The Zoland Post | မေ ၅ ရက်၊ ၂၀၂၆

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်ထဲက လယ်ကဆောမြို့နယ်ရဲ့ (၂) ကြိမ်မြောက် ကွန်ကရက်ကို ကော်သူးလေအုပ်ချုပ်နယ်မြေတစ်နေရာမှာ ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့အထိ ၅ ရက်ကြာ အောင်မြင်စွာ ကျင်းပပြီးစီးသွားခဲ့တယ်လို့ သိရပါတယ်။
ဒီကွန်ကရက်ကို လယ်ကဆောမြို့နယ်အတွင်းက ကျေးရွာအုပ်စုအသီးသီးက ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာနဲ့ တပ်ပိုင်းဆိုင်ရာ ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း (၈၁) ဦး တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ပြီးခဲ့တဲ့ ၄ နှစ်တာအတွင်း လုပ်ဆောင်ခဲ့တဲ့ မြို့နယ်အစီရင်ခံစာတွေနဲ့ ရှေ့ဆက်လုပ်မယ့် လုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ် အတည်ပြုခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီနောက်မှာတော့ မြို့နယ်အတွက် ခေါင်းဆောင်အသစ်တွေကို ရွေးချယ်ခဲ့ကြရာမှာ မြို့နယ်ဥက္ကဌအဖြစ် ပဒိုစောဆဲဂေး၊ ဒု-ဥက္ကဌအဖြစ် ဒုတိယဗိုလ်မှူးကြီး စောဒါးဘူး၊ အတွင်းရေးမှူးအဖြစ် ပဒိုနော်ဝါးဝါး နဲ့ တွဲဘက်အတွင်းရေးမှူးအဖြစ် ပဒိုစောစဲမာ တို့ကို ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ဒါ့အပြင် မြို့နယ်တရားသူကြီးအဖြစ် ပဒိုစောရိုစီ အပါအဝင် မြို့နယ်အမြဲတမ်းကော်မတီဝင် ၃၁ ဦးကိုလည်း ရွေးချယ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဌာနဆိုင်ရာအသီးသီးအတွက်လည်း တာဝန်ခံဌာနမှူး ၈ ဦးကို တစ်ပါတည်း ရွေးချယ်ပေးခဲ့ပါတယ်။ အဲဒီထဲမှာ ကျန်းမာရေးအတွက် ပဒိုစောကော်အား၊ ပညာရေးအတွက် ပဒိုစောနေးကလဲး၊ စိုက်ပျိုးရေးအတွက် ပဒိုစောကားကား နဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့အတွက် ဗိုလ်ကြီးစောပီ တို့ အပါအဝင် အခြားအရေးပါတဲ့ ဌာနမှူးတွေကိုလည်း တာဝန်ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကေအဲန်ယူအနေနဲ့ ကရင်အမျိုးသားတွေအပါအဝင် ဖိနှိပ်ခံနေရတဲ့ တိုင်းရင်းသားအားလုံး ဖက်ဒရယ်ဒီမိုကရေစီ အခွင့်အရေးတွေ အပြည့်အဝရရှိဖို့အတွက် တစ်စိုက်မတ်မတ် ကြိုးစားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
