The Zoland Post | မေ ၅ ရက်၊ ၂၀၂၆

ဒီကနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၅ ရက်နေ့ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို စတင်မျိုးစေ့ချ တည်ထောင်ခဲ့တဲ့ (၅) နှစ်ပြည့်မြောက်တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါတယ်။ ဒီနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တော်လှန်ရေးရဲဘော်တွေနဲ့ ပြည်သူတွေအတွက် အားတက်စရာ မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ်က အရင်တုန်းက တူမီးသေနတ်တွေ၊ လက်လုပ်သေနတ်တွေနဲ့ ခက်ခက်ခဲခဲ စတင်ခဲ့ရတဲ့ ပြည်သူ့ခုခံစစ်ဟာ အခုဆိုရင်တော့ ခေတ်မီလက်နက်တွေ၊ စစ်ရေးဗျူဟာတွေနဲ့ စနစ်တကျ ဖွဲ့စည်းထားတဲ့ တိုက်ခိုက်ရေးစွမ်းရည်ထက်မြက်တဲ့ တပ်မတော်ကြီးအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နေပြီလို့ ဂုဏ်ယူစွာ ပြောခဲ့ပါတယ်။ ဒါ့အပြင် တိုင်းရင်းသား မဟာမိတ်တွေနဲ့ လက်တွဲပြီး စစ်ကောင်စီရဲ့ အရေးပါတဲ့ စခန်းတွေနဲ့ မြို့ရွာတွေကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် အခုဆိုရင် ခုခံစစ်ကနေ တန်ပြန်ထိုးစစ်အထိ အောင်အောင်မြင်မြင် ကူးပြောင်းနိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။
တော်လှန်ရေးခရီးဟာ ခဏလေးနဲ့ ပြီးသွားမယ့် အပြေးပြိုင်ပွဲမဟုတ်ဘဲ ခရီးရှည်ကြီးဖြစ်လို့ ပင်ပန်းလာရင် ခဏနားနိုင်ပေမယ့် လမ်းဆုံးအထိတော့ ဆက်လျှောက်ကြဖို့ ဝန်ကြီးချုပ်က တိုက်တွန်းထားပါတယ်။ “ဘယ်သူက ပိုပြီး ဇွဲရှိမလဲ” ဆိုတာကပဲ အောင်ပွဲအတွက် အဓိကအဆုံးအဖြတ် ဖြစ်လာမှာပါလို့လည်း ပြောပါတယ်။ စစ်ရေးအရ လိုအပ်လို့ ခဏဆုတ်ပေးရတာမျိုး ရှိခဲ့ရင်လည်း ဒါဟာ ရန်သူကို ကြောက်လို့မဟုတ်ဘဲ ပြည်သူကို မျက်နှာမူတဲ့ ဆုံးဖြတ်ချက်တွေဖြစ်လို့ စိတ်ဓာတ်မကျဘဲ ရှေ့ဆက်ကြဖို့ မှာကြားခဲ့ပါတယ်။
အရေးကြီးတဲ့ အချက်အနေနဲ့ကတော့ ရဲဘော်တွေဟာ “ကျင့်ဝတ်” ကို တိတိကျကျ စောင့်ထိန်းကြဖို့ပါပဲ။ ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်၊ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အလေးထားရမယ်၊ စစ်သုံ့ပန်းတွေကိုလည်း လူသားဆန်စွာ ဆက်ဆံရမယ်လို့ ဝန်ကြီးချုပ်က အလေးအနက် ပြောကြားခဲ့ပါတယ်။ တပ်တစ်ခုရဲ့ အင်အားဟာ လက်နက်ထက် ကျင့်ဝတ်စောင့်ထိန်းမှုအပေါ်မှာ ပိုပြီး မူတည်တယ်လို့လည်း ဆိုပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့ အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အားလုံး မျှော်လင့်နေတဲ့ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု” ကြီးကို မကြာမီကာလမှာ မလွဲမသွေ တည်ဆောက်နိုင်တော့မယ်လို့ အပြည့်အဝ ယုံကြည်ကြောင်းနဲ့ အောင်ပွဲဆီကို အတူတူ ဆက်ပြီး ချီတက်ကြပါစို့လို့ ဝန်ကြီးချုပ်က တိုက်တွန်း ပြောကြားထားတယ်လို့ သိရပါတယ်။
Source: NUG Myanmar
