The Zoland Post | မေ ၇ ရက်၊ ၂၀၂၆

အကြမ်းဖက်စစ်တပ်ရဲ့ အမာခံဖြစ်သူ စစ်အုပ်စုရဲ့ ရွေးတုကိုယ်စားလှယ်ဘူးလက်လှဆွေက ရခိုင်ပြည်နယ်က မြို့ရွာတွေကို “ပြာပုံအတိ” ဖြစ်သွားအောင် ဗုံးကြဲဖို့နဲ့ တော်လှန်ရေးခေါင်းဆောင်တွေ ရှိနိုင်တဲ့နေရာတွေကို အဝကြဲပစ်ဖို့ ဗီဒီယိုဖိုင်တစ်ခုကနေတစ်ဆင့် ပြင်းပြင်းထန်ထန် ခြိမ်းခြောက်ပြောဆိုလိုက်တာပါ။
မေလ ၆ ရက်နေ့ ထွက်ပေါ်လာတဲ့ အဲဒီရုပ်သံဖိုင်ထဲမှာ ဘူးလက်လှဆွေက ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို ဗုံးကြဲနေတဲ့အကြောင်းကို အားရဝမ်းသာ ပြောဆိုထားတာပါ။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ကျောက်တော်၊ မြောက်ဦးနဲ့ ပလက်ဝဘက်တွေကို ပတ်ပြေးနေရပြီး သူရှိတဲ့နေရာကို ဒေသခံတွေက သတင်းပို့တာနဲ့ ဗုံးသွားကြဲတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဲဒီလို ဗုံးကြဲရာမှာလည်း တစ်စီးနှစ်စီးမဟုတ်ဘဲ “အဝကြဲတာ” လို့ သုံးနှုန်းပြောဆိုခဲ့ပြီး “အဲဒီထွန်းမြတ်နိုင်ကို လက်ခံမိတဲ့ မြို့ကတော့ ပြာပုံအတိ ဖြစ်သွားတာပေါ့” လို့ လူမဆန်စွာ ခြိမ်းခြောက်ထားတာကို တွေ့ရပါတယ်။
ဆွေးနွေးညှိနှိုင်းရေးနဲ့ ပတ်သက်လို့လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဗုံးကြဲနေရင် ဆွေးနွေးလို့မရဘူးလို့ ပြောတာကို ဘူးလက်လှဆွေက “ကျွန်တော်တို့က ဘာလို့ ဆွေးနွေးနေမှာလဲ၊ ဗုံးသာကြဲ” လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ဒေသက ဘာသာရေးနဲ့ ယတြာပိုင်းဆိုင်ရာ ယုံကြည်မှုတွေကိုလည်း ရိုင်းရိုင်းစိုင်းစိုင်း လှောင်ပြောင်သွားသလို တော်လှန်ရေးတပ်ဖွဲ့တွေ သုံးနေတဲ့ Starlink နည်းပညာတွေကိုလည်း လှောင်ပြောင်ပြောဆိုထားပါတယ်။
ရခိုင်ဒေသတင်မကဘဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကိုမင်းကိုနိုင်နဲ့ ဝန်ကြီး ဦးလွင်ကိုလတ်တို့ဟာ ပဲခူးတိုင်းထဲက ရွာတစ်ရွာမှာ တိုက်အိမ်တွေရှေ့ လမ်းလျှောက်နေတာကို သူသိတယ်လို့လည်း ဆိုပါတယ်။
“ထွန်းမြတ်နိုင်တောင် ပြေးနေရတာ၊ ဒီကောင်တွေက ပေါ်တင်ပဲ လမ်းလျှောက်ပြတယ်၊ ဒီကောင်ရှိတယ်ဆိုတာနဲ့ တိုက်ရိုက် ဗုံးကြဲပြီးသားပဲ” လို့ ပြောဆိုပြီး အဲဒီနေရာတွေကိုလည်း ဗုံးကြဲဖို့အတွက် လှုံ့ဆော် ခြိမ်းခြောက်ထားတာကို တွေ့ရပါတယ်။
လက်ရှိမှာ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်နဲ့ နိုင်ငံတစ်ဝန်းမှာ လေကြောင်းကနေ အရပ်သားတွေကိုပါ ပစ်မှတ်ထား ဗုံးကြဲနေချိန်မှာ ဘူးလက်လှဆွေရဲ့ အခုလို ခြိမ်းခြောက်မှုတွေဟာ စစ်ရာဇဝတ်မှုတွေကို ပေါ်ပေါ်ထင်ထင် ကျူးလွန်ဖို့ လှုံ့ဆော်နေတာဖြစ်တယ်လို့ သိရပါတယ်။
