The Zoland Post | မေ ၅ ရက်၊ ၂၀၂၆

အိန္ဒိယရေတပ်ဦးစီးချုပ် အဒ်မီရယ် ဒီနေရှ် ကေ တရီပါသီ (Admiral Dinesh Kumar Tripathi) ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး နှစ်နိုင်ငံ ရေတပ်အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့အတွက် စစ်ကောင်စီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်အတွင်းမှာ အိန္ဒိယဘက်ကနေ စစ်ဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေကိုလည်း လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
အိန္ဒိယရေတပ်ဦးစီးချုပ်ဟာ မေလ ၁ ရက်နေ့ကတည်းက လေကြောင်းနဲ့ ရောက်ရှိနေတာဖြစ်ပြီး မေလ ၄ ရက်နေ့မှာတော့ အိန္ဒိယစစ်ရေယာဉ် INS Satpura နဲ့ INS Sunayna တို့ဟာ စစ်သည် ၅၂၇ ဦးနဲ့အတူ ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယရေချုပ်ဟာ နေပြည်တော်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းလေ့ကျင့်မှုတွေအပြင် နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်တပ်ထိန်းချုပ် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
ဒီခရီးစဉ်မှာ အိန္ဒိယအစိုးရက ပံ့ပိုးပေးတဲ့ သင်္ဘောအသုံးအဆောင် ပစ္စည်းတွေနဲ့ ကမ်းရိုးတန်း လုံခြုံရေးအတွက် အသုံးပြုနိုင်တဲ့ ကိရိယာတွေကို မြန်မာရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ဘင်္ဂလားပင်လယ်အော်အတွင်း လုံခြုံရေးကို အားကောင်းစေဖို့နဲ့ အိန္ဒိယရဲ့ “Act East” မူဝါဒအရ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ခေါင်းဆောင်က သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလ ပထမပတ်အတွင်းမှာ အိန္ဒိယသာမက တရုတ်၊ ရုရှား၊ ပါကစ္စတန်၊ ထိုင်းနဲ့ ကာတာနိုင်ငံတို့က ကိုယ်စားလှယ်တွေ၊ သံအမတ်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ သိသိသာသာ များပြားလာတာကို တွေ့ရပါတယ်။ မေလ ၄ ရက်နေ့မှာပဲ ပါကစ္စတန်သံအမတ်က ဒုသမ္မတတွေနဲ့ တွေ့ဆုံခဲ့သလို ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာရောက်ခဲ့ပြီး နယ်စပ်တည်ငြိမ်ရေးနဲ့ မြစ်ဆုံစီမံကိန်း အကောင်အထည်ဖော်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အတူ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းဖို့ ဆွေးနွေးခဲ့သလို၊ ရုရှားနိုင်ငံနဲ့လည်း လျှပ်စစ်၊ စွမ်းအင်နဲ့ ခရီးသွားလုပ်ငန်းတွေ တိုးမြှင့်ဖို့အတွက် သီးခြားစီ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ စစ်အုပ်စုအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ အထီးကျန်နေမှုကို ကျော်လွှားနိုင်ဖို့ အိမ်နီးချင်း အာရှနိုင်ငံတွေနဲ့ ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။
