The Zoland Post | ဇွန် ၁၀၊ ၂၀၂၆

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ် သုံးပန်း
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ မြစ်ခြေစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က ဒီနေ့ ဇွန်လ ၁၀ နေ့မှာ ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရုံးချုပ်က ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က (၂) ဦး ကျဆုံးပြီး စစ်သုံ့ပန်း (၁၄) ဦး ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။
မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ၊ ပခုက္ကူခရိုင် စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုနဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့ နံနက် ၄ နာရီမှာ မြစ်ခြေရဲ့စခန်းကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး (၁) နာရီခန့်အကြာ နံနက် (၅) နာရီမှာ အပြီးသတ်ချေမှုန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ မေ (၁၀)ရက်မှ ဇွန်လ (၂) ရက်နေ့အထိ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း (၁၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးကာ အတည်ပြုနိုင်သည့် ပြည်သူ (၂၄)ဦး ကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်မှု ဖြစ်စဉ်တွေအပေါ် စစ်ကောင်စီအား လက်တုံ့ပြန်တိုက်ခိုက်ချေမှုန်းခဲ့ခြင်း ဖြစ်တယ်လို့ PDF ဘက်က ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ G-3 (၁၈)လက်၊ 79 (၁) လက်၊ ခြောက်လုံးပြူး (၂) လက်၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း (၁) လက်၊ G-3 ကျည်ဘောက် (၂၇) ဘောက်၊ လက်လုပ် လေသေနတ် (၁) လက်၊ ကျည်ကာ ဦးထုပ် (၇)လုံး၊ G-3 ကျည် (၁၉၀၈) တောင့် သိမ်းဆည်းရရှိခဲ့တယ်လည်း ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို နိုင်ငံတကာ စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူများအား စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်၍ စစ်တရားရုံးတင် စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်လို့ ပြည်သူ့ကာကွယ်ရေးစစ်ရုံးချုပ်က အသိပေးထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အနေဖြင့် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရမည့် သမိုင်းပေးတာဝန်ရှိသည်နှင့်အညီ အကြမ်းဖက်စကမအား အပြီးတိုင် ချေမှုန်းနိုင်ရေးအတွက် စစ်မျက်နှာအသီးသီးတွင် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။
