတို့လည်း ဆရာ ဆရာမ မလုံလောက်ဘူး၊ လုပ်အားပေး ဆရာမတွေ ခေါ်တယ်လို့ ကြားတယ်။
စကစကျောင်း မှာပဲ တက်တက်၊ ဒီဖက် ကိုယ်ထူကိုယ်ထကျောင်းမှာပဲ တက်တက် ပိုက်ဆံပဲ လိုတာ ပေါ့နော်။ ကလေးက စာလိုချင် တယ် ဆိုရင် ပိုက်ဆံပဲ လိုတာ။ ဟိုဘက်မှာ တက်ရင်လည်း ကလေးတွေ အလကားနဲ့ ကျောင်းတက်ရမှာ မဟုတ်ဘူး ပိုက်ဆံ လို တယ်။” လို့ ဒေသခံ ဆရာမက ပြောပြထားပါတယ်။
မိဘတွေရဲ့ စိုးရိမ်ချက်နဲ့ လေကြောင်း စိတ်ဒဏ်ရာ
ဒီလို စိန်ခေါ်မှုများစွာကြားမှာ မိဘတွေအတွက် အကြီးမားဆုံး စိုးရိမ်ချက်ကတော့ ကလေးတွေရဲ့ အနာဂတ် ပညာရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။
ရပ်ရွာကျောင်းတွေမှာ ကလေးတွေကို ပညာသင်ပေးနေပေမဲ့ စာသင်နှစ်တစ်ခု ပြီးဆုံးသွားတဲ့အခါ အောင်လက်မှတ် ဒါမှမဟုတ် ကျောင်းပြောင်းလက်မှတ် (TC) တရားဝင် ထုတ်မပေးနိုင်တဲ့ ပြဿနာက မိဘတွေအတွက် အကြီးမားဆုံး စိုးရိမ်ချက် ဖြစ်လာပါတယ်။ အဲဒီလို လက်မှတ် ထုတ်မပေးနိုင်ရတဲ့ နောက်ကွယ်မှာ သာမန် စီမံခန့်ခွဲမှုထက် ပိုတဲ့ လေကြောင်းရန် အသက်အန္တရာယ် စိုးရိမ်ချက် ရှိနေတာပါ။
မြေပြင်ဆရာမတစ်ဦးက အခုလို ရှင်းပြပါတယ်။ “ကျောင်းပြောင်းလက်မှတ် မပေးဘူး။ ဒီအတွက်လည်း ပြည်သူတွေက ယုံကြည်မှု မရှိတော့ဘူးပေါ့။ သူတို့က ဒီကနေ ကျောင်းပြောင်းလက်မှတ် ပေးတယ်၊ အောင်လက်မှတ်၊ ကျောင်းပြောင်းလက်မှတ် ထုတ်ပေးတယ်ဆိုရင် အဲဒီစာနဲ့ပဲ ဒီမှာ ဗုံးကျဖို့ ကြောက်တာပေါ့၊ မပေးဘူး။ မြို့နယ်ကော်မတီ အထက်က မေးရင်လည်း မပေးတာပဲ ကောင်းတယ် ပြောကြတော့ မပေးဘူး။”
အခြားရွာက ဆရာမတစ်ဦးကလည်း “ကျောင်းပြောင်းလက်မှတ် မရရှိတာနဲ့ ရှေ့ဆက်ပညာသင်ယူခွင့် မရေရာတာတွေကြောင့် အရင်နှစ်တွေက ကလေးဦးရေ ၁၀၀ ကျော် ပုံမှန်ရှိခဲ့တဲ့ ရွာကျောင်းတစ်ကျောင်းမှာ ဒီနှစ်တော့ ကလေး ၅၀ ဝန်းကျင်သာ ကျန်တော့တယ်။ စစ်ကောင်စီကျောင်းတွေဘက်က ဝင်ခွင့်စာမေးပွဲ (Re-Placement Test) စစ်ဆေးပြီး ကျောင်းသားခေါ်ယူတဲ့အခါ မိဘအများစုက ဟိုဘက်ကို ပြောင်းရွှေ့အပ်နှံလိုက်ကြလို့ ဖြစ်ပါတယ်”လို့ ပြောပြထားပါတယ်။
မိဘတချို့ကတော့ ကလေးတွေ ပညာသင်ယူနိုင်ဖို့အတွက် တခြားမြို့ပြကျောင်းတွေဆီ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး နည်းလမ်းရှာ ပို့ဆောင်နေကြရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျေးရွာတွေအနီး ဗုံးကြဲခံရဖူးတဲ့ စိတ်ဒဏ်ရာတွေကြောင့် ကျောင်းမှာ အရေးတကြီး လိုအပ်နေတာက ပုန်းခိုကျင်းတွေ ဖြစ်တယ်လို့ ဆရာမက ဆိုပါတယ်။
“ဒီမှာ အရမ်းကြောက်တယ်ဆိုရင်လည်း ဘယ်မှာ ပုန်းရမှန်း မသိဘူး။ ကလေးတွေက အရမ်းကြောက်တာ ကျောင်းထဲမှာပဲ။ အသံတစ်ခုခု ကြားရုံနဲ့ စိတ်ထဲ ဘာမှမရှိတော့ဘဲ မိဘရော၊ ကလေးရော အကုန်လုံး စိတ်ကုန်တာပေါ့။ တချို့ဆိုရင် ကလေးတွေကို ဒီမှာ ကျောင်းမတက်စေချင်ဘူး၊ အရမ်းကြောက်လို့ဆိုပြီး ရွာထဲမှာပဲ ဒီအတိုင်း ထားတယ်” လို့ ဆရာမတစ်ဦးက ပြောပြပါတယ်။
ကုန်ဈေးနှုန်းနှင့် ဆန်တစ်အိတ်ဖိုး မရှိသည့် လစာ
ပြီးခဲ့တဲ့နှစ်တွေအထိ အခြေခံပညာရေးကို အရပ်ဘက် အကူအညီပေးရေး အဖွဲ့အစည်းနဲ့ ပြည်ပရောက် ရပ်ရွာမိသားစုတွေရဲ့ ထောက်ပံ့ငွေနဲ့ လည်ပတ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီတုန်းက ကျောင်းအတွက် အထွေထွေအသုံးစရိတ် ၅,၀၀၀ ကျပ် ကောက်ခံတာကလွဲပြီး မိဘတွေဘက်က ကျောင်းလခ မကုန်ကျခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၆ ခုနှစ် စာသင်နှစ်မှာတော့ အဲဒီထောက်ပံ့မှုတွေ ရပ်သွားပြီလို့ ဒေသခံ မိဘတစ်ဦးက The Zoland Post ကို ပြောပြထားပါတယ်။
ကျောင်းဆက်လက် လည်ပတ်နိုင်ဖို့ ကျောင်းသား ၁၀၀ ဝန်းကျင်ရှိတဲ့ ကျောင်းတစ်ကျောင်းမှာ ကျောင်းသားတစ်ဦးကို ကျောင်းလခ သုံးသောင်းကျပ်စီ ကောက်ခံဖို့ ဆရာတွေနဲ့ မိဘတွေ အစည်းအဝေးထိုင် ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်ရှိ ချင်းတောင်ပေါ်မှာ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရတာအပြင် စစ်ဆေးရေးဂိတ်ကြေးတွေနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် ကြက်ဥတစ်လုံးကို ၉၀၀ ကျပ်၊ ဧရာမင်း ဆန်တစ်အိတ်ကို ကျပ် နှစ်သိန်းအထိ ကုန်ဈေးနှုန်း တက်နေချိန်မှာ အဲဒီ ကျောင်းလခငွေဟာ မိဘတွေအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်လာပါတယ်။
ကျောင်းသားမိဘတစ်ဦးက “တချို့အိမ်တွေဆိုရင် ကလေး လေးငါးယောက် ရှိတယ်။ ကျောင်းလခ သုံးသောင်းတောင် မပေးနိုင်တဲ့သူတွေ အများကြီး ရှိပါတယ်။ တစ်အိမ်ထဲက သုံးယောက်အထက်ဆိုရင် ကျောင်းလခ ကင်းလွတ်ခွင့်ပေးဖို့ ဆွေးနွေးခဲ့ပေမဲ့ အတည်မဖြစ်သေးဘူး။ ကျောင်းမတက်နိုင်မယ့် ကလေးတွေကို သင်းအုပ်ဆရာက သူ့သားသမီးတွေနဲ့အတူ ကျောင်းထားပေးရတာမျိုးလည်း ရှိတယ်” လို့ ပြောပြပါတယ်။
ဆရာ၊ ဆရာမ မလုံလောက်လို့ အချိန်ပိုသင်ပေးရတဲ့ ဆရာမတွေအတွက်ပါ တွက်ချက်ရင် ကျောင်းသားတစ်ဦးကို ကျပ် ၅၀,၀၀၀ စီ ကောက်ခံနိုင်မှသာ ဆရာ၊ ဆရာမတွေရဲ့ လစာ ဖူလုံနိုင်မှာ ဖြစ်ပေမဲ့ မိဘတွေ မတတ်နိုင်ကြပါဘူး။ အမေရိကန်၊ မလေးရှားနဲ့ ဩစတြေးလျရောက် ရပ်ရွာမိသားစုတွေဆီက ထောက်ပံ့ငွေကို မျှော်လင့်နေရပေမဲ့ ကျောင်းဖွင့်ချိန် လေးလအတွင်းမှာ ဆရာ၊ ဆရာမတွေဟာ နှစ်လစာပဲ အပြည့်အဝ ရရှိပါသေးတယ်။
အခြားကျောင်းတွေမှာလည်း မိဘတွေဆီက ကောက်ခံငွေနဲ့ အကူအညီပေးတဲ့ အဖွဲ့တွေရဲ့ ထောက်ပံ့ငွေကို ပေါင်းစပ်လိုက်ရင်တောင် ဆရာမတစ်ဦးကို တစ်လ ကျပ် တစ်သိန်း ကနေ တစ်သိန်းသုံးသောင်းဝန်းကျင်သာ ရရှိပါတယ်။ ထောက်ပံ့မှု ပိုကောင်းတဲ့ နေရာတချို့မှာ သုံးသိန်းဝန်းကျင် ရတတ်ပေမဲ့ အဲဒီငွေဟာလည်း လစဉ် ပုံမှန်မရဘဲ နှစ်လ၊ သုံးလမှ တစ်ကြိမ်သာ ရောက်လာတတ်တာကြောင့် လက်ရှိ ကုန်ဈေးနှုန်းအရ ဆန်တစ်အိတ်ဖိုးတောင် မရှိတဲ့ အခြေအနေ ဖြစ်နေပါတယ်။
အုပ်ချုပ်ရေး ကွက်လပ်၊ ကျောင်းတွင်း စည်းကမ်းနှင့် မူဝါဒဆိုင်ရာ ကွာဟချက်များ
လက်ရှိ တီးတိန်မြို့နယ် ကိုယ်ထူကိုယ်ထကျောင်းအများစုကို Zomi Federal Union ရဲ့ ဌာနတွေထဲက တီးတိန်မြို့နယ်ပညာရေးဘုတ်အဖွဲ့နဲ့ ဆက်သွယ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
Zomi Federal Union လက်အောက်ရှိ တီးတိန်မြို့နယ် ပညာရေးဘုတ်အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ချက်တစ်ခုမှာ KG ကနေ Grade 12 အထိ Non-CDM တွေဆီက ကျောင်းပြောင်းလက်မှတ် ယူစရာမလိုဘဲ ပြည်သူ့ကျောင်းတွေမှာ ဆက်လက် ပညာသင်ယူနိုင်တဲ့အပြင် Grade 12 အောင်မြင်ပြီးပါကလည်း ဆက်လက်တက်ရောက်နိုင်မယ့် Online နဲ့ Onground ကောလိပ်၊ တက္ကသိုလ်တွေ ရှိပြီးဖြစ်တာကြောင့် စိုးရိမ်စရာမလိုကြောင်း အသိပေးထားပါတယ်။
ဒါပေမဲ့ မြေပြင်က အခြေအနေကတော့ အဆိုပါလမ်းညွှန်ချက်တွေနဲ့ ကင်းကွာနေဆဲ ဖြစ်ပါတယ်။ အထက်က ပို့ပေးတဲ့ အွန်လိုင်းတက္ကသိုလ် လင့်ခ်တွေကို ဆရာမတွေကတစ်ဆင့် မိဘတွေကို ရှင်းပြရပေမဲ့ ဒေသတွင်းမှာ အင်တာနက် ကောင်းမွန်စွာ မရရှိတာကြောင့် မိဘတွေ လက်လှမ်းမမီကြပါဘူး။
“မြေပြင်မှာ တက်မယ်ဆိုရင်လည်း မိဘတွေက ကြောက်ကြတယ်။ Online ကျောင်းတွေ တက်မယ်ဆိုတာလည်း တကယ့်တကယ်ကျ မတက်ဖြစ်ကြဘူး။ Grade 12 ပြီးတဲ့သူတွေ တချို့ ကွန်ပျူတာသင်တာကလွဲရင် အများစုက ရွာမှာ ဒီအတိုင်း နေကြတာ များတယ်” လို့ ဆရာမတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ရပ်ရွာအတွင်းမှာ အုပ်ချုပ်ရေး ကင်းမဲ့နေတာကလည်း ပြဿနာတွေကို ပိုမိုဆိုးရွားစေပါတယ်။ ရွာမှာ တရားဝင် ဦးဆောင်သူ မရှိတော့ဘဲ ဒေသခံ လူငယ်အဖွဲ့တွေကသာ လမ်းပြင်တာနဲ့ ရပ်ရွာလုံခြုံရေးကို ယာယီ ကိုင်တွယ်နေရတာတွေ ရှိနေပါတယ်။ အုပ်ချုပ်ရေး ကင်းမဲ့နေတဲ့အတွက် ရွာရဲ့ အထွေထွေကိစ္စရပ်တွေမှာတောင် ကျောင်းဆရာမတွေကို လာရောက် ဆက်သွယ်အကူအညီတောင်းတာတွေ ရှိနေပါတယ်။
ကျောင်းတွင်းမှာလည်း ရာထူးအဆင့်အတန်းနဲ့ တရားဝင် ဖွဲ့စည်းပုံ မရှိတော့တဲ့အတွက် ဆရာ၊ ဆရာမတွေကြား ပွတ်တိုက်မှုတွေ ရှိလာနေပါတယ်။ တချို့ ဆရာ၊ ဆရာမတွေဟာ ခွင့်ယူပြီး ခရီးထွက်သွားပါက အတန်းတွေ ပိတ်ထားရတာမျိုးတွေ ရှိနေပြီး၊ ကျောင်းကော်မတီတွေ ခိုင်မာစွာ မဖွဲ့စည်းနိုင်တဲ့အတွက် စည်းကမ်းပိုင်း ထိန်းကျောင်းဖို့ ခက်ခဲနေပါတယ်။
“ဒီမှာ စည်းကမ်း ကိုင်မယ်ဆိုရင်လည်း ဘယ်သူမှ ရာထူးမရှိဘူး။ ဘာအရာရှိမှ မရှိဘူးလို့ပဲ ပြောကြတယ်။ တချို့ကလည်း ကာကွယ်ရေးရော၊ အာဏာရှိတဲ့သူတွေနဲ့ အမျိုးတော်တော့ ပါဝါနဲ့ လာကြတာ။ စိတ်ထဲမှာတော့ အမြဲတမ်း မျိုသိပ်ထားရတယ်။ တစ်ခုခုပြောရင် ကွဲကုန်မှာ စိုးလို့ အပြင်မှာ ဘာမှမသိသလိုပဲ ဟန်ဆောင်နေရတယ်” လို့ ဒေသခံ ဆရာမတစ်ဦးက ဖွင့်ပါတယ်။
ကျောင်းတွင်းမှာ နေထိုင်ပုံ မသင့်တော်တဲ့ ဆရာ၊ ဆရာမတွေ ရှိ၊ မရှိနဲ့ ကျောင်းသားတွေအပေါ် ခွဲခြားဆက်ဆံမှု ရှိ၊ မရှိကိုတော့ အရပ်ဘက် အကူအညီပေးရေး အဖွဲ့တချို့က မေးမြန်းစုံစမ်းတာတွေ ရှိခဲ့ပေမဲ့ အခြား အဖွဲ့အစည်းတွေဘက်က ရပ်ရွာလူထုအတွက် လွတ်လပ်စွာ တိုင်ကြားနိုင်မယ့် စနစ်နဲ့ လမ်းကြောင်းတွေ ဖန်တီးပေးထားတာ မရှိသေးဘူးလို့လည်း ဒေသခံတစ်ဦးက ပြောပြပါတယ်။
အနာဂတ်အတွက် အဖြေရှာရေး
တီးတိန်မြို့နယ်ရဲ့ ကိုယ်ထူကိုယ်ထ အခြေခံပညာရေး ပျက်စီးမသွားဖို့အတွက် ရပ်ရွာအတွင်းရှိ အသင်းတော် ခေါင်းဆောင်များ၊ မိဘများနနဲ့ တာဝန်ရှိသူတွေ စည်းစည်းလုံးလုံးဖြင့် ပြန်လည် ဆွေးနွေးတိုင်ပင်ကြဖို့ လိုအပ်နေပါတယ်။
“ဒီကျောင်းတွေကို တစ်ခါတည်း ဖြတ်ပစ်လိုက်ရတော့မလားလို့တောင် စိတ်ထဲမှာ အခါခါ ဝင်မိတယ်။ ဒါပေမဲ့ ကလေးတွေရဲ့ ရှေ့ရေးအတွက် စီစဉ်ပေးရမယ် ထင်တာပဲ။ အကုန်လုံး စည်းစည်းလုံးလုံး မရှိဘူးဆိုရင် ဘယ်လိုမှ ပြောင်းလဲဖို့ မလွယ်ဘူး။ အသင်းတော်ထဲက ဦးဆောင်တဲ့ ဆရာတွေ၊ ရပ်မိရပ်ဖတွေက ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ ပညာရေးဘုတ်အဖွဲ့တွေက ဦးဆောင်ပေးနိုင်ရင်တော့ အထိရောက်ဆုံး ပြောင်းလဲနိုင်မယ်” လို့ ဆရာမတစ်ဦးက သုံးသပ်ပါတယ်။
တော်လှန်ရေးကာလအတွင်း ဒေသခံ ဆရာ/ဆရာမများရဲ့ ပေးဆပ်မှုဖြင့် ကလေးများ ပညာမပြတ်စေရန် ကြိုးပမ်းနေကြသော်လည်း ရေရှည်အတွက် ခိုင်မာတဲ့ မူဝါဒတွေနဲ့ လမ်းညွှန်ချက်တွေ မရှိပါက တီးတိန်က ကိုယ်ထူကိုယ်ထ ပညာရေးမှာ ပိုမို ခက်ခဲတဲ့ လမ်းဆုံလမ်းခွသို့ ရောက်ရှိသွားတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မိဘတွေ၊ ကျောင်းဆရာ၊ဆရာမတွေကြားမှာ အမြင်မတူ သဘောထားကွဲလွဲမှုတွေ အရေးကြုံလာပါက လွတ်လပ်စွာ တိုင်ကြားနိုင်တဲ့ စနစ်နဲ့ လမ်းကြောင်းများ လက်ရှိမှာ မရှိသေးဘူးလို့ ကျောင်းသားမိဘ တစ်ဦးကပြောပါတယ်။
“ကျောင်းလခတွေကောက်တဲ့အခါမှ တချို့ကမပေးချင်ကြဘူး။ ကျူရှင်ခေါ်သင်နိုင်တာမျိုးတော့ ရှိပါတယ်”လို့ ဆရာမတစ်ဦး ဆိုပါတယ်။
မိဘတစ်ဦးကလည်း “တစ်လ ၃ သောင်းဆိုတာတောင် တချို့မိသားစုအတွက် ခက်ခဲတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ငါတို့ မိဘတွေ ရပ်တည်ရမယ်” လို့ ပြောပါတယ်။
တချို့မိဘတွေဟာ ကိုယ်တိုင် အကျပ်အတည်းတွေ ကြုံနေရပေမဲ့ သားသမီးတွေ ပညာမတတ်မှာစိုးလို့ တစ်လ ၃ သောင်းကို တတ်နိုင်သမျှ ညှိနှိုင်းပေးဆပ်နေကြသလို၊ ဆရာ/ဆရာမတွေကလည်း လစာမမှန်ပေမဲ့ ကလေးတွေအတွက် ဆက်လက် ရပ်တည်ပေးနေဆဲ ဖြစ်ပါတယ်။
တာဝန်ရှိတဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့တွေ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေအနေနဲ့ မြေပြင်က ဆရာ/ဆရာမတွေနဲ့ မိဘတွေရဲ့ အသံကို နားထောင်ပြီး ကျောင်းပြောင်းလက်မှတ် (TC) ကိစ္စ၊ ဘတ်ဂျက်ထောက်ပံ့မှုနဲ့ လုံခြုံရေး တွေအတွက် လက်တွေ့ကျတဲ့ မဟာဗျူဟာ လမ်းညွှန်ချက်နဲ့ အကာအကွယ်တွေကို အမြန်ဆုံး ဖော်ဆောင်ပေးဖို့ လိုအပ်နေပြီဆိုတာကို တွေ့ရပါတယ်။
တာဝန်ရှိသူများ၏ တုံ့ပြန်မှုနှင့် အဖြေမရဘဲ ကျန်ရှိနေသည့် မေးခွန်းများ
မြေပြင်မှာ ဖြစ်ပေါ်နေတဲ့ စာသင်ကျောင်း အခက်အခဲတွေ၊ ဆရာ၊ ဆရာမ ထောက်ပံ့ကြေး ကိစ္စတွေ၊ ကျောင်းပြောင်းလက်မှတ် မရရှိတာနဲ့ စည်းကမ်းပိုင်း ထိန်းကျောင်းမှု မူဝါဒတွေကို မေးမြန်းဆွေးနွေးဖို့အတွက် သက်ဆိုင်ရာ တီးတိန်မြို့နယ် ပညာရေးဘုတ် တာဝန်ခံထံ သတင်းဌာနက ဆက်သွယ်ခဲ့ပေမဲ့ မြို့နယ်ပညာရေးဘုတ် တာဝန်ခံဘက်ကတော့ လက်ရှိ ပညာရေး ဆောင်ရွက်နေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ပါဝင်ဆွေးနွေးဖို့ အဆင်မပြေကြောင်း၊ သတင်းအချက်အလက်တွေ ပေါက်ကြားသွားနိုင်တဲ့အတွက် ပြန်လည် မဖြေကြားနိုင်ကြောင်းနဲ့ ZFU တရားဝင် ထုတ်ပြန်ချက်တွေကိုသာ အတည်ယူ ကိုးကားနိုင်ကြောင်း အကြောင်းပြန်ခဲ့ပါတယ်။
မြို့နယ်တာဝန်ရှိသူတွေဘက်က ဖြေကြားဖို့ ငြင်းဆိုခဲ့တာကြောင့် ရပ်ရွာကျောင်းတွေအတွက် တရားဝင် ဘတ်ဂျက် ထောက်ပံ့မှု ရှိ၊ မရှိ၊ စစ်ကောင်စီကျောင်းတွေဆီ ပြန်လည်ရောက်ရှိသွားကြတဲ့ မြို့နယ်အတွင်းက ကျောင်းသား ထောင်ပေါင်းများစွာရဲ့ အနာဂတ်အတွက် မြို့နယ်အဆင့်မှာ ဘယ်လို မူဝါဒ ချမှတ်ထားသလဲဆိုတဲ့ မေးခွန်းတွေဟာ အဖြေမရဘဲ ကျန်ရှိနေဆဲ ဖြစ်ပါတယ်။
By – Joseph and Editorial Teams
