The Zoland Post | မေ ၅၊ ၂၀၂၆

စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ မော်လူးမြို့ကို ဒီကနေ့ မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ မော်လူးမြို့ကို မြေပြင်အခြေအနေကိုသိရှိတဲ့ ဒေသကာကွယ်ရေးတပ်တွေနဲ့နီးစပ်သူက ပြောပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်အကြား ၄ ရက်ကြာအောင် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ တော်လှန်ရေးတပ်တွေဘက်က မြို့ကနေ ဆုတ်ခွာပေးလိုက်ရတာလို့ ဆိုပါတယ်။
ဒီကနေ့ မနက် ၄ နာရီကျော်ကတည်းက တိုက်ပွဲတွေက တော်တော်လေး ပြင်းထန်ခဲ့တာဖြစ်ပြီး မနက် ၉ နာရီခွဲလောက်မှာတော့ စစ်တပ်က မြို့အဝင်တံတားနားအထိ ရောက်လာတာကြောင့် တော်လှန်ရေးတပ်တွေ မြို့ထဲကနေ ထွက်ပေးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
လက်ရှိမှာတော့ စစ်တပ်က မြို့ထဲကို ဝင်ရောက်နေရာယူထားပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ဆိုပါတယ်။
စစ်တပ်ဘက်က အခုလို မော်လူးမြို့ကို ပြန်သိမ်းနိုင်ဖို့အတွက် ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ကတည်းက အင်းတော်မြို့ကို အင်အားအလုံးအရင်းနဲ့ အရင်စီးနင်းခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဲဒီနောက်ပိုင်း မေလ ၂ ရက်နေ့မှာတော့ လူအင်အား ရာနဲ့ချီရုံတင်မကဘဲ လက်နက်ကြီးတွေ၊ ဒရုန်းတွေ အမြောက်အမြားသုံးပြီး မော်လူးမြို့ဘက်ကို စစ်ကြောင်းထိုး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မော်လူးမြို့ဟာ ကချင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားခဲ့တာပါ။ အခုဆိုရင် နှစ်နှစ်ကျော်ကြာမှ စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။
စစ်တပ်က အခုလို အင်းတော်နဲ့ မော်လူးမြို့တွေကို ပြန်သိမ်းလိုက်နိုင်တာကြောင့် ရွှေဘို-မြစ်ကြီးနား လမ်းမကြီးကို သူတို့က အပြည့်အဝ ပြန်စိုးမိုးဖို့ ကြိုးစားလာနေပါတယ်။
အခုလည်း မော်လူးကနေတစ်ဆင့် မြောက်ဘက် ၆ မိုင်လောက်အကွာမှာရှိတဲ့ နန့်စီးအောင်မြို့ဘက်ကို စစ်တပ်က ဆက်ထွက်မယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ဒေသခံပြည်သူများ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
